ဒါဟာ ဆေးပညာသမိုင်းမှာ ပထမဆုံးသော အရာဖြစ်ပါတယ်။
များသောအားဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေတွေကို အချိန်နှင့်အမျှ တုံ့ပြန်နိုင်ဖို့ဟာ အလွန် အရေးကြီးပြီး အနာဂတ်မှာ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာဖွယ်ရှိပါတယ်။
ဆွီဒင်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Everdrone ဟာ ၎င်းတို့ရဲ့ Emergency Aerial Delivery (EMADE) ဝန်ဆောင်မှုဒရုန်းဖြင့် သွားလာရ ခက်ခဲတဲ့ ဒေသများအတွက် အရေးပေါ်ဝန်ဆောင်မှု ပေးနိုင်ဖို့ တီထွင်ထားတာ ဖြစ်ပါတယ်။
EMADE ဝန်ဆောင်မှုဒရုန်းဟာ အရေးပေါ်အခြေအနေကြုံတွေ့ရတဲ့အခါ လူနာတင်ယာဉ် မရောက်ရှိမီ ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု လုပ်ငန်း စဉ်ကို စတင် နိုင်ဖို့ လိုအပ်တဲ့ဆေးပစ္စည်းတွေကို ခေါ်ဆိုသူရဲ့အိမ်ဆီ သယ်ဆောင်လာဖို့အတွက် ဒီဇိုင်းထုတ်ထားတယ် ဟု သိရပါတယ်။
Everdrone ရဲ့အဆိုအရ EMADE ဟာ ယမန်နှစ် ဒီဇင်ဘာလ 9 ရက်နေ့တုန်းက ၎င်းရဲ့အခက်ခဲဆုံးစမ်းသပ်မှုကို ပြုလုပ်အောင်မြင်ခဲ့တယ် ဟုဆိုပါတယ်။

ဆွီဒင်နိုင်ငံ၊ Trollhattan မြို့ရှိ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လမ်းကြားတစ်ခုမှာ နှလုံးဖောက်ကာ လဲကျသွားခဲ့ပါတယ်။
အဖြစ်အပျက်ဖြစ်ပွားပြီး ဆယ်မိနစ်အတွင်း နှလုံးရပ်သွားတာကို တုံ့ပြန်ရမှာဖြစ်ပြီး EMADE ဟာ အဆိုပါ အမျိုးသားကြီးအိမ်သို့ အလို အလျောက်ပြင်ပ နှလုံးခုန်နှုန်းထိန်းညှိစက် (AED) ကို ပို့ဆောင်ဖို့ သုံးမိနစ်သာကြာခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ လမ်းသွားလမ်းလာ ဆရာဝန်တစ်ဦးက လူနာကို CPR ပေးပြီးနောက် နှလုံးခုန်နှုန်း ထိန်းညှိတဲ့စက်ကို အသုံးပြုခဲ့ပါတယ်။
အရေးပေါ်ခေါ်ဆိုမှုကြောင့် နှလုံးခုန်စက်ကို လျင်မြန်စွာ ပေးပို့နိုင်တာတွေ၊ လူနာတင်ယာဉ်မရောက်လာမီ အသက်ကယ်ဆယ်ခြင်းနည်းလမ်းတွေကို စတင်လုပ်ဆောင်နိုင်ခဲ့တာကြောင့် လူနာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
အရေးပေါ်အခြအနေဖြစ်တဲ့ နေရာသို့ AED ကို ဘေးကင်းစွာ ပို့ဆောင်ပေးပြီးတဲ့ အချိန်အထိ သုံးမိနစ်ကျော်သာ ကြာပါတယ်။
ကနဦး ဆေးကုသမှုခံယူပြီးနောက် လူနာကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
“ဒီနည်းပညာအသစ်နဲ့ လိုအပ်တဲ့အရေးပေါ် ဆေးပစ္စည်းတွေကို မြန်ဆန်စွာ ပေးပို့တဲ့အတွက် ကျေးဇူးတင်ကြောင်းက ပြောလို့ ကုန်မှာတောင် မဟုတ်ပါဘူး။ ဒရုန်းကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီမှာ ရှိနေမှာတောင် မဟုတ်ပါဘူး” ဟု လူနာကပြောပြီး
“ဒါက တစ်ကယ့်ကို ဆန်းသစ်တဲ့ ခေတ်ပြောင်း နည်းပညာတစ်ခုပါပဲ။ ရုတ်တရက် နှလုံးရပ်တန့်ခြင်းဟာ အသက်ကြီးသူတွေသာမက မည်သူ့ကိုမဆို နေရာမရွေး ဖြစ်ပွားနိုင်ပြီး အရေးပေါ်ကုသမှုခံယူနိုင်ဖို့ကလည်း အရေးကြီးပါတယ် ” ဟု ဆိုပါတယ်။

