နာမည်ကြီး လူမှုကွန်ယက် တခုဖြစ်တဲ့ Twitter ဟာ သက်တမ်းအားဖြင့် ၁၆ နှစ်လောက် ရှိနေပြီဖြစ်တဲ့ လူမှုကွန်ယက်တခုဖြစ်ပါတယ်။
Elon Musk ဟာ Twitter ၏ ရှယ်ယာ ပမာဏ ၉.၂ ရာခိုင်နှုန်းကို မကြာသေးမီက ဝယ်ယူခဲ့ပြီး ကုမ္ပဏီကိုပါ ဝယ်ယူဖို့ ကြိုးပမ်းနေခဲ့တာပါ။
၎င်း၏ Twitter အကောင့်မှာ follower ပေါင်း ၈၂ သန်း လောက်လည်း ပိုင်ဆိုင်ထားပါတယ်။
အခုတော့ Twitter Inc ဟာ ကုမ္ပဏီကို Elon Musk အား ရောင်းချဖို့အတွက် အပြီးသတ် ဆုံးဖြတ်ချက် ချခဲ့ပြီ ဖြစ်ပါတယ်။

ကနဦး Musk ၏ Twitter အား ဝယ်ယူမှုအတွက် ကြိုးပမ်းရာတွင် အမှုဆောင်များနှင့် ဘုတ်အဖွဲ့ဝင် အများအပြားက ကန့်ကွက်ခဲ့ကြပေမယ့် နောက်ဆုံးမှာ သဘောတူခဲ့ကြတာပါ။
ထိုဖြစ်စဉ် မတိုင်ခင်က Musk ကို Twitter ၏ ရှယ်ရာ ၁၄.၉ ရာခိုင်နှုန်းထက် ပိုမို မဝယ်ယူဖို့ သဘောတူစေခဲ့ပါသေးတယ်။
အပြီးသတ် ဝယ်ယူဖို့ လုပ်ဆောင်စဉ်မှာ Musk ဟာ Twitter ကုမ္ပဏီကို အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၄၄ ဘီလီယံ လောက်ဖြင့် တန်ဖိုးသတ်မှတ်ခဲ့ပါတယ်။
ဒါဟာ နည်းပညာသမိုင်းမှာ အကြီးမားဆုံး ဝယ်ယူမှု တခုအနေဖြင့် မှတ်ယူရမှာ ဖြစ်ပြီး သန်းပေါင်းများစွာသော လူမှုကွန်ယက် အသုံးပြုသူများအပေါ် သက်ရောက်မှုတွေ ရှိလာမှာပါ။
သဘောတူညီမှုအရ Twitter Inc ဟာ အများပိုင် ကုမ္ပဏီမှ တဦးပိုင် ကုမ္ပဏီ ဖြစ်လာမှာ ဖြစ်ပြီး ရှယ်ရာရှင်များဟာ ရှယ်ရာ တစုအတွက် ၅၄.၂ ဒေါ်လာလောက် ရရှိမှာ ဖြစ်ပါတယ်။

Musk ဟာ Twitter ကို ဝယ်ယူဖို့ ကမ်းလှမ်းရာတွင် “ကမ္ဘာတဝှမ်း လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ပလက်ဖောင်းတခု ဖြစ်လာနိုင်ချေရှိတာကို ယုံကြည်တဲ့အတွက် Twitter မှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။”
“လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဒီမိုကရေစီ လူမှု အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုလို့ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ယခုလို Musk ရဲ့ ဝယ်ယူမှာကြောင့် တကမ္ဘာလုံးမှ Twitter အသုံးပြုသူများဟာ အတော်လေး စိတ်ဝင်စားနေကြပါတယ်။
လာမယ့် အနာဂါတ်မှာ Twitter ဟာ မူဝါဒပိုင်း ဆိုင်ရာမှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ရှိလာနိုင်ပြီး လွတ်လပ်စွာ ပြောဆိုခွင့် ပိုမို ရရှိလာနိုင်ဖွယ် ရှိပါတယ်။

SpaceX နှင့် Tesla ကုမ္ပဏီတို့ကို ပိုင်ဆိုင်ထားတဲ့ စွန့်ဦးတီထွင်သူ ကမ္ဘာအချမ်းသာဆုံး သူဌေးကြီး Elon Musk အနေဖြင့် Twitter Inc ကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
အလိုရှိသမျှ ရအောင် လုပ်ယူနိုင်တဲ့ Elon Musk ကတော့ အားကျစရာ ပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။