အမေရိကန် အောက်လွှတ်တော်ရှိ အမတ်များဟာ သံချပ်ကာယာဉ်များအပေါ် ကျရောက်လာမယ့် မောင်းသူမဲ့လေယာဉ်များ၏ အန္တရာယ်ကာကွယ်ရန် မည်သို့ အစီအစဉ်ရှိလဲဆိုတာကို အမေရိကန် ကြည်းတပ်ကို မေးခွန်းထုတ်နေပါတယ်။
အထူးသဖြင့် မြေပြင်နှင့် ဝေဟင် နည်းဗျူဟာ တပ်ဖွဲ့ ဆပ်ကော်မတီက ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် အတွက် ဇူလိုင်လ ၂၈ ရက်နေ့က ကာကွယ် ရေး ခွင့်ပြုချက် အရ စစ်ဘက်ဆိုင်ရာ ယာဉ်များကို ဒရုန်းများ အန္တရာယ်မှ ကာကွယ်ပေးမည့် မော်တော်ယာဉ် ကာကွယ်ရေး စနစ် အ ကြောင်း ကို သိချင်နေကြပါတယ်။
လက်ရှိ အမေရိကန်ကြည်းတပ်တွင် အသုံးပြုနေတဲ့ တင့်ကားတွေ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေ၊ Stryker တွေနဲ့ အခြား သံချပ်ကာ ယာဉ်များတွင် မောင်းသူမဲ့လေယာဉ်များကို ကာကွယ်နိုင်မယ့် အနေအထား မရှိသေးပါဘူး။
ဒရုန်းများဟာ ပျောက်ကြားစစ်အနေဖြင့် စစ်မြေပြင်မှာ ပုံမှန်လို တွေ့ရတဲ့အချိန် နှင့် အခြားအုပ်စုများဟာ ဝါသနာရှင်သုံး ဒရုန်းများကို ပင်မတိုက်ပွဲဝင် တင့်ကားကဲ့သို့ စစ်ဘက်ဆိုင်ရာ ယာဉ်များကို တိုက်ခိုက်ဖို့ အသုံးပြုနေကြပါတယ်။

သံချပ်ကာယာဉ်များအပေါ် ဒရုန်းများရဲ့ ခြိမ်းခြောက်လာမှုဟာ ဖြေရှင်းရမယ့် ကိစ္စအသစ်တခု ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်များမှာ စစ်တပ်များဟာ ယူကရိန်း၊ လစ်ဗျား၊ အီရတ်နှင့် ဆီးရီးယား နိုင်ငံများအတွင်း ပေါက်ကွဲစေသည့် ပစ္စည်းများနှင့် ဗုံးများကို အသုံးပြုကာအ သေ ခံဒရုန်း ပုံစံ အသုံးပြုခဲ့ကြပါတယ်.