ဆရာဝန်တစ်ယောက်က ဒေသခံဆေးရုံကို သွားဖို့ ကားနဲ့လာနေတုန်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကားလမ်းဘေးမှာ လဲကျနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့ကြောင်း၊ တစ်ခုခု မှားနေပြီဆိုတာကို ချက်ချင်းသဘောပေါက်ပြီး အကူအညီပေးဖို့ အမြန်ပြေးခဲ့တယ် ဟု ဆိုပါတယ်။
ဆွီဒင် အရေးပေါ်ဖုန်းကိုလည်း ဆက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာတော့ ခေါင်းထက်မှာ ပျံနေတဲ့ အရာတစ်ခုကို တွေ့လိုက်ရပြီး အဲဒါက နှလုံး ခုန်နှုန်းထိန်းညှိကိရိယာပါတဲ့ ဒရုန်းတစ်စင်းဖြစ်နေတာကို အံ့သြဖွယ် တွေ့လိုက်ရတယ်ဟု ဆိုပါတယ်။
EMADE ပရိုဂရမ်ကို စမ်းသပ်တဲ့ လေးလကြာ သုတေသနအတွင်းမှာ ဒရုန်းတွေ ဝန်ဆောင်မှုပေးဖို့အတွက် နှလုံးဖောက်ပြန်မှုနဲ့ ပတ်သတ်ပြီး အရေးပေါ် အကြောင်းကြားချက် ၁၄ ခု ရရှိခဲ့ပါတယ်။
အဆိုပါဖြစ်ပွားမှုတွေအနက် ၁၂ ခုအတွက် ဒရုန်းများကို အသုံးပြုခဲ့ပြီး ၎င်းတို့အနက် ၁၁ ဦးအတွက် စက်တွေကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့ပြီး လူနာတင်ယာဉ်များ ဖြစ်ပွားရာနေရာသို့ မရောက်မီ ၇ ခုကိုတော့ စောလျင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်ဟု ဆိုပါတယ်။

Everdrone ရဲ့ CEO Mats Sallstrom က “ဒါဟာ အရေးပေါ် ပို့ဆောင်မှုနဲ့အတူ အပြည့်အဝ ပေါင်းစပ်ထားတဲ့ Everdrone ရဲ့ နောက်ဆုံး ပေါ် ဒရုန်းနည်းပညာရဲ့ လက်တွေ့အကောင်းဆုံး အသုံးချမှု ဖြစ်တယ်” ဟု ဆိုပါတယ်။
EMADE ဝန်ဆောင်မှုကို ဆွီဒင်နိုင်ငံသား 200,000 ဆီကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှာ ဖြစ်ပြီး ကုမ္ပဏီက ယခုနှစ်အတွင်း ဥရောပရှိ နေရာအများအပြားသို့ တိုးချဲ့သွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။
ဒရုန်းတွေကို လေဆိပ်အနီးရှိ ငှက်တွေကို ခြိမ်းခြောက်ခြင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းနှင့် ဒရုန်း တိုက်ဖျက်ရေး အစီအမံများ ကျင့်သုံးရာတွင် အခြား မလိုလားအပ်သည့် ဒရုန်းများကို လိုက်လံ ဖမ်းယူခြင်း အပါအဝင် နယ်ပယ်များစွာတွင် နေ့စဉ်နှင့်အမျှ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုအသုံးပြုလာကြပြီပဲ ဖြစ်ပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။