New Year Night အတွက် Hot Pot (အလွယ်) ချက်နည်းလေး ဖော်ပြ ပေးချင်ပါတယ်။
ဒီနှစ်တော့ စိတ်ညစ်ညူးစရာတွေ များတဲ့အတွက် ပျော်စရာမဟုတ်ရင်တောင် စိတ်အပန်းဖြေစေဖို့ အိမ်မှာ ဟော့ပေါ့ လုပ်စားနိုင်အောင် ၃ ယောက်စာ အဝစားနိုင်မယ့် နည်းလေး ဖော်ပြပေးလိုက်ပါတယ်။
ပစ္စည်း အစုံအလင် ဝယ်ဖို့ ခက်ခဲတဲ့ အချိန်မှာ ရှိတာလေးနဲ့ အရသာ ရှိရှိ စားလို့ရအောင်လို့ အလွယ် နည်းလေးကို စဉ်းစားလိုက်တာပါ။

ပထမဆုံး hot pot ဟင်းရည် ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းများ (၃ ဦးစာ)
၁။ ရေသန့် ၂ လီတာ ခန့် လိုအပ်ပါတယ်။
၂။ ကြက်ရိုး(သို့) ဝက်ရိုး -၁၀ ကျပ်သား (အရသာ မကြိုက်ပါက မထည့်လည်း ရပါတယ်)
၃။ မုန်လာဥဖြူ -၂ ဥ (၁၀ ကျပ်သားခန့်) နှင့် ဂျင်း လက်တစ်ဆစ်ခန့်
၄။ ဟော့ပေါ့ အနှစ် (ပုံပါ ဟော့ပေါ့အနှစ်ထုပ် ထမင်းစားဇွန်း ၂ ဇွန်း)
၅။ တုန်ယမ်းခဲ -ပုံပါ တစ်ဘူး (တစ်ဘူးတွင် ၂ခဲပါပါသည်)
၆။ ခေါက်ဆွဲ ကြိုက်နှစ်သက်ပါက ခေါက်ဆွဲခြောက် အလွတ်များကို အသုံးပြုနိုင်ပါတယ်။

ဟော့ပေါ့ချက်နည်း
၁။ ရေ တစ်လီတာခွဲ ကို ဂျင်းလက်တစ်ဆစ်ခန့်ထုထည့်ပါ။
၂။ ကြက်ရိုး(သို့)ဝက်ရိုး ထည့်ပါ။ (မထည့်ချင်လဲရပါတယ်)
၃။ မုန်လာဥဖြူထည့်ပါ။ (မုန်လာဥဖြူက မဖြစ်မနေထည့်စေချင်ပါတယ်)
၄။ ရေကျပြီး မုန်လာဥ အချိုထွက်လာသည်အထိ မီးအေးအေးဖြင့် တည်ထားပါ။ (ဖြစ်နိုင်ရင် ညစားဖို့အတွက် နေ့လည်ထဲက ဟင်းရည်ကို မီးအေးအေးနဲ့တည်ထားပါ)

စားခါနီးမှ မုန်လာဥ ဟင်းရည်ချိုချိုလေးထဲကို ဟော့ပေါ့ အနှစ်နဲ့ တုန်ယမ်းခဲ ထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူလာရင် နှစ်သက်ရာ အသားများ အသားလုံးများကို ထည့်ပါ။
အသားထည့်ပြီး ၁၀မိနစ်ခန့်ကြာလျှင် ခေါက်ဆွဲထည့်ပါ ခေါက်ဆွဲထည့်ပြီးမှ နှစ်သက်သည့် အသီးအရွက်ကို ထည့်ပါ။
(ကျက်ဖို့ကြာတဲ့ ပိန်းဥ အာလူး စာတာတွေထည့်ရင်တော့ အသားထည့်တဲ့အချိန် ထည့်ပါရှင့်)

နောက်ဆုံးမှာတော့ အရသာရှိတဲ့ home made ဟော့ပေါ့လေးရပါပြီ။ (ပုံမှာချက်ထားတာက ၃ယောက်စာပါ-အသား အသီးရွက် မိမိကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်နော်)
အထက်ဖော်ပြပါ ဟော့ပေါ့ အလွယ် ချက်နည်းဟာ အိမ်တွင် အလွယ်တကူရှိသည့် ဒယ်နီ ဖြင့် ချက်ပြုတ် သရုပ်ပြထားခြင်း ဖြစ်ပါသည်။
ရေးသားသူ – Soe Soe (Knowledgeworms Contributor)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။