၂၀၁၇ မှာဖြစ်ပွားခဲ့တဲ့ ယူကရိန်း လက်နက်တိုက်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့အတွက် ဒေါ်လာ သန်း ၁ ထောင်လောက်တန်တဲ့ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရပါတယ်။
၂၀၁၇ ထဲမှာပဲ IS များ၏ အသေးစား ဖောက်ခွဲရေး ပစ္စည်းများကို ဒရုန်းဖြင့်လွှတ်ချကာ အီရတ် ကြည်းတပ်၏ တင့်ကားကို တိုက်ခိုက်ခဲ့ရာ တင့်ကားအပေါက်မှ ထွက်ကာ ကြည့်ရှုနေတဲ့ တင့်ကားအဖွဲ့ ခေါင်းဆောင်ကို မပြန်လမ်းကို ရောက်စေခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ ဆီးရီးယားအနောက်မြောက်ပိုင်းရှိ ရုရှား Khmeimim လေတပ် အခြေစိုက်စခန်းကို ဒရုန်း ၁၃ စင်းဖြင့် တပြိုင်နက် တိုက်ခိုက် ခံခဲ့ရပါတယ်။

ဒရုန်းများဟာ မြန်ဆန်ပြီး စစ်ကစား လှုပ်ရှားနိုင်စွမ်းမြင့်မားပါတယ်။ IS တွေ လုပ်ပြခဲ့သလိုပဲ ၎င်းတို့ဟာ ယာဉ်တခုလုံးကို ပျက်စီးအောင် တိုက်ခိုက်ဖို့ စွမ်းအင် ကြီးကြီးမားမား မလိုအပ်ပါဘူး။
အောင်စ အနည်းငယ်လောက်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းဟာ ချက်ကောင်းကိုသာ ထိအောင် ပြုလုပ်နိုင်ပါက ဒရုန်ထက်အများကြီး ကြီးတဲ့ သံချပ်ကာကားကိုတောင် အနိုင်ယူ ဖျက်ဆီးနိုင်မှာပါ။
ပိုဆိုးလာတာက ဒရုန်းတိုက်ခိုက်မှု နည်းပညာဟာ ယခင်ထက် အများကြီး တိုးတက် ပြောင်းလဲ လာနေတာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်က ခေတ်အမှီဆုံး ဒရုန်းတိုက်ခိုက်မှုဟာ ဝါသနာရှင်သုံး ပန်ကာလေးခုတပ် ဒရုန်းများနှင့် အိမ်လုပ် တောင်ပံတပ် ဒရုန်းများကို အသုံးပြုကာ လက်ပစ်ဗုံးနှင့် မော်တာ ကျည်များကိုချတဲ့ နည်းကို သုံးခဲ့တာပါ။
၂၀၂၀ ခုနှစ်မှာတော့ လစ်ဗျား တပ်ဖွဲ့များဟာ အလိုအလျှောက် ဒရုန်းများကို အသုံးပြုပြီး ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့်အပြင် အစ္စရေး စစ်တပ်ဟာလည်း ဂါ ဇာရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် drone swarm လို့ခေါ်တဲ့ ဒရုန်းအများအပြား တပြိုင်နက် အသုံးပြုတိုက်ခိုက်မှုကို ယခုနှစ် အစောပိုင်းမှာ အသုံးပြုခဲ့ပါသေးတယ်။
ဒါတွေအားလုံးဟာ ဒရုန်းကာကွယ်ရေး နည်းပညာများကို ပိုမို ရှုပ်ထွေးလာစေပြီး နည်းပညာကို နောက်ကျ ကျန်နေစေပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ဖန်တီးခဲ့တဲ့ ဒရုန်း ကာကွယ်ရေး စနစ်တွေဟာ အခုဆို ခေတ်နောက်ကျသွားပါပြီ။

ကာလီဘာသေးတဲ့ Stryker လေကြောင်းကာကွယ်ရေး သံချပ်ကာယာဉ်သစ်မှာ တပ်ဆင်ထားတဲ့ စက်ကလေးဟာ အန္တရာယ်ရှိတဲ့ ဒရုန်း တစင်းကို တားဆီးနိုင်ပေမယ့် အစုလိုက် အပြုံလိုက် လာတဲ့ ဒရုန်းတွေကိုတော့ ဘယ်လိုမှ ချက်ချင်း တားဆီးနိုင်မှာ မဟုတ်ပါဘူး။
