J-20 တိုက်လေယာဉ်နှင့် တွဲဖက်မည့် လေဆာလက်နက် အိပ်မက် ဖြစ်လာနိုင်ပါ့မလား

Article Military

တရုတ်ရဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားတဲ့ အဆင့်မြင့်တိုက်လေယာဉ်ဟာ လေဆာ လက်နက်ကဲ့သို့ နည်းပညာမြင့် လက်နက်များ တပ်ဆင်ဖို့ရာဟာ ၎င်းရဲ့ အင်ဂျင်ညံ့ဖျင်းမှုကြောင့် မဖြစ်နိုင်လောက်ဘူးလို့ စစ်ဘက်ဆိုင်ရာ သုတေသီများက ပြောပါတယ်။

directed-energy weapons (DEW) လို့ခေါ်တဲ့ လေဆာလက်နက်ကဲ့သို့ လက်နက်များကို လေယာဉ်များတွင် တပ်ဆင်နိုင်ဖို့ ကြိုးစားလာတဲ့ နိုင်ငံတွေ အတော်ကို ရှိနေပါပြီ။

တရုတ်ရဲ့ J-20 တိုက်လေယာဉ်ဟာ နိုင်ငံဟာ စစ်ဘက်ဆိုင်ရာ အဆင့်အမြင့်ဆုံး ရလဒ်တခု ဖြစ်ပြီး ၎င်းဟာ အနာဂါတ် လေဆာ၊ မိုက်ခရိုဝေ့ဖ် နှင့် particle beam ကဲ့သို့ အဆင့်မြင့် လက်နက်များကို တပ်ဆင်နိုင်ဖွယ်ရှိတဲ့ တမျိုးထဲသော တိုက်လေ ယာဉ် လည်း ဖြစ်ပါတယ်။

သို့ပေမယ့် တရုတ် အင်ဂျင်နီယာများဟာ Mighty Dragon လို့ သိကြတဲ့ J-20 ကို အမေရိကန်၏ F-22 နှင့် ယှဉ်ပြိုင်နိုင်ရန် ၎င်းအား ကောင်းစွာ ပံ့ပိုးပေးနိုင်မယ့် အင်ဂျင်ကို ထုတ်လုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစား ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက စစ်ဘက်ဆိုင်ရာ သတင်းများအရ တရုတ်ဟာ ၎င်း၏ အင်ဂျင်များကို စတင် အဆင့်မြှင့်တင်နေပြီလို့ ပြောခဲ့ပေမယ့် တကယ်တော့ ဒီလို ပြောဆိုပြီး အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းနေရတာပါ။

တရုတ်မှ ပါမောက္ခ တဦး၏ အပြော

လေတပ်စီမံကွပ်ကဲမှုကောလိပ်မှ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ Wang Mingliang ကတော့ J-20 တိုက်လေယာဉ်၏ အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်လို့ အကောင်းဘက်ကနေ တရုတ်သတင်းဌာနဖြစ်တဲ့ CCTV ကို‌ ပြောပြခဲ့ပါတယ်။

“ကျွန်တော်မှာ ဒီလေယာဉ်နဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေ ရှိပါတယ်။ ပြီးတော့ တရုတ်စက်မှုလုပ်ငန်းမှ ဒီ မျှော်လင့်ချက်တွေကို တကယ်ဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

J-20 ၏ အနာဂါတ် လက်နက်များ၏ အရိပ်အမြွတ်အဖြစ် ” ၎င်းမှာ နောက်ဆုံးပေါ် တီထွင်ဖန်တီးမှုတွေ အများအပြားပါဝင်ပြီး ဥပမာအားဖြင့် directed-energy weapons လို လက်နက်မျိုးတွေ J-20 မှာတပ်ဆင်နိုင်မှာပါ” လို့ ပြောခဲ့တာပါ။

Janes မှ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ၏ အမြင်

ဒါပေမယ့် စစ်ဘက်ဆိုင်ရာမှ နာမည်ကြီးဖြစ်တဲ့ Janes မှ ကာကွယ်ရေး ကျွမ်းကျင်သူ Ridzwan Rahmat ကတော့ DEW တွေကို အသုံးပြုဖို့ လုံလောက်တဲ့ စွမ်းအင်ကို တရုတ်၏ J-20 တိုက်လေယာဉ်တွင် တပ်ဆင်ထားတဲ့ WS-10 အင်ဂျင်ကအဆင်မပြေနိုင်ဘူး လို့ပြောပါတယ်။

