၂၀၂၂ ခုနှစ်အတွင်း ဘီလီယံ ရာချီ ဆုံးရှုံးခဲ့သည့် အီလွန်မက်စ်

Article Business

အီလွန်မက်စ် ဟာ ကမ္ဘာ့ အကြီးဆုံး လျှပ်စစ် စွမ်းအင်သုံးကား EV ထုတ်လုပ်သည့် ကုမ္ပဏီ Tesla၊ ပြန်လည် အသုံးပြုနိုင်သည့် ဒုံးပျံများကို အသုံးပြုသည့် SpaceX အာကာသ ကုမ္ပဏီနှင့် မကြာသေးမီက ဝယ်ယူလိုက်တဲ့ Twitter လူမှု ကွန်ယက်တို့ကို ပိုင်ဆိုင်ထားတာကြောင့် မသိသူ ရှားပါတယ်။

စီးပွားရေး အကွက်မြင်တတ်ပြီး နည်းပညာ စွန့်ဦးတီထွင်သူ ဖြစ်တဲ့ အီလွန်မက်စ် အတွက်တော့ ၂၀၂၂ ခုနှစ်ဟာ ကောင်းမွန်တဲ့ နှစ်တနှစ် မဟုတ်ခဲ့ပါဘူး။

Bloomberg Billionaires Index တွင် ဖော်ပြထားချက်အရ အီလွန်မက်စ် ဟာ ယခုနှစ်ထဲမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်လောက် ဆုံးရှုံးသွားခဲ့ရပါတယ်။

အသက် ၅၁ နှစ် အရွယ်ရှိပြီး ဖြစ်တဲ့ သူ၏ ပိုင်ဆိုင်မှုဟာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှာ အမေရိကန် ဒေါ်လာ ၃၄၀ ဘီလီယံလောက် အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။

ယခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ ၎င်း၏ပိုင်ဆိုင်မှုဟာ အနိမ့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပြီး ဒေါ်လာ ၁၇၀ ဘီလီယံလောက် အထိ ကျဆင်းသွားတာပါ။

ဒါဟာ သူ၏ အဓိက ကုမ္ပဏီတခု ဖြစ်တဲ့ Tesla ၏ ရှယ်ယာတွေ ၂ နှစ်လောက် ကျဆင်းနေတာကြောင့် ဖြစ်တယ်လို့ Bloomberg က နိုဝင်ဘာလ ၂၁ ရက်နေ့မှ သုံးသပ်ထားပါတယ်။

မက်စ်ဟာ Tesla ကုမ္ပဏီ၏ ရှယ်ယာ စုစုပေါင်း ၁၅ ရာခိုင်နှုန်းလောက်အထိ ပိုင်ဆိုင်ထားတာပါ။

လျှပ်စစ်စွမ်းအင်သုံး ကားကုမ္ပဏီ Tesla ၏ တန်ဖိုးဟာ နိုဝင်ဘာလ ၂၁ ရက်နေ့က ကျဆင်းခဲ့တာကြောင့် တရက်ထဲမှာပင် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံလောက် မက်စ်၏ ကြွယ်ဝမှုထဲက နှုတ်ယူသွားတာ ဖြစ်ပါတယ်။

Tesla Model 3 နှင့် Supercharger

သူ၏ ကြွယ်ဝမှုဟာ Tesla၊ SpaceX နှင့် မကြာသေးမီက ဝယ်ယူလိုက်တဲ့ Twitter တို့၏ စတော့ရှယ်ယာများ အပေါ် မူတည်နေတာကြောင့် ယခုလို သက်ရောက်ခဲ့တာပါ။

Tesla ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးဟာ ယနေ့အထိ ၅၈.၀၃ ရာခိုင်နှုန်းလောက် ကျဆင်း လာခဲ့ပြီး ဖြစ်ပါတယ်။

ယခုလို အကြီးအကျယ် ပိုင်ဆိုင်မှုတွေ ကျဆင်းသွားခဲ့တာတောင် ဆင်ပိန်ကျွဲလောက် ဆိုသလို ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်း ထုတ်လုပ်သူ Bernard Arnault ၏ ပိုင်ဆိုင်မှုကို ၁၃ ဘီလီယံကျော် အသာနဲ့ ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ ရှိနေဆဲပါ။

အလားတူ အညွှန်းကိန်းအရ မက်စ်၏ အသားတင် ပိုင်ဆိုင်မှုဟာ အမေဇုန် တည်ထောင်သူ Jeff Bezos ထက် အကြမ်းဖျင်းအားဖြင့် ၅၄ ဘီလီယံ အသာ၊ Microsoft ကို ပူးတွဲတည်ထောင်သူ Bill Gates ကို ၅၇ ဘီလီယံ အသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။

စီးပွားရေး ကျဆင်းမှုနှင့် အမေရိကန် Federal Reserve စနစ်၏ ပြင်းထန်တဲ့ အတိုးနှုန်းတက်ခြင်း၏ ဖိအားများကြောင့် Tesla ၏ စတော့ရှယ်ရာ ဈေးဟာ သက်ရောက်မှုတွေ ရှိနေပါတယ်။

ရင်းနှီးမြှုပ်နှံသူများဟာ တရုတ်နိုင်ငံရှိ Tesla ၏ စီးပွားရေး လုပ်ငန်းများ အပြင် လက်ရှိ တရုတ်နိုင်ငံအတွင်း ကပ်ရောဂါနှင့် ပတ်သက်သည့် တင်းကြပ်မှုများကြောင့် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

အလားတူပင် မကြာသေးခင်က လူမှုကွန်ယက် Twitter ကို အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူ လိုက်တာ ဟာလည်း သက်ရောက်မှုတွေ ရှိနေပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com