တွားသွား သတ္တဝါ မျိုးစိတ် ၅ မျိုးလျှင် ၁ မျိုးကျော်နှုန်းဖြင့် မျိုးသုဉ်း ပျောက်ကွယ်နေတဲ့ အကြောင်း

News Science

ကမ္ဘာတစ်ဝှမ်းလုံးရှိ တွားသွား သတ္တဝါ မျိုးစိတ်ပေါင်း ထောင်နှင့်ချီဟာ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေပါတယ်။

လေ့လာမှုအသစ်တစ်ခုအရ တွားသွားသတ္တဝါမျိုးစိတ်အားလုံးရဲ့ 21% ဟာ မျိုးသုဉ်းလုနီးပါး သို့မဟုတ် ပြင်းထန်စွာမျိုးသုဉ်းလုဒဏ်ကို ခံနေရပြီ ဖြစ်ပါတယ်။

မိကျောင်းနှင့် လိပ်များဟာ မျိုးသုဉ်းဖို့ အန္တရာယ် အကြီးဆုံးဖြစ်ပြီး အဆိုပါ မျိုးစိတ်များရဲ့ ၅၇.၉% နှင့် ၅၀% အထိ အသီးသီး မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတယ်ဟု သိရပါတယ်။

လူသားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ တောရိုင်းမျိုး စိတ်တွေ မျိုးသုဉ်းပျောက်ကွယ်သွားစေဖို့ တွန်းအား ပေးနေတယ်ဆိုတဲ့ အချက်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။

အခြေအ​နေတွေကို ကောင်းစွာ နားလည် သဘောပေါက်မယ် ဆိုရင် ၎င်းတို့ကို အလိုအပ်ဆုံး နေရာတွေမှာ ထိန်းသိမ်း စောင့် ရှောက် ရေးဆိုင်ရာ ကြိုးပမ်းမှုများကို အာရုံစိုက်ခြင်းဟာ ပထမခြေလှမ်းဖြစ်ပါတယ်။

သုတေသီအဖွဲ့တစ်ဖွဲ့ဟာ တွားသွားသတ္တဝါများရဲ့ အခြေအနေ ဘယ်လောက် ဆိုးရွားနေသလဲဆိုတာကို အကဲဖြတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ငှက်တွေ၊ နို့တိုက်သတ္တဝါ​တွေနှင့် ကုန်းနေရေနေသတ္တဝါ​တွေအတွက် လေ့လာ အကဲဖြတ်မှုများ ပြုလုပ်ခဲ့သော်လည်း တွားသွားသတ္တဝါ​တွေအတွက် နည်းပါးပါတယ်။

သုတေသီများက တိုက်ကြီး ခြောက်တိုက်ရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ မျိုးစိတ်ပေါင်း ၁၀၁၉၆ မျိုးကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ မျိုးစိတ် ၅ ခုတွင် ၁ ခုခန့်ဟာ မျိုးသုဉ်းဖို့ ခြိမ်းခြောက်ခံနေရကြောင်း တွေ့ရှိခဲ့ရပါတယ်။

စစ်တမ်းမှာဆိုရင် တိုက်ကြီးခြောက်တိုက်မှ နိုင်ငံပေါင်း ၂၄ နိုင်ငံ ပါဝင်ခဲ့သည်။

သစ်တောတွင်နေထိုင်တဲ့တွားသွားသတ္တဝါများရဲ့ 30% ဟာ မျိုးသုဉ်းဖို့ အန္တရာယ်ရှိကြောင်း လေ့လာမှုအရ တွေ့ခဲ့ရပြီး မိုးနည်းတဲ့နေရာ​တွေမှာ နေထိုင်တဲ့တွားသွားသတ္တဝါများရဲ့ 14% နှင့် နှိုင်းယှဉ်ပါက မျိုးသုဉ်းဖို့အန္တရာယ်ပိုရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။

