ကမ္ဘာ့ အူတိုင်မှ စွမ်းအင် ထုတ်လုပ်မည့် Geothermal နည်းပညာ

Knowledge Tech

စွမ်းအင်ဟာ ကမ္ဘာပေါ်ရှိ လူသားများအတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်တဲ့အတွက် စွမ်းအင်ရရှိရန် ဘက်ပေါင်းစုံမှ ကြိုးစားနေရပါတယ်။

ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်းလောင်စာများအား စွမ်းအင်အဖြစ် အသုံးချခြင်းဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို သိသိသာသာ ထိခိုက်စေတဲ့အတွက် သန့်ရှင်းတဲ့ စွမ်းအင်ကို ရရှိဖို့ရာ လိုအပ်ပါသေးတယ်။

စွမ်းအင်ထုတ်လုပ်မှုတွင် Geothermal ဟာ စိတ်ချရပြီး အဆက်မပြတ် အသုံးပြုလို့ရတဲ့ စွမ်းအင် တမျိုး ဖြစ်ပါတယ်။

Geothermal နည်းပညာ ဆိုသည်မှာ ပူပြင်းလှတဲ့ ကမ္ဘာ့မြေအောက် အလွှာများမှ အပူစွမ်းအင်ကို ထုတ်ယူသုံးဆွဲသည့် နည်းပညာ ဖြစ်ပါတယ်။

နေရောင်ခြည်ဟာ ၂၄ နာရီပတ်လုံး တောက်ပ မနေနိုင်သည့်အပြင် လေဟာလည်း အမြဲ တိုက်ခတ်နေတတ်သည့် အရာ မ ဟုတ်သည့်အတွက် နေရောင်ခြည်စွမ်းအင် နှင့် လေအားလျှပ်စစ် ကဏ္ဍတွင် အကန့်အသတ်တွေ ရှိပါတယ်။

သို့ပေမဲ့ ကမ္ဘာ့မြေအောက်ရှိ အူတိုင်ကတော့ အမြဲတစေ လောင်ကျွမ်းနေတဲ့အတွက် စွမ်းအင်ကို လုံလောက်စွာ ထုတ်ပေးနိုင်ပါတယ်။

အဲဒီ့အတွက် တခုထဲသော ပြဿနာကတော့ ကမ္ဘာ့အူတိုင်ကို ထိုးဖောက်နိုင်ဖို့အတွက် နည်းပညာလိုအပ်ချက် ရှိနေတာ ဖြစ်ပါတယ်။

များသောအားဖြင့် Geothermal စွမ်းအင်ကို မီးတောင် ဒေသတဝိုက် နှင့် ကမ္ဘာ့ပြတ်ရွေ့ကြီးများ တဝိုက်တွင်သာ တွေ့ရတတ်ပါတယ်။

Quaise Energy ကုမ္ပဏီဟာ ကမ္ဘာ့မြေအောက် အနက် ၆ မိုင် မှ ၁၂ မိုင်အထိ ထိုးဖောက်နိုင်မယ့် နည်းပညာကို အသုံးပြုပြီး မြေအောက်မှ geothermal စွမ်းအင်ကို ရယူ တော့မယ်လို့ ကြေငြာခဲ့ပါတယ်။

ဒါဟာ အောင်မြင်ခဲ့ရင်တော့ ကုမ္ပဏီဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍမှာ ခေတ်တခေတ် ဆန်းစေမယ့် ကုမ္ပဏီ ဖြစ်လာမှာ ဖြစ်ပါတယ်။

Image: adapted from The Gianna Angelopoulos Programme

ကုမ္ပဏီဟာ ထိုကဲ့သို့ မြေအောက်သို့ ထိုးဖောက်ဖို့အတွက် milimeter-wave drilling စနစ်ကို အသုံးပြုသွားမှာ ဖြစ်ပြီး မိုက်ခရိုဝေ့ဖ်များကို အသုံးပြုပြီး အရင်က မရောက်ဖူးတဲ့ အနက်အထိ မြေအောက်ကို ထိုးဖောက်သွားမယ်လို့ ဆိုပါတယ်။

Gyrotron စွမ်းအင်သုံး မြေအောက်ထိုးဖောက်စနစ်

ကုမ္ပဏီမှ မြေအောက်သို့ တူးရာတွင် အသုံးပြုမည့် စနစ်ဟာ Gyrotron စွမ်းအင်ကို အသုံးပြုမှာ ဖြစ်မယ်လို့ ပြောပါတယ်။

အလုပ်လုပ်ပုံမှာ မြေအောက်သို့ ၁ မိုင် ၂ မိုင်ခန့် တူးပြီးသည့် အချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ပုံမှန်အားဖြင့် တွေ့ရတတ်သည့် အလွှာလောက်သို့ ရောက်သည့်အခါ ဖိအားပေးထားသော ဓာတ်ငွေ့များကို အသုံးပြုပြီး ပြင်းထန်သည့် အပူရှိန်ကြောင့် အငွေ့ပျံသွားသည့် ကျောက်များကို နောက်သို့ မှုတ်ထုတ်ပါတယ်။

အဲဒီ့နောက် ရေကို အတွင်းနှင့် အပြင် စီးဆင်းစေပြီး အပူကို သယ်ဆောင်လာကာ ထွက်ပေါ်လာသည့် ရေနွေးငွေ့စွမ်းအင်ဖြင့် တာဘိုင်ကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ geothermal စွမ်းအင် ရယူခြင်းဟာ အခြား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ထုတ်လုပ်သည် မြေနှင့် ပစ္စည်း လိုအပ်မှု၏ ၁ ရာခိုင်နှုန်းလောက်သာ ရှိမယ်လို့ ပြောပါတယ်။

ထိုကဲ့သို့ နေရာနှင့် ပစ္စည်း လိုအပ်မှု နည်းပါးသည့်အတွက် ကုန်ကျစရိတ်ဟာ အတော်လေးသက်သာ စေမှာ ဖြစ်ပါတယ်။

ပိုကောင်းသည့်အချက်မှာ ကုမ္ပဏီဟာ geothermal စွမ်းအင်စက်ရုံသစ်များကို တည်ဆောက်ဖို့ထက် ရေနံနှင့် ဓာတ်ငွေ့စက်ရုံဟောင်းများကို ပြန်လည် အသုံးပြုဖို့ကိုသာ လေ့လာနေတာပါ။

ကုမ္ပဏီဟာ လက်ရှိတွင် အမေရိကန် ဒေါ်လာ ၆၃ သန်းလောက် အထိ ရင်းနှီးမြှုပ်နှံထားပြီး အနာဂါတ်အတွက် အလား အ လာကောင်းများ ဖန်တီးပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.