တခြား ကမ္ဘာများဆီ သွားရောက်နိုင်မယ့် Ramjet အာကာသတွန်းကန်စနစ် အိပ်မက် အကြောင်း

Paper Science

သိပ္ပံဇာတ်လမ်းများတွင် လူသားတွေဟာ ကမ္ဘာ့အပြင် အခြား ကမ္ဘာများသို့ ခရီးသွားရောက် နိုင်ရန် အလွန်ဝေးကွာစေတဲ့ တားဆီးနေတဲ့ အကွာအဝေးကို ဖြတ်ကျော်ဖို့ အခက်အခဲ ရှိပါတယ်။

အဲဒါကတော့ ဘယ်လို တွန်းကန်စနစ်ကို အသုံးပြုပြီး ဒီလို ကြီးမားတဲ့ အကွာအဝေးကို ရောက်အောင် သွားမလဲ ဆိုတာပါ။

မိုင်သန်းပေါင်း ထောင်သောင်းမက ဝေးကွာလှတဲ့ အခြား နေအဖွဲ့အစည်းများဆီသို့ ရောက်ရှိနိုင်ဖို့အတွက် ယနေ့ခေတ် အင်္ဂါဂြိုဟ်နှင့် လပေါ်သို့ သွားရောက်နေတဲ့ ဒုံးပျံတွေနဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီစနစ်နှင့် ပတ်သက်လို့ စိတ်ကူး အများအပြား ရှိနေသည့် အထိမှ ရှေ့တန်းတင်ထားသည့် အယူအဆ တခုကတော့ “Bussard Collector” သို့မဟုတ် “Ramjet propulsion” လို့ခေါ်တဲ့ တွန်းကန်စနစ်ပဲ ဖြစ်ပါတယ်။

အဆိုပါ စနစ်ဟာ အာကာသအတွင်း သွားလာနေရင်း ဟင်းလင်းပြင်မှာ ရှိနေတဲ့ ပရိုတွန်များကို ဖမ်းယူပြီး တွန်းကန်စနစ်အတွက် နျူကလီးယား ပေါင်းစပ်မှု ဖြစ်စေမှာ ဖြစ်ပါတယ်။

ရူပဗေဒ ပညာရှင်နှင့် သိပ္ပံ ဝတ္ထု စာရေးဆရာ တယောက်ဖြစ်တဲ့ Peter Schattschneider ဟာ ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ အမေရိကန်မှ Albert Jackson နှင့်အတူ ဒီအယူအဆနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ ၁၉၆၀ ခုနှစ်များလောက်က Robert Bussard တီထွင်ခဲ့တဲ့ အဲဒီ့ အယူအဆအတွက် ရလဒ်ကတော့ တွန်းကန်စနစ်ဟာ အလုပ် မဖြစ်နိုင်ဘူး ဆိုတာပါပဲ။

ယခုလို ဖြစ်နိုင် မဖြစ်နိုင် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုကို သိပ္ပံ ဂျာနယ်တခု ဖြစ်တဲ့ Acta Astronautica တွင် ထည့်သွင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပရိုတွန် အစား ဟိုက်ဒရိုဂျင် အသုံးပြုခြင်း နည်းလမ်း

“ဒီအယူအဆဟာလည်း လေ့လာဆန်းစစ်ဖို့ လုံးဝ ထိုက်တန်ပါတယ်” လို့ ပါမောက္ခ Peter Schattschneider က ပြောပါတယ်။

“ကြယ်တွေ တခုခုနှင့် အကြားမှာရှိတဲ့ အာကာသ ဟင်းလင်းပြင်အတွင်းမှာ ၁ ကုဗစင်တီမီတာတွင် အက်တမ် ၁ လုံးလောက်ရှိတဲ့ ဟိုက်ဒရိုဂျင်တွေ အဓိကပါဝင်တဲ့ diluted ဓာတ်ငွေ့တွေ အများအပြား ရှိနေပါတယ်။”

“တကယ်လို့ ကျွန်တော်တို့ အနေဖြင့် အာကာသယာဉ် အရှေ့မှ ဟိုက်ဒရိုဂျင်များကို ကြီးမားတဲ့ သံလိုက်စက်ကွင်း အကူအညီဖြင့် ဖမ်းယူပြီး နျူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖိုအတွင်း ထည့်သွင်းကာ ယာဉ်၏ တွန်းအားစနစ်ဖြင့် သုံးနိုင်လောက်မှာပါ” လို့ ၎င်းက ပြောပါတယ်။

