အမေရိကန် မရိမ်းတပ်သားများဟာ Drone 40 လို့ခေါ်တဲ့ လက်ထဲမှဖြစ်စေ ၄၀ မမ ဗုံးပစ်လောင်ချာမှ ဖြစ်စေ ပစ်လွှတ်နိုင်တဲ့ ဒရုန်းများနှင့် စမ်းသပ်မှုများ ပြုလုပ်နေပါတယ်။
အဆိုပါ Drone 40 ကို ဩစတေးလျ ကုမ္ပဏီ တခု ဖြစ်တဲ့ DefendTex က ၂၀၁၉ ခုနှစ် လောက် ကတည်းက တီထွင် ထုတ် လုပ် ထားတာ ဖြစ်ပါတယ်။
ပန်ကာ ၄ ခု တပ်ဆင်ထားတဲ့ ဒီဒရုန်းဟာ ၄၀ မမ လောင်ချာမှ ပစ်လွှတ်ပြီးနောက် ပစ်မှတ်ဆီသို့ ဝေဟင် မိုင်းပုံစံဖြင့် ပျံသန်း ရောက်ရှိ နိုင်မှာ ဖြစ်ပါတယ်။
အချက်အလက်များအရ ဒီ ဒရုန်းကို မော်ကျူလာစနစ်ဖြင့် တည်ဆောက်ထားပြီး လေထဲ၌ တနာရီလျှင် ၄၅ မိုင်နီးပါးဖြင့် မိနစ် ၃၀ မှ တနာရီလောက်ထိ ပျံသန်းနိုင်ကာ ၁၂ မိုင်လောက်အထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။

ဒရုန်းတွင် ၁၁၀ ဂရမ်လောက်ရှိတဲ့ ပေါက်ကွဲနိုင်တဲ့ ဝန်ကို တင်ဆောင်သည့်အခါတွင်တော့ ၁၂ မိနစ်ခန့် ပျံသန်းနိုင်ပါတယ်။
ဒရုန်းကို ထိန်းချုပ်မောင်းနှင်သူဟာ တပ်ဆင်ထားသည့် လက်နက်ကို ဖြုတ်ချကာ နောက်ပိုင်းတွင် ပြန်လည် အသုံးပြုနိုင်အောင်လည်း လုပ် ဆောင်နိုင်ပါတယ်။
ဒီနည်းပညာဟာ လက်ပစ်ဗုံးအား လက်ဖြင့် လွှဲ၍ ပစ်ရာတွင် အကန့်အသတ်ရှိမှုကို ကျော်လွှားနိုင်ကာ ခြေလျင်စစ်တပ်များအတွက် များစွာ အသုံးဝင်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မီတာ ၅၀၀ လောက်အတွင်းသာ ထိရောက်တဲ့ ဩစတေးလျ ရိုင်ဖယ်ကိုင် စစ်သားများအတွက် မီတာ ၈၀၀ လောက်ထိရောက်တဲ့ AK-47 ကိုင် ရန်သူများနှင့် ထိတွေ့ရာမှာ အလွန်ကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။

လိုအပ်ပါက Drone 40 ကို ထောက်လှမ်းရေးနှင့် သက်ဆိုင်သည့် ကိရိယာများတပ်ဆင်ကာ ထောက်လှမ်းမှု၊ စောင့်ကြည့်မှုနှင့် ကင်း ထောက်မှု စတဲ့ intelligence, surveillance, and reconnaissance (ISR) လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ဦးမှာ ဖြစ်ပါတယ်။
ထို့ကြောင့် အာရုံခံ ကိရိယာများ၊ ကင်မရာများကို ဒရုန်းတွင် တပ်ဆင်ကာ သတင်း အချက်အလက်များကို ကြိုတင် ရရှိနိုင်ကာ ရန်သူအား လက်ဦးမှု ရယူနိုင်မှာ ပဲဖြစ်ပါတယ်။
ဒီဒရုန်းကို လူမှ ထိန်းချုပ်ဖို့ရာ များစွာ လျှော့ချထားကာ များသောအားဖြင့် ပျံသန်းမှု၊ ပစ်မှတ်ခြေရာကောက်မှုနှင့် ပစ်မှတ် ရှာဖွေမှုတို့ကို အလိုအလျှောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အဓိကကျတဲ့ ထိန်းချုပ်မှုများသာ လူလိုအပ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကုန်ကျစရိတ်ကို သက်သာစေရန် စီးပွားဖြစ်သုံး ဒရုန်း ထုတ်လုပ်သည့် ကုမ္ပဏီများဖြင့် တွဲဖက်ဆောင်ရွက်လျက်ရှိရာ ဒရုန်း တစီးလျှင် ဒေါ်လာ ၁ ထောင် အောက်သာ ကျသင့်မှာဖြစ်ပြီး ဒေါ်လာ ၅၀၀ ခန့်လောက်အထိ လျှော့ချရန် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါဟာ အလွန်ကောင်းတဲ့ လမ်းကြောင်း တခု ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် အခြား ကုမ္ပဏီကြီးများနှင့် တွဲဖက်ကာ သုတေသနလုပ်ပြီး ထုတ်လုပ်ပါက ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျဖွယ် ရှိပြီး ဒရုန်းတန်ဖိုးမှာလည်း ဒေါ်လာ ၁ သောင်းနှင့် ၁ သောင်းခွဲ ကြားလောက် ကုန်ကျနိုင်ပါတယ်။
Drone 40 များကို ဗြိတိန်ကြည်းတပ်တွင် အသုံးပြုနေပြီဖြစ်ပြီး မာလီတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့အတွက် ရာပေါင်းများစွာသော အဆိုပါ ဒရုန်းများ လက်ခံရရှိပြီး ဖြစ်တယ် လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။