“အရေးကြီးဆုံးတွေ့ရှိချက်က ကမ္ဘာတစ်ဝှမ်းရှိ တွားသွားသတ္တဝါများရဲ့ 21% ကျော်၊ မျိုးစိတ် 1,800 ကျော်ဟာ မျိုးသုဉ်းဖို့ ခြိမ်းခြောက်ခံနေရတယ်” ဟု NatureServe မှ အကြီးတန်းထိန်းသိမ်းရေးပညာရှင် Bruce E. Young က ဆိုပါတယ်။

လက်ရှိမျိုးစိတ်တွေရဲ့ မျိုးသုဉ်းမှုနှုန်းဟာ သဘာဝ နောက်ခံ မျိုးသုဉ်းမှု နှုန်းထက် အဆ 100 မှ 1,000 ပိုများနေကြောင်း ခန့် မှန်း ရပြီး ဒီအတွက် အဓိကတရားခံက လူတွေရဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။

ကျွန်ုပ်တို့လူသားတွေဟာ လူ့သမိုင်းတစ်လျှောက် ကြီးမားတဲ့ မျိုးသုဉ်းမှုနှုန်းဖြင့် မျိုးသုဉ်းသွားစေရန် လုပ်ဆောင်နေပြီး တွားသွားသတ္တဝါများလည်း လွတ်ကင်းခြင်းမရှိပါဘူး။

တွားသွားသတ္တဝါမျိုးစိတ်အားလုံးရဲ့ ငါးပုံတစ်ပုံလောက် ဆုံးရှုံးနိုင်ချေက လူသားတွေလည်း ပါဝင်ပြီး ကမ္ဘာပေါ်ရှိ မျိုးစိတ်အားလုံးကို ခြိမ်းခြောက်နေသည့်အပြင် ဘယ်လောက်ပျောက်ကွယ်သွားသလဲဆိုတာကို သတိပေးနေပါတယ်ဟု US National Science Foundation မှ ပရိုဂရမ်ဒါရိုက်တာ Maureen Kearney က ပြောပါတယ်။

လေ့လာမှု သုတေသနပြုချက်အရ လူ့အဖွဲ့အစည်းအနေနဲ့ မဟာဗျူဟာကျကျ ထိရောက်တဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုတွေ ဖော်ထုတ်ဖို့နဲ့ ကွာဟချက်ကို ဖြည့်ဆည်းပေးမယ်ဆိုရင် မျိုးစိတ်အားလုံးအတွက် အရေးကြီးတဲ့ မျိုးသုဉ်းနိုင်ခြေအချက်အလက်ကို နားလည်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

သုတေသီတွေက မျိုးသုဉ်းလု နီးပါး မျိုးစိတ်များ အများဆုံးပါဝင်သည့် ဒေသများနှင့် မကြာခဏ သစ်တော ပြုန်းတီးသည့် ဒေသများကိုလည်း အသေးစိတ်မြေပုံထုတ်ခဲ့ပါတယ်။

ဒါဟာ ထိန်းသိမ်းရေးလုပ်ဆောင်မှုတွင် အရေးကြီးဆုံးဖြစ်သည့် နယ်ပယ်များကို ညွှန်ပြ​​နေရုံသာမက မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုမျိုးတွင်မဆို အထောက်အကူအပြုဆုံးဖြစ်မည်ဟု ဆိုပါတယ်။

“ခြိမ်းခြောက် ခံနေရတဲ့​ တွားသွား သတ္တဝါတွေရဲ့ အကြီးမားဆုံး အစုအဝေးမှာ အရှေ့တောင် အာရှ၊ အနောက် အာဖရိက၊ မာဒါဂတ်စကာ မြောက်ပိုင်း၊ Andes မြောက်ပိုင်းနှင့် ကာရေဘီယံတို့ပဲ ဖြစ်ပါတယ်။