၁၉၆၀ ခုနှစ်လောက်က Robert Bussard ဟာ အဲဒီ့အကြောင်းနှင့် ပတ်သက်ပြီး သိပ္ပံ စာတမ်းတခု ပြုစုခဲ့ပြီး ၉ နှစ် ကြာပြီးတဲ့နောက် အဲဒီ့လို သံလိုက်စက်ကွင်းမျိုး အကြောင်းကို သီအိုရီအားဖြင့် ဖော်ပြခြင်း ခံခဲ့ရပါတယ်။

“ဒီ အယူအဆဟာ သိပ္ပံဝတ္ထု ကြိုက်နှစ်သက်သူတွေကိုသာ စိတ်ဝင်စားစေရုံ သာမကဘဲ နည်းပညာနှင့် သိပ္ပံ အာကာသဆိုင်ရာ အဖွဲ့အစည်းများကိုပါ စိတ်ဝင်စားစေပါတယ်” လို့ Peter Schattschneider က ပြောခဲ့ပါတယ်။

Peter Schattschneider နှင့် Albert Jackson တို့ဟာ ရာစုနှစ်ဝက်လောက် ကြာပြီးတဲ့နောက်မှာတော့ အဆိုပါက equation များ အပေါ်မှာ အနီးကပ် လေ့လာခဲ့ကြပါတယ်။

ဩစတီးရီးယား Vienna နည်းပညာ တက္ကသိုလ်မှ ဖန်တီးခဲ့တဲ့ ဆော့ဝဲလ်ဟာ အဆိုပါ လျှပ်စစ်သံလိုက်စက်ကွင်းများကို တွက်ချက်ရာမှာ အလွန်အသုံးဝင်ခဲ့ပြီး ရူပဗေဒ ပညာရှင်များဟာ သံလိုက်အမှုန်အမွှားများ ဖမ်းယူခြင်းဟာ တကယ် ဖြစ်နိုင်တဲ့ အခြေခံ နိယာမကို တွေ့ရှိခဲ့ပါတယ်။

အလွန်ကြီးမားသည့် အရွယ်အစားဖြစ်နေ

ပြဿနာကတော့ ဟိုက်ဒရိုဂျင် အက်တမ်တွေကို ဖမ်းယူမယ့် magnetic funnel ရဲ့ အရွယ်အစားဖြစ်ပြီး အဲဒီ့ ရလဒ်ကြောင့်ပဲ ဒီအယူအဆကို စွန့်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

ယနေ့ခေတ် အာကာသ လွန်းပျံယာဉ်တွေရဲ့ တွန်းကန်အားထက် ၂ ဆ အထိ ရောက်ရှိနိုင်ရန် အတွက် တွန်းကန်အားဟာ newtons ၁၀ သန်း လောက် လိုအပ်ပြီး အဲဒီ့လိုတွန်းအားရဖို့ အက်တမ်တွေ ဖမ်းယူမယ့် funnel ရဲ့ အချင်းဟာ ကီလိုမီတာ ၄ ထောင်လောက် အရွယ်အစားရှိဖို့ လိုပါတယ်။

ကီလိုမီတာ ၄ ထောင်ဆိုတာ အလွန်ကို ကြီးမားပေမယ့် နည်းပညာ အရမ်းမြင့်မားလာတဲ့ လူ့အဖွဲ့အစည်းခေတ်ရောက်ပါက တည်ဆောက်နိုင်ရန် ဖြစ်နိုင်သေးပေမယ့် လုံးဝ မဖြစ်နိုင်တဲ့ ပြဿနာကတော့ ၎င်း၏ အရှည်ပဲ ဖြစ်ပါတယ်။

funnel ရဲ့ အရှည်ဟာ အဆိုပါ တွန်းကန်အားမျိုး ရရှိ နိုင်ဖို့အတွက် လက်ရှိ ကမ္ဘာနှင့် နေရဲ့ အကွာ အဝေးလောက် ဖြစ်တဲ့ မိုင်ပေါင်း သန်း ၁၅၀ လိုအပ်တာ ဖြစ်ပါတယ်။

သိပ္ပံ ဝတ္ထုတွေမှာပါတဲ့ နျူကလီးယား စွမ်းအင် ramjet အင်ဂျင်သုံး တွန်းကန်စနစ်ဟာ စိတ်ဝင်စားစရာ ဖြစ်ပေမယ့် အခုတော့ ဒီအယူအဆဟာ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသွားပါပြီ။

Reference: “The Fishback ramjet revisited” by Peter Schattschneider and Albert A. Jackson, 15 November 2021, Acta Astronautica.

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.