NASA မှ ဂြိုဟ်သိမ်တခုကို လမ်းကြောင်း လွှဲရန် အာကာသယာဉ် လွှတ်တင်ထားသည့် အကြောင်း

News Science

၂၀၂၁ ခုနှစ် မတ်လတုန်းက တမိုင်၏ ၄ ပုံတပုံခန့်ရှိတဲ့ ဂြိုဟ်သိမ်တခုဟာ တနာရီလျှင် ၇၇,၀၀၀ မိုင် အမြန်နှုန်းဖြင့် ကမ္ဘာအနီးမှ ဖြတ်သန်းသွားခဲ့ပါတယ်။

အကွာအဝေးဟာ ကမ္ဘာမှ လ အကွာအဝေး၏ ၅ ဆ လောက်ရှိပေမယ့် နေအဖွဲ့အစည်း အရွယ်အစား တခုလုံးနှင့် ယှဉ်ကြည့်ပါက အတော်နီးကပ်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်။

ကြိုတင် တွက်ချက်လို့ရသလောက် အနာဂါတ်အတွင်းမှာ ကမ္ဘာ့ပေါ်သို့ ဂြိုဟ်သိမ်များ ဝင်တိုက်နိုင်ခြေ မရှိသေးပေမယ့် NASA ကတော့ အဲဒီ့အတွက် အဆင်သင့် ဖြစ်ချင်နေပါတယ်။

ဧပြီလအတွင်းမှာ အာကာသ အေဂျင်စီဟာ ဂြိုဟ်သိမ်တခု ဝင်တိုက်သည့်ပုံစံ ဖန်တီးပြီး ဖြစ်လာမယ့် အကျိုးဆက်များအတွက် ဖက်ဒရယ် အေဂျင်စီများ၊ နိုင်ငံတကာ အေဂျင်စီးများနှင့် အခြား ဆုံးဖြတ်ချက်ချနိုင်မည့်သူများ၊ သိပ္ပံ အဖွဲ့အစည်းများ နှင့် အရေးပေါ် မန်နေဂျာများ ပူးပေါင်းပြီး ဘယ်လို ရှောင်ရှားနိုင်မလဲဆိုတာကို စမ်းသပ်ခဲ့ပါတယ်။

ယခု အခါမှာတော့ ဒီလို ဂြိုဟ်သိမ်တွေ ရန်က ကာကွယ်မှုဟာ လမ်းကြောင်းတခုပေါ် ရောက်လာပြီဖြစ်ပြီး အရင်ကထက် ပိုပြီး အစစ်အမှန် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

သိထားရမှာတခုကတော့ လူတွေကို ပျက်စီးနိုင်မယ့် ကမ္ဘာနှင့် ဂြိုဟ်သိမ် တိုက်နိုင်ခြေကတော့ အခုအချိန်အထိ လုံးဝ ဖြစ်နိုင်ခြေမရှိသေးပါဘူး။ ဒါဟာ အနာဂါတ် အတွက်ပါ။

NASA ၏ DART မစ်ရှင်ဟာ အာကာသယာဉ် တစင်းကို ဂြိုဟ်သိမ်တခုပေါ် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်စေပြီး ၎င်းကို လမ်းကြောင်း ပြောင်းစေနိုင်ဖို့ စီစဉ်ထားပါတယ်။

DART ဟာ Double Asteroid Redirection Test ခေါ် တဲ့ ဂြိုဟ်သိမ်ကို လမ်းကြောင်းပြောင်းခြင်း စမ်းသပ်မှု (Double မှာ double asteroid လို့ခေါ်သည့် ဂြိုဟ်သိမ် အကြီး နှင့် လ ကဲ့သို့ ၎င်းကို လှည့်ပတ်နေသည့် ဂြိုဟ်သိမ်အသေး တွဲလျက် Didymos ကို စမ်းသပ်မှာ ဖြစ်သောကြောင့် ဖြစ်ပါတယ်)အတွက်

