လင်းပိုင်နှင့် အခြား တိရစ္ဆာန်များ၏ သဘာဝဖြင့် ကုစားမှုများ အကြောင်း

Article Nature

ပင်လယ်နီရှိ လင်းပိုင်တွေဟာ အချို့သော သန္တာကျောက်တန်းများနှင့် ရေမြှုပ်များကို မကြာခဏ ပွတ်တိုက်လေ့ရှိပြီး ၎င်းတို့မှတစ်ဆင့် ကျောရိုးမဲ့ တိရစ္ဆာန်များကို ပိုးသတ်ဆေးများ ပါဝင်သော ချွဲသလိပ်များ ထွက်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။

ထွက်လာတဲ့ အကျိအချွဲတွေဟာ ၎င်းတို့ရဲ့ အရေပြားကို ချောမွေ့စေတယ်ဟု သုတေသီများက သတိပြုမိခဲ့ကြပါတယ်။

ချင်ပန်ဇီတွေဟာ ကပ်ပါးပိုးများကို သုတ်သင်ဖို့ သို့မဟုတ် ဖယ်ရှားဖို့ အပင်များကို စားသုံးလေ့ရှိပါတယ်။

ပုရွက်ဆိတ်တွေဟာ ၎င်းတို့ရဲ့အသိုက်ထဲသို့ အစေးထည့်ခြင်းဖြင့် ရောဂါပိုးမွှားများကို ဖယ်ရှားလေ့ရှိပါတယ်။

မက္ကဆီကိုရှိ ငှက်မျိုးစိတ်အမျိုးမျိုးကလည်း မှက်ပိုးမွှားများကို ကာကွယ်ဖို့ စီးကရက်ဘူးများကို ၎င်းတို့ရဲ့ အသိုက်များတွင် ထဲ့သွင်း တည်ဆောက်ကြပါတယ်။

Capuchin မျောက်တွေဟာ ပိုးနသန်ကောင်တွေကို ကိုက်ပြီး ၎င်းတို့ရဲ့ သားမွေးအတွင်းသို့ အဆိပ်အတောက်များကို ပွတ်သပ်ကာ ခြင်များကို ဝေးဝေးပြေးစေပါတယ်။

တိရစ္ဆာန်လောကဟာ အပင်နှင့် အခြားတိရစ္ဆာန်များကို ဆေးဖက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုဖို့အတွက် မွေးရာပါ သို့မဟုတ် ဗီဇအရ သိကြပါတယ်။

မေလ ၁၉ ရက် တွင် iScience တွင်ထုတ်ဝေသည့် သုတေသနပြုချက်အရ လင်းပိုင်တွေကလည်း သန္တာကျောက်တန်း အ ကျိအချွဲတွေကို ဆေးဝါးသဖွယ် အသုံးပြုလေ့ရှိတာကို တွေ့ခဲ့ရပါတယ်။

လင်းပိုင်အုပ် တအုပ်

လေ့လာမှုအရ အင်ဒို-ပစိဖိတ် bottlenose လင်းပိုင် (Tursiops aduncus) တွေဟာ သီးခြားသန္တာကျောက်တန်းများနှင့် ပင်လယ်ရေမြှုပ်များကို အထပ်ထပ်အခါခါ ပွတ်တိုက်တဲ့အခါ ကျောရိုးမဲ့ သတ္တဝါများမှ ထွက်လာတဲ့ ပိုးသတ်ဆေး၊ ဟော် မုန်းဓာတ် နှင့် cytotoxic ဂုဏ်သတ္တိများပါဝင်တဲ့ ဇီဝကမ္မဗေဒဆိုင်ရာ ဒြပ်ပေါင်းများ အစုံအလင်ပါရှိသော အချွဲများကို အသုံးပြုကြပါတယ်။

သုတေသီများဟာ လင်းပိုင်တွေက အရေပြားအခြေအနေများ သို့မဟုတ် ရောဂါပိုးများကို ကုသဖို့အတွက် သက်ရှိများကို အသုံးပြုဖို့ သင်ယူခဲ့ကြောင်း ခြုံငုံသုံးသပ်ကြပါတယ်။

Zurich တက္ကသိုလ်မှ တောရိုင်းတိရိစ္ဆာန်ဇီဝဗေဒပညာရှင် Angela Ziltener က 2009 တုန်းကလင်းပိုင်​တွေကို စတင်ကြည့်ရှုလေ့လာခဲ့ပါတယ်။ လင်းပိုင်တွေဟာ သူမရဲ့ရှေ့မှောက်မှာပဲ သာမန်ဟုထင်ရသော အမူအကျင့်များကို ထိတွေ့ဆက်ဆံကြပါတယ်။

