ကြက်ဥနဲ့ ကြက် ဘယ်ဟာက အရင်ဖြစ်လာသလဲ ဆိုတာ ကမ္ဘာတဝှမ်းရှိ လူတော်တော်များများ အတွက် ရှုပ်ထွေးတဲ့ ပုစ္ဆာတပုဒ်အဖြစ် ရှိနေခဲ့တာ ကြပါပြီ။
ဒီ ဖြစ်စဉ် စက်ဝန်းဟာ ဘယ်တော့မှ ရပ်မသွားတဲ့ အစမရှိ အဆုံးမရှိတဲ့ စက်ဝန်းတခုဖြစ်တဲ့အတွက် ကြက်ဥက အရင်ဖြစ်တာလား ကြက်က အရင်ဖြစ်တာလား ဆိုတာ စဉ်းစားရင် နည်းနည်း အီလည်လည်ကြီးပါ။
ဒါပေမယ့် အဖြေကို တိတိကျကျ ပြောဖို့ရာအတွက် အငြင်း ပွားစရာတွေ ရှိပေမယ့် ခေါင်းစဉ်တခုထဲ အောက်ကို ဆွဲသွင်း ထားလိုက်ရင် အနည်းငယ် လွယ်ကူသွားပါမယ်။

အဲဒါကတော့ သိပ္ပံနည်းကျ စဉ်းစားတာဖြစ်ပြီး အရှိကို အရှိအတိုင်း စဉ်းစားကြည့်ရင် အဖြေက ရှင်းပါတယ်။
အခြေခံအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြက်ဆိုတဲ့ သတ္တဝါ ဖြစ်မလာခင်မှာ ကြက်နှင့်တူတဲ့ ငှက်တွေ ရှိခဲ့ပါတယ်။
အဲဒီ့ ငှက်တွေဟာ ကြက်နှင့် မျိုးရိုးဗီဇ နီးစပ်ပေမယ့် ယနေ့ခေတ် ကြက်များနဲ့တော့ တပုံစံထဲ မတူညီသေးပါဘူး။
အဲဒီလို ကြက်နှင့် အမျိုးတော်တဲ့ ငှက်မျိုးနွယ်ကို proto-chicken (ကြက်တွေရဲ့ ရှေ့ပြေး မျိုးစိတ်) လို့ခေါ်ပြီး ကြက်ထီးနှင့် ကြက်မ မိတ် လိုက်ခြင်းမှ တဆင့် ဥ ဥသည့် ဖြစ်စဉ် လုပ်ဆောင်ပါတယ်။
ဥကို proto-chicken တွေရဲ့ သားအိမ်အတွင်းမှ ထွက်လာတဲ့ ovocleidin-17 (OC-17) ကနေ အခွံမာဖြစ်အောင် ဖန်တီးပေးတာ ဖြစ်ပေမယ့် ဥထဲက ဖြစ်စဉ်ကတော့ ပြောင်းလဲသွားပါတယ်။
(ဒီ အချက်အလက်အရ ကြက်က စဖြစ်တယ်လို့ ပြောလို့ရပါတယ်)
ဒါပေမယ့် တခြား စဉ်းစားစရာ နည်းလမ်းက ရှိပါသေးတယ်။

proto-chicken အထီးနှင့် အမ နှစ်ကောင်၏ မျိုးရိုးဗီဇ နှစ်ခု ပေါင်းစပ်ချိန်မှာ နည်းလမ်းတမျိုးမျိုးနှင့် ဗီဇပြောင်းလဲခြင်း ဖြစ်ပေါ်လာပြီး ၎င်းတို့ရဲ့ မိဘတွေနှင့် မတူညီတဲ့ အနေအထားဖြင့် ပေါက်ဖွားလာပါတယ်။
ဒါဟာ မျိုးပွားခြင်းမှ ဇီဝဖြစ်စဉ်တခု ဖြစ်တဲ့ DNA ကို ပုံတူပွားခြင်းဟာ ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်း မတူညီနိုင်ဘဲ အနည်းငယ် အပြောင်း အလဲလေးတွေ ရှိလို့ ဖြစ်ပါတယ်။
ဒါပေမယ့် ကွဲပြားမှုဟာ မသိမသာဖြစ်ပြီး နှစ်သန်းချီပြီး အဆင့်ဆင့် ဗီဇပြောင်း ဆင့်ကဲ့ပြောင်းလဲ လာတဲ့အခါမှာ အလွန်ကွဲပြားတဲ့ အနေအ ထား ဖြစ်တဲ့ ယနေ့ခတ် ကြက်များ ဖြစ်လာပါတယ်။

ကျွန်တော်တို့ လူတွေဟာလည်း Homo Sapiens လို့ခေါ်တဲ့ ယနေ့ခေတ်လူသား ပုံစံ ဖြစ်လာဖို့အတွက်ကို ဆင့်ကဲ့ ပြောင်းလဲမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ယနေ့အထိလည်း လူတွေရဲ့ သွင်ပြင်ဟာ ဆက်လက် ဆင့်ကဲ့ ပြောင်းလဲနေတုန်း ဖြစ်ပြီး နောက်နှစ်ပေါင်း များစွာ ကြာလာတဲ့ အခါမှာ ယနေ့ခေတ် ပုံစံနှင့် အတော်လေး ကွဲပြားသွားနိုင်ပါတယ်။
ကြက်ဥကို ဖန်တီးမယ့် ကြက်မရှိဘဲ ကြက်တကောင် ဖြစ်မလာနိုင်ပေမယ့် ကြက်တွေဟာ proto-chicken ရဲ့ ဥကနေ ဆင့်ကဲ ဖြစ်လာတာ ဖြစ်လို့ ကြက်ကစတယ်လို့ ပြောလို့ မရတော့ပါဘူး။
ဒါ့ကြောင့် ယနေ့ခေတ် ကြက်များကို ပထမဆုံး စတင်လာစေတာ ဥကနေလို့ သတ်မှတ်နိုင်ပါတယ်။

အဲဒါမှမဟုတ်ရင်တော့ အပေါ်က ပြောခဲ့သလို ကြက်က စဖြစ်လာတယ်လို့ ပြောရမလားပါဘဲ။
အနိုင်ရချင်ရင်တော့ ကိုယ်လိုရာကို ဆွဲသာ ပြောပေတော့။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။