WS-10 ဟာ ယခင် စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ၏ အင်ဂျင်ကို အခြေခံ ဒီဇိုင်းဆွဲထားတဲ့ အင်ဂျင်မှ ဆင်းသက်လာတာ ဖြစ်တဲ့အတွက် စွမ်းအင် လုံလောက်မှု မရှိဘဲ အင်ဂျင်၏ တွန်းအားကိုပါ လျော့ကျသွားစေနိုင်မှာ ဖြစ်ပါတယ်။

စွမ်းအင်မလုံလောက်တဲ့အတွက် DEW လို လက်နက်မျိုးကို သီးခြားသုံးဖို့ စွမ်းအင်စနစ်ကို ထပ်မံ ဖြည့်စွက်ပါကလည်း လေ ယာဉ်၏ ပျံသန်းနိုင်သည့် အကွာအဝေးနှင့် စစ်ကစား ပျံသန်းနိုင်စွမ်းကို အကြီးအကျယ် လျော့ကျစေမှာပါ။

ဒါ့အပြင် တရုတ်၏ DEW များဟာ လေယာဉ်၏ အမြန်နှုန် ဘယ်လောက်မှာ အသုံးပြုမလဲ ဆိုတာလည်း ရှင်းရှင်း လင်းလင်း မသိရှိရသေးပါဘူး။

လေယာဉ်တစင်းဟာ အသံ၏ အမြန်နှုန်းနှင့် နီးကပ်လာပါက DEW စနစ်၏ လေဆာရဲ့ အရည်အသွေးများကို ကျဆင်းနိုင်စေသည့် shock waves များနှင့် အခြား နှောင့်ယှက်မှုများကိုလည်း ကျော်လွှားနိုင်ဖို့ လိုပါတယ်။

၎င်းကတော့ J-20 ကို ပိုပြီး စွမ်းဆောင်ရည် မြင့်မားလိုပါက ဒရုန်းများနှင့် တွဲဖက် အုပ်စုဖွဲ့ကာ စစ်ဆင်ရေးများ လုပ်ဆောင်နိုင်မယ့် manned-unmanned teaming (MUM-T) မောင်းသူပါနှင့် မောင်းသူမဲ့ လေယာဉ်များ စုဖွဲ့မှု စနစ်ကို ဖြစ်မြောက်အောင် အရင်လုပ်သင့်တယ်လို့ သုံးသပ်ထားပါတယ်။

ယခင်တရုတ်ကြည်းတပ်မှ နည်းပြတယောက်၏ ပြောဆိုမှု

ယခင် တရုတ်လွတ်မြောက်ရေးကြည်းတပ်မှ နည်းပြတစ်ယောက်ဖြစ်တဲ့ Song Zhongping ကတော့ တရုတ်ရဲ့ အနာဂါတ် တိုက်လေယာဉ်များတွင် DEW လက်နက်များဟာ ပုံမှန်အနေနဲ့ကို ပါလာမယ်လို့ ပြောပါတယ်။

၎င်းကတော့ “DEW များကို အပြည့်အဝ အသုံးချနိုင်ဖို့ J-20 မှာ ပိုကောင်းတဲ့ တွန်းအားနှင့် တည်ငြိမ်တဲ့ စွမ်းအင် ထုတ်ပေးသည့်စနစ် လိုအပ်နေတယ်” လို့ ဝန်ခံထားပါတယ်။

နိုင်ငံများ၏ လက်ရှိ လုပ်ဆောင်နေမှုများ

၂၀၂၁ ခုနှစ် Zhuhai လေကြောင်းပြပွဲအတွင်းမှာ တရုတ်ပိုင် Poly Group မှ ၎င်း၏ မြေပြင်အခြေစိုက် လူများကပ်မလာနိုင်ရန် အသုံးပြုသည့် မိုက်ခရိုဝေ့ဖ် လက်နက်စနစ်ကို ပြသခဲ့ပါတယ်။

အမေရိကန်ကတော့ ၎င်း၏ ရေတပ်တွင် Optical Dazzling Interdictor လို့ခေါ်တဲ့ ဒရုန်းများကို မဖျက်ဆီးဘဲ ရှုပ်ထွေးစေမည့် လက်နက်များကို စစ်သင်္ဘောအချို့တွင် တပ်ဆင်ပြီး ဖြစ်ပါတယ်။

ဒီလက်နက်တွေဟာ အားနည်းချက်တွေတော့ ရှိပါတယ်။

Lexington အင်စတီကျုမှ ပြောပြချက်အရ ရေငွေ့တွေ၊ ဖုန်တွေနှင့် အခြား ရေဒီယိုကြိမ်နှုန်း ထုတ်လွှင့်စဉ်မှာ စုပ်ယူနိုင်တဲ့ လျှပ်ကူး ပစ္စည်းများ ဟာ လေဆာရောင်ခြည်များကို အားပျော့စေနိုင်တယ်လို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.