Ziltener ရဲ့ ပြောကြားချက်အရ လင်းပိုင်တွေဟာ သန္တာနှင့် ရေမြှုပ်အမျိုးအစားများကို ပွတ်တိုက်လေ့ရှိတာကို သတိပြုမိပြီး ဘာတွေဖြစ်နေသလဲဆိုတာကို စူးစမ်းလေ့လာခဲ့ပါတယ်။

Ziltener ဟာ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းကာ gorgonian သန္တာကျောက်တန်းများ (Rumphella aggregate)၊ leather သန္တာကျောက်တန်း (Sarcophyton sp.) နှင့် ရေမြှုပ် (Ircinia sp.) တို့မှ ဇီဝကမ္မဗေဒဆိုင်ရာ ဒြပ်ပေါင်းများကို အသေးစိတ် ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်းအတွက် ဂျာမနီနိုင်ငံရှိ Justus-Liebig တက္ကသိုလ် မှ ခွဲခြမ်းစိတ်ဖြာ ဓာတုဗေဒပညာရှင် Gertrud Morlock ဟာ အဖွဲ့မှ ယူခွင့်ပြုထားသည့် သန္တာနှင့် ရေမြှုပ်တွေကို လေ့လာမှုတွေလုပ်ခဲ့ပါတယ်။

Morlock ဟာ ကန့်သတ်နမူနာတစ်ခုစီရဲ့ ဂုဏ်သတ္တိများကို ခွဲခြမ်းစိတ်ဖြာမှု များစွာပြုလုပ်နိုင်စေဖို့ သီးခြားစီ လေ့လာခဲ့ပါတယ်။

သန္တာပင်နှင့် ပွတ်သပ်နေသည့် လင်းပိုင်တကောင် Image: Courtesy of ANGELA ZILTENER Via The Scientist

Morlock က “ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းများရဲ့အကျိုးသက်ရောက်မှုများအပေါ် ကျယ်ပြန့်သောအမြင်ကို လိုချင်တာကြောင့် မတူညီတဲ့ စစ်ဆေးမှုဆယ်ခုကို အသုံးပြုခဲ့တယ် ” ဟု ဆိုပါတယ်။

အဖွဲ့ဟာ နမူနာများတွင် မတူညီသော metabolites 17 ခုကို တွေ့ရှိခဲ့ပြီး ၎င်းတို့ဟာ ကျောရိုးမဲ့သတ္တဝါများရဲ့ အချွဲထဲတွင် ပါဝင်တယ်ဟု ဆိုပါတယ်။

မျိုးစိတ်သုံးမျိုးလုံးမှ နမူနာများတွင် ဘက်တီးရီးယားပိုးမွှားများပါ၀င်ပြီး leather သန္တာတွင်လည်း ဟော်မုန်းအချို့ပါဝင်တာကို တွေ့ရပါတယ်။

သို့ပေမည့် Ziltener က အဆိုပါ ဒြပ်ပေါင်းတွေဟာ လင်းပိုင်များကို ကုစားဖို့ သို့မဟုတ် ကြိုတင်ကာကွယ်မှု အဖြစ် အ ထောက်အကူဖြစ်စေကြောင်း အထောက်အထားမရှိတဲ့အတွက်ကြောင့် ၎င်းတို့တွင် တိရိစ္ဆာန်များကို ကိုယ်တိုင် ဆေးဝါးအသုံးပြုတယ်ဟု အတိအကျ မယူဆနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဖြေကိုရှာဖွေဖို့ လင်းပိုင်များမှ အရေပြား နမူနာများ ရယူခြင်းကလည်း လင်းပိုင်များ ကို ကာကွယ်သည့် စည်းမျဉ်းများအောက်မှာ မဖြစ်နိုင်သေးပါဘူး။

လေ့လာမှုအသစ်နှင့်ပတ်သက်၍ The Scientist နှင့် ဆွေးနွေးခဲ့သော တိရစ္ဆာန် ဆေးဝါး ကျွမ်းကျင်သူများကလည်း ဆေးဝါးအထောက်အထား မခိုင်လုံကြောင်း Ziltener နှင့်အတူ သဘောတူကြပါတယ်။