တဖက်မှ ဒရုန်းကို စေခိုင်းခြင်းကို ရပ်တန့်နိုင်မယ့် ယာဉ်တင် ရေဒီယိုလှိုင်း ဖိဖျက်စနစ် jammer များဟာလည်း ရန်သူကို တိုက်ခိုက်ဖို့ ကြိုးမဲ့ဆက်သွယ်ရေးဖြင့် မောင်းနှင်ဖို့ မလိုတဲ့ အလိုအလျှောက်စနစ်သုံး ဒရုန်းများ အပေါ်မှာ သက်ရောက်မှု မရှိနိုင်ပါဘူး။
နောက်ထပ်တခုဟာ အမေရိကန်တို့ဟာ အစုလိုက် အပြုံလိုက် ဒရုန်း ကာကွယ်ရေး နည်းပညာမှာ အနည်းငယ် နောက်ကျနေပါတယ်။
သူများထက် နောက်ကျတာမဟုတ်ပါဘူး။ တိုးတက်လာတဲ့ ဒရုန်း နည်းပညာအတွက် တန်ပြန်ဖို့ နည်းပညာ ဖွံ့ဖြိုးဖို့ နောက်ကျနေတာပါ။
ကြည်းတပ်အတွက် Stryker သံချပ်ကာယာဉ်များအတွက် လေကြောင်းကာကွယ်ရေး မျိုးကွဲ သံချပ်ကာ ယာဉ်သစ်များ ရရှိလာပေမယ့် ပိုမို ကြီးမားတဲ့ Abram တင့်ကားနှင့် Bradley တိုက်ိခုက်ရေးယာဉ်များမှာတော့ ဘာမှ တန်ပြန်စရာ မရှိသေးပါဘူး။
လက်ရှိမှာ တင့်ဖျက်ရော့ကတ်များနှင့် ဒုံးကျည်များရန်မှ ကာကွယ်ဖို့ active protection system များကို သံချပ်ကာယာဉ်များတွင် တပ်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် ထိုကြိုးပမ်းမှုဟာ မအောင်မြင်ဘဲ Abrams တင့်ကားများသာ APS စနစ်ဖြင့် ဒုံးကျည်ကာကွယ်ရေးများ လုပ်ဆောင်နိုင်ပါသေးတယ်။
ဒရုန်းများအတွက် တခုထဲသော ဖြေရှင်းနည်းမှာ အုပ်စုလိုက် ဒရုန်းများကို တခါတည်း ရှင်းလင်းနိုင်မယ့် မိုက်ခရိုဝေ့ဖ် လက်နက်ပဲ ဖြစ်ပါတယ်။
အဲဒီ့ရဲ့ ဆိုးကျိုးတခုကတော့ အနီးမှာရှိတဲ့ မိမိ တပ်သားများဟာ မိုက်ခရိုဝေ့ဖ် ရောင်ခြည် ထိခိုက်နိုင်မယ့် အလားအလာ ရှိတာပါပဲ။

အခု လက်ရှိမှာ မိုက်ခရိုဝေ့ဖ် လက်နက် THOR ကို စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒရုန်းပြသနာကို လုံးဝ စိတ်ချနိုင်ဖို့ ပိုမို နီးကပ်လာပြီ ဖြစ်ပါတယ်။
THOR ၏ နောက်တွင် နောက်ထက် မိုက်ခရိုဝေ့ဖ် လက်နက်တခု ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း လည်း Knowledgeworms တွင် ဖော်ပြပြီး ဖြစ်ပါတယ်။
အမေရိကန်ဟာ အစုလိုက် အပြုံလိုက် ဒရုန်းများကာကွယ်ရေး နည်းပညာကို အမှီလိုက်နေဆဲ ဖြစ်သော်လည်း ကြီးကြီးမားမား တိုက်ခိုက်ခံရမှု မဖြစ်ခင် မိုက်ခရိုဝေ့ဖ်များကို အောင်မြင်စွာ ဖြန့်ကျက်နိုင်ဖွယ် ရှိပါတယ် ခင်ဗျာ။
ယခုဆောင်းပါး ရေးသားပြီး မကြာခင်မှာပဲ Drome Swarm များကို တားဆီးနိုင်မယ့် လေဆာစနစ်ကို စမ်းသပ်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါအကြောင်းကို “သံချပ်ကာကားများတွင် လေဆာ လက်နက်များ တပ်ဆင် စမ်းသပ်ခဲ့တဲ့ အမေရိကန်ကြည်းတပ်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Updated on 1/21/2022
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။