တစ်ခုတည်းသော အထိရောက်ဆုံး ထိန်းသိမ်းရေး ကြိုးပမ်းမှုမှာ သစ်တောများ ပျက်စီးခြင်းမှ ကာကွယ်ဖို့နှင့် အဆိုပါ နေရာတွေက ပျက်စီးနေတဲ့ သစ်တောများကို ပြန်လည်ပြုပြင်ဖို့ ဖြစ်တယ်” ဟု Young က ထပ်လောင်းပြောကြားခဲ့ပါတယ်။

တကယ်တော့ တွားသွားသတ္တဝါများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက အခြားသော တိရစ္ဆာန်တွေဖြစ်တဲ့ ငှက်များ၊ နို့တိုက်သတ္တဝါများနှင့် ကုန်းနေရေနေသတ္တဝါများအတွက်လည်း အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါတယ်။

တွားသွားသတ္တဝါများကို ကူညီပေးတဲ့ လုပ်ဆောင်ချက်တွေက အခြားဇီဝမျိုးစုံမျိုးကွဲများ နှင့် အပြန်အလှန်အားဖြင့် အ ထောက်အကူဖြစ်စေတာကြောင့် ထိန်းသိမ်းရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

လူသိများတဲ့ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုတွေက တွားသွားသတ္တဝါတွေကို ကာကွယ်ဖို့ အထောက်အကူဖြစ်နိုင်တာကြောင့် ဒါဟာ သတင်းကောင်းပါပဲ။

စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဲ့သို့သော ခြိမ်းခြောက်မှုကြောင့် တွားသွားသတ္တဝါများအပြင် အခြားသော ကျောရိုးရှိသတ္တဝါများအတွက် နေထိုင်မှုကာကွယ်ရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။

တွားသွားသတ္တဝါတွေက ကွဲပြားတဲ့အုပ်စုတစ်ခုဖြစ်ပြီး ၎င်းတို့ကိုကူညီဖို့ ကြိုးပမ်းမှုတွေကလည်း ကွဲပြားဖို့ လိုအပ်မည်ဖြစ်ကာ ၎င်းတို့မျိုးသုန်းမှုမဖြစ်အောင် ကာကွယ်ထိန်းသိမ်းမှုတွေကို လျင်မြန်စွာ မြှင့်တင်ဖို့ လိုအပ်ကြောင်း သုတေသီများက တိုက်တွန်းထားပါတယ်။

1980 ခုနှစ်များကတည်းက ကော်စတာရီကာမှာ အခြေစိုက်နေထိုင်ခဲ့တဲ့ Young က နိုင်ငံသစ်တောတွေမှာ တွားသွားသတ္တဝါမျိုးစိတ်တွေရဲ့ ရှင်သန်နေထိုင်ပုံကို ပြောပြပါတယ်။

သို့သော် စိုက်ပျိုးရေးအတွက် သစ်တောပြုန်းတီးမှုဟာ မျိုးစိတ်များ မျိုးသုဉ်းခြင်းအထွတ်အထိပ်သို့ ရောက်စေပါတယ်။

တွားသွားသတ္တဝါများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာဖြစ်သော်လည်း၊ ကျွန်ုပ်တို့အနေနဲ့ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ကူညီပေးနိုင်ပါတယ်။

အထူးသဖြင့် တွားသွားသတ္တဝါများကို ကာကွယ်ဖို့ အိမ်မွေး တိရစ္ဆာန်အဖြစ် ထားရှိခြင်းကို တွန်းလှန်ဖို့ဖြစ်ပါတယ်။

တခါတရံမှာ ၎င်းတိရစ္ဆာန်များကို တောရိုင်းမှ ယူဆောင်သွားပြီး မွေးမြူကြပါတယ်။

သို့​ပေမဲ့လည်း အရေးအကြီးဆုံးကတော့ သစ်တောဆုံးရှုံးမှုကို ဖြစ်စေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို လျှော့ချဖို့ ကျွန်ုပ်တို့ လုပ်ဆောင်သင့်တာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.