Emory University မှ ဇီဝဗေဒပညာရှင် Jaap de Roode က တိရိစ္ဆာန်များ ကိုယ်တိုင် ဆေးဝါး အသုံးပြုခြင်းဆိုင်ရာ စာ အုပ်တစ်အုပ်ကို ရေးသားနေပြီး အဆိုပါစာအုပ်တွင် လင်းပိုင်များက သန္တာကျောက်တန်းမှ ဆေးဘက်ဆိုင်ရာ အကျိုး ကျေး ဇူးများ အမှန်တကယ် ရရှိကြောင်း မဖော်ပြထားတာကို တွေ့ရပါတယ်။

သို့ပေမဲ့ ဖော်ထုတ်နိုင်ခဲ့တဲ့ ဘက်တီးရီးယား ပိုးသတ်ဆေးအချို့ကို သီအိုရီအရ ဖြစ်နိုင်ချေရှိသော လက်တွေ့ အသုံးချမှုအတွက် စူးစမ်းလေ့လာနိုင်တယ်ဟု ၎င်းက ထပ်လောင်းပြောပါတယ်။

လင်းပိုင်အုပ် တအုပ်

Wesleyan University မှ ဇီဝဗေဒပညာရှင် Michael Singer ကတော့ တိရစ္ဆာန်တွေအနေနဲ့ မိမိဘာသာ ဆေးဝါးအသုံးပြုခြင်းဟာ ဖြစ်နိုင်ချေရှိကြောင်း သဘောတူသော်လည်း လင်းပိုင်များဟာ ယားယံခြင်း သို့မဟုတ် ၎င်းတို့ရဲ့ အသွင်အပြင် သို့ မဟုတ် အနံ့ကို ဖုံးကွယ်ဖို့ အကျိအချွဲတွေကို အသုံးပြုခြင်းရဲ့ အခြား ဖြစ်နိုင်ချေများကို အကြံပြုထားပါတယ်။

Ziltener တက္ကသိုလ်၏ နောက်ဆုံး သုံးသပ်မှုကတော့ လင်းပိုင်များ သန္တာကျောက်နှင့် ရေမြှုပ်များကို အသုံးချခြင်းဟာ သင် ခန်းစာယူစရာ အမူအကျင့်တစ်ခုဖြစ်တယ်ဟု ဆိုပါတယ်။

မွေးကင်းစ လင်းပိုင်ငယ်လေးတွေကလည်း အရွယ်ရောက်ပြီး လင်းပိုင်များကဲ့သို့ သန္တာ ကျောက်တန်းများကို အထပ်ထပ်အခါခါ ကူးခတ်ပွတ်တိုက်တက်ကြပြီး တခါတရံ ရေမြှုပ်များကို ပါးစပ်ထဲတွင် ဖမ်းဆုပ်လှုပ်ယမ်းကာ ၎င်းတို့ရဲ့ မျက်နှာ များကို ဇီဝကမ္မဆိုင်ရာ အချွဲများအဖြစ် ဖုံးအုပ်ထားတက်ကြပါတယ်။

ဒါ့အပြင် ၎င်းတို့ရဲ့ဆူးတောင်များနှင့် ခန္ဓာကိုယ်များကို သန္တာကျောက်တန်းများပေါ်ဖိကာ ပွတ်တိုက်တက်ကြပါတယ်။

သင်ယူလေ့လာထားသော ကိုယ်တိုင် ဆေးဝါးအသုံးပြုခြင်းဟာ ဉာဏ်ရည်ထက်မြက်သော တိရိစ္ဆာန်များကြားတွင် အဖြစ်များကြောင်း ဆွီဒင်နိုင်ငံ Lund တက္ကသိုလ်မှ ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင် Jessica Abbott က ဆိုပါတယ်။

Abbott က ကမ္ဘာတစ်ဝှမ်းရှိ လင်းပိုင်တွေဟာ အလားတူအပြုအမူမျိုးတွင် ပါဝင်မှုရှိမရှိကို သိရှိလိုကြောင်း၊ တိရစ္ဆာန်တွေ ဆေးဝါးအသုံးပြုခြင်းဖြစ်စဉ်ဟာ အထူးသဖြင့် ကုန်းနေသက်ရှိများတွင် သာဓကအများစုဖြစ်ပွားရခြင်းအတွက် ပီတိဖြစ်မိကြောင်း ဆိုပါတယ်။

“လေ့လာမှုနယ်ပယ်တွေ ကြီးထွားလာတာနဲ့အမျှ လူတွေက တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာ ဒီလိုအပြုအမူတွေကို ပုံစံအမျိုးမျိုးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလာကြတာ စိတ်လှုပ်ရှားစရာကောင်းတယ် ” လို့ De Roode ကပြောပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 25/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *