တခါတလေမှာ အခန်းထဲကို ဘာလုပ်ဖို့လာတာပါလိမ့် ဆိုပြီး စဥ်းစားမရ ဖြစ်နေတတ်ပါတယ်။
သိမြင်မှုဆိုင်ရာ အာရုံကြောသိပ္ပံ ပညာရှင်ဒေါက်တာ Christian Jarrett က ကျွန်ုပ်တို့၏ မှတ်ဥာဏ်များဟာ ‘တံခါးပေါက် သက်ရောက်မှု (doorway effect) ကို ခုခံနိုင်မှုနည်းခြင်းနဲ့ပတ်သက်ပြီး ရှင်းပြထားပါတယ်။
တံခါးပေါက် သက်ရောက်မှု ” doorway effect ” ဆိုတာကတော့ ကျွန်ုပ်တို့ဟာ အခန်းတစ်ခုထဲကို ဝင်ရောက်လာပြီးနောက် ငါဘာ့ကြောင့် ဒီထဲကို ဝင်လာရတာလဲ ဆိုတာကို ရုတ်တရက် သတိမရတာပါ။
ဒီလိုအမြဲတမ်းဖြစ်တာက ကျွန်ုပ်တို့အတွက် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
၂၀၀၆ ခုနှစ်မှစ၍ Indiana ရှိ Notre Dame တက္ကသိုလ်မှ ပညာရှင်များက “တံခါးပေါက် သက်ရောက်မှု” ဘယ်လိုဖြစ်လာသလဲဆိုတာ စုံစမ်း လေ့လာခဲ့ပါတယ်။ လေ့လာမှုတစ်ခုတွင် သူတို့သည် virtual reality setup ကိုသုံးခဲ့ပြီး ဒီအကြောင်းကို ပြသရန်ဖြစ်ပါတယ်။
အဲဒါကတော့ လေ့လာမှုမှာ စမ်းသပ်ခံအဖြစ်ပါဝင်ခဲ့တဲ့ သူတွေရဲ့ (အခန်းတခန်းခန်းထဲက ဘာပစ္စည်းတွေရှိလဲဆိုတဲ့) မှတ်ဥာဏ် ဟာ တံခါး ပေါက်ကိုဖြတ်၍ အခြားအခန်းတစ်ခုသို့ ၀င်လာစဉ်မှာပဲ ယင်းမှတ်ဥာဏ်ဟာ ပျောက်ကွယ်သွားတဲ့အကြောင်းဖြစ်ပါတယ်။ ( သေချာဂရုစိုက်မမှတ်ခဲ့တော့ ပြန်မေးရင်မရတော့ဘူးပေါ့ဗျာ)
သုတေသီများရဲ့ ရှင်းလင်းချက်ကို အပိုင်းသုံးပိုင်းဖြင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။
(၁) ကျွန်ုပ်တို့ရဲ့ မှတ်ဥာဏ်တွေကို ဖြစ်စဥ် ဖြစ်ရပ်တခုချင်း ဆီ အနေနဲ့ ဇာတ်လမ်းတွဲတွေလိုပဲ အပိုင်းလေးတွေ (episode) အဖြစ် ခွဲထားပါတယ်။
(၂) ပြီးသွားခဲ့တဲ့ အစောပိုင်းဖြစ်ရပ်တွေကို မှတ်မိဖို့ ပြန်စဥ်းစားတဲ့အခါ ပိုမိုခက်ခဲတာကို တွေရပါလိမ့်မယ်။
(၃) ဒါကြောင်းနှိုင်းယှဥ်စဥ်းစားကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ အခန်းတံခါးပေါက်ကို ဖြတ်သွားတယ်ဆိုတာလဲ ဖြစ်စဥ် အသစ်တခု ဖြစ်ရပ်အသစ်တခုကို ရောက်သွားတာ နဲ့ တူတူပါပဲ။
ဤရလဒ်များက ဘာကို ဖော်ပြနေလဲဆိုရင် ကျွန်ုပ်တို့၏ ဦးနှောက်အပေါ် တံခါးပေါက်သက်ရောက်မှုများနှင့် ပတ်သက်ပြီး မှော်ဆန်ဆန် ထူးခြားတဲ့ အရာတစ်ခုရှိနေတယ် ဆိုတာပါပဲ။
သို့သော် Queensland တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့က ယင်းနဲ့ အနည်းငယ်ကွဲပြားတဲ့ တွေ့ရှိမှုတခုကို ဖော်ပြခဲ့ပါတယ်။ တူညီပြီးဆက်စပ်နေတဲ့ ဖြစ်ရပ်တွေ တခုကနေတခု ပြောင်းလဲလုပ်ဆောင်တဲ့အခါ မှာတော့အများအားဖြင့်မှတ်ဥာဏ်ကိုမထိခိုက်စေနိုင်ပါဘူး။
ဘာလို့လဲဆိုတော့ ဖြစ်ရပ်တွေဟာ တခုနဲ့တခုဆက်စပ်နေတဲ့အတွက် ယင်းတို့ကြားမှာ သိသာထင်ရှားတဲ့ အနေအထားပြောင်းလဲမှု မရှိပါဘူး။
ဒါပေမယ့် မေ့သွားတဲ့အခါတော့ ရှိပါတယ်။ သုတေသီတွေက သူတို့လေ့လာမှုမှာ ပါဝင်တဲ့ သူတွေကို ပုံစံတူ အခန်းတွေကို ဖြတ်နေစဥ်မှာပဲ တစ်ပြိုင်နက်တည်းဆင့်ပွားအလုပ်တစ်ခုနဲ့အာရုံလွဲစေတဲ့အခါမှာတော့ မှတ်ဥာဏ်ကိုထိခိုက်စေပါတယ်။
Queensland အဖွဲ့ပြောကြားခဲ့တာကတော့ “ယင်းဖြစ်စဥ်မျိုးကို ကျွန်တော်တို့ နေ့စဥ် ဘဝမှာကြုံတွေ့ရပါတယ်။ ကျွန်ုပ်တို့ အတွေးကို တခုခုက နှောက်ယှက်လိုက်တဲ့အခါ အာရုံပျံ့လွင့်နေတဲ့အခါ အခန်းထဲကိုဘာကြောင့်လာတာပါလိမ့် ဘာလုပ်ဖို့ လာတာပါလိမ့်ဆိုပြီး မေ့သွားတတ်ကြပါတယ်။
ဒါဟာ အနေအထား ပြောင်းလဲသွားလို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိုင်ရာက ထလိုက်တာပဲဖြစ်ဖြစ် တနေရာကနေ တနေရာကို သွားလိုက်တာပဲဖြစ်ဖြစ် ဖြစ်ရပ်တခုပြောင်းသွားတဲ့အတွက် ကျွန်ုပ်တို့ဟာ မထခင် မသွားခင်က စဥ်းစားလိုက်တဲ့ အရာတွေကို မေ့သွားတာပေါ့။
ပြန်စဥ်းစားလို့ မရတာပေါ့။ ဒါမှမဟုတ် အကြာကြီးပြန်စဥ်းစားမှ သတိရတာမျိုးလည်း ရှိတာပေါ့။ စာကျက်ရင်လည်း လက်ရေးတမျိုးကနေ နောက်လက်ရေးတမျိုးနဲ့ ပြောင်းရေးထားတဲ့ စာဆိုရင် ကျက်ရတာ ပိုခက်တယ်ဗျ။
Queensland တက္ကသိုလ်ရဲ့ တွေ့ရှိမှု ရလာဒ်သစ်များဟာ ထိရောက်အားကောင်းသောကုထုံးကိုညွှန်းဆိုပြသနေပါတယ်။
သင်အလုပ်တစ်ခုခုလုပ်ဖို့ ထလိုက်တဲ့အခါ (သို့) တခုခု သွားယူမယ်ဆိုပြီး အနေအထားတခုခု ပြောင်းလိုက်တဲ့အခါ သင်၏ရည်ရွယ်ချက်ပေါ်တွင်အာရုံစိုက်ရန်ကြိုးစားပါ။ ဒါမှ မရဘူး မေ့တတ်သေးတယ် ဆိုရင်တော့ လက်ဝါးလေးပေါ် ရေးမှတ်ထားဖို့ လိုမယ်နော်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။