NASA မှ အာကာသယာဉ်ကို နိုဝင်ဘာလ ၂၃ ရက် ပစိဖိတ် စံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်မှာ လွှတ်တင် ခဲ့ပါတယ်။

ဒီ အာကာသယာဉ်ကို လော့အိန်ဂျယ်လိစ်မြို့၏ မြောက်ဘက် မိုင် ၁၆၀ အကွာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်း အနီးရှိ Vandenberg လေ တပ်အခြေစိုက်စခန်းမှ SpaceX ၏ Falcon 9 ဒုံးပျံဖြင့် လွှတ်တင်ပေးသွားတာပါ။

အဲဒီကနေပြီး Didymos လို့ခေါ်သည့် မိုင် ၇ သန်းခန့် ဝေးကွာသည့် ဂြိုဟ်သိမ် ဆီသို့ ဦးတည်မှာ ဖြစ်ပြီး ၎င်းတွင် ဆိုလာပြား များကို ဖြန့်ကျက်ပြီး မောင်းနှင်ရသည့် လျှပ်စစ်တွန်းကန်စနစ် တပ်ဆင်ထားပါတယ်။

Didymos ဂြိုဟ်သိမ်ဟာ ၂,၅၆၀ ပေလောက်ကျယ်ပြီး ၂.၂၆ နာရီတိုင်းမှာ တပတ်လည်ပတ်နေပါတယ်။ ၎င်းတွင် Dimorphos လို့ခေါ်တဲ့ အရံလပုံစံ ၅၂၅ ပေရှိတဲ့ ဒုတိယ ဂြိုဟ်သိမ်တခု ပါရှိပါတယ်။

အဆိုပါ ဂြိုဟ်သိမ် ၂ ခုဟာ တခုနှင့် တခု မိုင်ဝက်လောက်သာ ဝေးကွာပြီး ဂြိုဟ်သိမ် အငယ်ဟာ အကြီးကို ၁၁.၉ နာရီတိုင်း တပတ် လှည့် ပတ်နေပါတယ်။

အာကာသယာဉ်ဟာ ကင်မရာ နှင့် အလိုအလျှောက် လမ်းညွှန်စနစ် ဆော့ဖ်ဝဲလ်များကို အသုံးပြုပြီး Dimorphos ကို တနာရီ ၁၅,၀၀၀ နှုန်းဖြင့် ဝင်တိုက်မှာ ဖြစ်ပါတယ်။

NASA ၏ တွက်ချက်မှုအရ ဒီလို ဝင်တိုက်မှုဟာ Didymos ကို လှည့်ပတ်နေသည့် Dimorphos ၏ အမြန်နှုန်းကို တစ် ရာခိုင်နှုန်း၏ အစိတ် အ ပိုင်းလောက်သာ ပြောင်းလဲစေမှာ ဖြစ်ပေမယ့် ဒါဟာ Dimorphos ၏ ပတ်လမ်း ကို မိနစ်ပေါင်းများစွာ ပြောင်းလဲစေပြီး ကမ္ဘာမှ တယ်လီစကုပ်များနှင့် လေ့လာ တိုင်းတာဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။

ဒီလို ကြိုးပမ်းမှုအတွက် NASA ဟာ ဖြစ်စဉ်တခုလုံးကို ဗီဒီယို မှတ်တမ်းတင်ဖို့ စီစဉ်နေပြီး DART ၏ ဂြိုဟ်သိမ်ကို ဝင်မတိုက်ခင် ၁၀ ရက်အလိုမှာ အေဂျင်စီဟာ ကင်မရာငယ် ၂ လုံးတပ်ဆင်ထားသည့် LICIACube လို့ခေါ်တဲ့ ဂြိုဟ်တုငယ် တလုံးကို လွှတ်တင်မှာ ဖြစ်ပါတယ်။

လွှတ်တင်လိုက်သည့် အာကာသယာဉ်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့ကြား လောက်မှာ ဂြိုဟ်သိမ်ကို ဝင်တိုက် နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.