မျက်လုံးတဖက်ဖွင့် အိပ်ရတဲ့ လင်းပိုင်များ၏ ထူးခြားမှုများ

Nature Science

မျက်လုံး တဖက်ဖွင့်ပြီး အိပ်စက်ခြင်း အကြောင်းကို ကြားဖူးကြမယ်ဆိုရင် အဲဒါဟာ လင်းပိုင်တွေ ပြုလေ့ပြုထ ရှိတဲ့ အကျင့်တခုဖြစ်တဲ့ အကြောင်းနဲ့ အဲဒီလို အိပ်စက်ရတဲ့ အကြောင်းအရင်းကို ဖော်ပြပေးချင်ပါတယ်။

လင်းပိုင်များဟာ အိပ်စက်နေချိန်မှာ ၎င်းတို့၏ ဦးနှောက်တခြမ်းက နိုးထနေပြီး အန္တရာယ်ကို စောင့်ကြည့်ဖို့နှင့် ရေပြင်ပေါ် အသက်ရှုဖို့ တက်ရန်အတွက် ဆန့်ကျင်ဘက် မျက်လုံးဟာပွင့်နေလေ့ ရှိပါတယ်။

ဘယ်ဘက် ဦးနှောက်နိုးကြားနေရင် ညာဘက် မျက်လုံးဟာ နိုးကြားနေပြီး ညာဘက် ဦးနှောက်နိုးကြားနေရင် ဘယ်ဘက် မျက်လုံးက နိုးကြား နေလေ့ရှိပါတယ်။

အကြောင်းကတော့ ဦးနှောက်တွေရဲ့ အခြမ်းတွေဟာ ၎င်းတို့၏ ဆန့်ကျင်ဘက်ရှိ အင်္ဂါ အစိတ်အပိုင်းများ ထိန်းချုပ် ကြတာ ဖြစ်လို့ ဖြစ်ပါတယ်။

လင်းပိုင်တွေဟာ ၂ နာရီခြားပြီး ဦးနှောက်ကို တခြမ်းစီ အနားပေးပြီးတဲ့ နောက်မှာတော့ ၎င်းတို့၏ ဦးနှောက်တခုလုံးဟာ အပြည့်အဝ အနားယူပြီး ဖြစ်သွားပါတယ်။

ဒီလိုဖြစ်စဉ်ကို cat-napping သို့မဟုတ် “ကြောင်မှိန်းမှိန်းတယ်” လို့ မြန်မာလို‌ခေါ်ဆိုလို့ ရနိုင်ပါတယ်။

လူတွေဟာ ရှည်လျားစွာ သတိလက်လွတ် အိပ်ပျော်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်မိဘဲ အသက်ရှူ စနစ်ကလည်း အလိုအလျှောက် အလုပ်လုပ်ပေးပါတယ်။

လင်းပိုင်တွေမှာတော့ အသိစိတ်ဖြင့် အသက်ရှူရသည့် စနစ်ရှိတဲ့အတွက် ၎င်းတို့ အသက်ရှူနိုင်ဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်းတခုကို နိုးကြားနေဖို့ လိုအပ်ပါတယ်။

ရေမွမ်းတာကို မဖြစ်စေဖို့ ၎င်းတို့ဟာ blowhole လို့ခေါ်တဲ့ အသံ ပြုလုပ်ရန် နှင့် အသက်ရှုရန် အဖွင့်အပိတ် လုပ်နိုင်တဲ့ အပေါက်ကို ထိန်း ချုပ်ဖို့ရာ လိုအပ်ပါတယ်။

လင်းပိုင်များဟာ ရေထဲတွင် အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ၊ အခြား လင်းပိုင်များနှင့် ဖြေးညှင်းစွာ ကူးခတ်နေချိန်တွင် ဖြစ်စေ ငိုက်မျဉ်းနေလေ့ ရှိပါတယ်။

သူတို့ဟာ ရေမျက်နှာပြင်ပေါ်မှာ သစ်တုံးတတုံး ကဲ့သို့ မျောပါရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အချိန်တွေလဲ ရှိပြီး အဲဒီ့ ဖြစ်စဉ်ကို Logging လို့ ခေါ်ပါတယ်။

သာမန် လူတယောက်ရဲ့ အသက်ရှူနှုန်းဟာ တမိနစ်လျှင် ၁၂ ကြိမ်မှ အကြိမ် ၂၀ လောက်သာ ရှိပါတယ်။

ဒါပေမယ့် လင်းပိုင်များကတော့ လူတွေထက်ပိုမို ကြီးမားစွာ ရှူသွင်းလေ့ရှိပြီး ၎င်းတို့ရဲ့ သွေးနီဥများဟာ အောက်စီဂျင်ကို ပိုမို သယ်ဆောင်နိုင်တဲ့အတွက် မကြာခဏ အသက်ရှူစရာ မလိုအပ်ပါဘူး။

ဥပမာအားဖြင့် ပြောရရင် Bottlenose လင်းပိုင်မျိုးများဟာ တခါအသက်ရှူပြီးပါက ရေအောက်တွင် ၁၀ မိနစ်လောက်အထိ နေနိုင်ကြပါတယ်။

လင်းပိုင်ငယ် လေးများဟာ အစာ စားသောက်ခြင်း နှင့် အိပ်စက်ခြင်းများကို ၎င်းတို့၏ မိခင်ရဲ့ ရှေ့မှ သွားထားတဲ့ ရေစီးကြောင်း ဂယက် နောက် မှ လိုက်ကာ စွမ်းအင်သိပ် သုံးစွဲစရာမလိုဘဲ မိခင်ရဲ့ အမြန်နှုန်းအတိုင်း သွားလာရင်း ပြုလုပ်နိုင်ကြပါတယ်။

မိခင်ဖြစ်တဲ့ လင်းပိုင်မကြီးဟာ ကလေးမွေးဖွားပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရေထဲတွင် သွားလာခြင်းကို ရပ်တန့်လို့မရပါဘူး။

အကြောင်းကတော့ သူမ သွားလာတာ ရပ်သွားပါက ရေစီးကြောင်းဂယက်ဟာ ရပ်တန့်သွားမှာ ဖြစ်ပြီး ကလေးကို ရေနစ်သွားစေနိုင်လို့ ဖြစ်ပါတယ်။

ကောင်းတဲ့အချက်ကတော့ လင်းပိုင်မိခင်ဟာ သွားလာ ကူးခတ်ရင်း အိပ်လို့ရတာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.