Karatos ကာကွယ်ရေး နှင့် လုံခြုံရေး မှ Skyborg အလိုအလျှောက်စနစ်သုံး မောင်းသူမဲ့လေယာဉ်ကို ၂၀၂၃ ခုနှစ်တွင် အဆင်သင့် ဖြစ်စေရန် ကတိပြုလိုက်ပါတယ်။
General Atomics နှင့် Karatos တို့ဟာ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ် စီမံကိန်းအတွက် ဒေါ်လာ ၇ သန်းနှင့် ၁၃.၂ သန်း အသီးသီး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
Karatos မှ ၎င်း၏ Skyborg စီမံကိန်းအတွက် XQ-58A Valkyrie ကို အသုံးပြုမှာ ဖြစ်ပြီး General Atomics ကတော့ MQ-20 Avenger ကို အသုံးပြုသွားမှာပါ။
Avenger မောင်းသူမဲ့လေယာဉ် အလိုအလျှောက် ပစ်မှတ်ရှာ စနစ်ဖြင့် စမ်းသပ်နေကြောင်းကို “အလိုအလျှောက် ပစ်မှတ်ရှာစနစ်နှင့် စမ်းသပ်ခဲ့တဲ့ Avenger မောင်းသူမဲ့လေယာဉ်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

Skyborg မောင်းသူမဲ့လေယာဉ် ဟာ အလိုအလျှောက်စနစ်ကို အဓိကထားကာ အမေရိကန်လေတပ်၏ လေယာဉ်များနှင့် အဖွဲ့လိုက် လှုပ် ရှား နိုင်ရမှာ ဖြစ်ပြီး ကုန်ကျစရိတ် သက်သာရမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ အမေရိကန် လေတပ်၏ အလျှင်အမြန် ရှေ့ပြေးပုံစံ ထုတ်လုပ်ခြင်းနှင့် နည်းပညာသစ်များ ဖွံ့ဖြိုးတိုးတက်စေမှု Vanguard စီမံကိန်း၏ ပမာဏ အစပျိုးမှု ၃ ခုထဲမှ ၁ ခုဖြစ်ပါတယ်။
အခြား ၂ ခုကတော့ လက်နက်များကို ကွန်ယက်ချိတ်ဆက်သည့် နည်းပညာ Golden Horde နှင့် လမ်းပြ နည်းပညာ ဂြိုဟ်တု (NTS-3) တို့ ဖြစ်ပါတယ်။
XQ-58A Valkyrie မောင်းသူမဲ့လေယာဉ်များဟာ ပြန်လည် အသုံးပြုလို့ရတဲ့ အလိုအလျှောက်စနစ်သုံး ဒရုန်းတစီးအနေဖြင့် အလွန်ကို ကုန် ကျစရိတ် သက်သာပါတယ်။
တစင်းလျှင် ဒေါ်လာ ၂ သန်းလောက်သာ ကျသင့်မှာ ဖြစ်တဲ့အတွက် ဒေါ်လာ သန်း ၁၂၀ လောက်တန်တဲ့ RQ-4 Global Hawk များနှင့် နှိုင်းယှဉ်ပါက သိသိသာသာကို ကွာခြားနေတာပါ။

အဲဒီ့ မောင်းသူမဲ့လေယာဉ်များဟာ အရွယ်အစား သေးငယ်တဲ့ ဗုံးလေးများ တင်ဆောင်ပြီး မိုင် ၂ ထောင်လောက် အထိ စစ်ဆင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။
၎င်းတွင် Artificial Intelligence ဥာဏ်ရည်တု တပ်ဆင်ထားသည့်အတွက် အလိုအလျှောက် ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း ရှိသည့်အပြင် လေယာဉ်မှူးမှလည်း ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
သီအိုရီအရ Vlakyrie တွေဟာ အဓိကတိုက်လေယာဉ်တွေရှေ့က ကြိုတင်ပျံသန်းပြီး အာရုံခံစနစ်တွေနှင့် ရေဒါပျောက်တိုက်လေယာဉ်တွေကိုယ်စား ပစ်မှတ်တွေကိုရှာဖွေပေးကာ လက်ဦးမှုရစေမှာဖြစ်ပြီး
အဆိုးဆုံးအခြေအနေဖြင့် ၎င်းကိုယ်တိုင် အပျက်စီးခံပေးစေကာ ပင်မ တိုက်လေ ယာဉ်တွေအပေါ်မှာ ကျရောက်နိုင်မည့် အန္တရာယ်တွေကို ကိုယ်စားခံပေးနိုင်မှာပါ။
ဒါ့ကြောင့် ဒီ မောင်းသူမဲ့လေယာဉ်ဟာ အန္တရာယ် အရမ်းများတဲ့ စစ်ဆင်ရေးတွေကို pilot တွေ ဆုံးရှုံးစရာ၊ တန်ဖိုးကြီး drone တွေ ပျက်စီးစရာမျိူး ဖြစ်စရာမလိုဘဲ တပ်ဦးမှနေပြီး စွမ်းဆောင် ပေးသွားမှာဖြစ်ပါတယ်။

Karatos ၏ ဥက္ကဌနှင့် CEO ဖြစ်တဲ့ Eric DeMarco ကတော့ “Karatos ဟာ XQ-58 Vlkyrie နှင့် ၂၀၂၃ ခုနှစ်မှာ Cyborg စီမံကိန်းမှ ဝယ် ယူမှု အစီအစဉ်အထိ ဖြစ်လာအောင် အမေရိကန်လေတပ်ကို ပံ့ပိုးသွားမှာပါ” လို့ ကတိပေးပြီး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတုန်းက XQ-58A Valkyrie မောင်းသူမဲ့လေယာဉ်ကို အမေရိကန်လေတပ် တိုက်လေယာဉ်များနှင့် တွဲဖက် ပျံသန်း စမ်းသပ်ခဲ့ပါတယ်။
အဲဒီ့ အကြောင်းကို Knowledgeworms မှ “F-22၊ F-35 တို့နှင့်တွဲဖက် ပျံသန်းခဲ့တဲ့ XQ-58 Valkyrie UCAV နှင့် အနာဂါတ်နည်းပညာများ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလအတွင်းမှာလည်း Skyborg အလိုအလျှောက် အဓိကစနစ်ကို တပ်ဆင်ထားတဲ့ Karatos ၏ UTAP-22 နည်းဗျူဟာ မောင်းသူမဲ့လေယာဉ်ဖြင့် ၂ နာရီနှင့် ၁၀ မိနစ်ကြာအောင် မောင်းနှင်ခဲ့ပါသေးတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။