လူသားများကဲ့သို့ စကြဝဠာအတွင်းတွင် အခြား လူသားများ ရှိနိုင်တယ်လို့ ဆိုတဲ့ သုတေသီများ၏ သီအိုရီ

News

အနာဂါတ် လူသားတွေဟာ စကြဝဠာ အတွင်းမှာရှိတဲ့ တခြား ကမ္ဘာတွေဆီက လူတွေကို ရှာဖွေဖို့အတွက် သွားလာနိုင်မယ်လို့ စိတ်ကူးကြည့်ပါ။

Cambridge တက္ကသိုလ်မှ နက္ခတ်ဇီဝဗေဒပညာရှင် တယောက်ရဲ့ ပြောပြချက်အရ ဒီလို ဖြစ်နိုင်ချေဟာ သင်ထင်တာထက် ပိုပြီး များနိုင်တယ်လို့ သိရပါတယ်။

နက္ခတ်ဇီဝဗေဒပညာရပ် သို့မဟုတ် astrobiology ကို ယခင်က exobiology လို့ခေါ်ပြီး ၎င်းဟာ သက်ရှိတွေ စတင်ရာ၊ အစောပိုင်းဆင့်ကဲ ပြောင်းလဲမှုများ၊ ပျံ့နှံ့မှုများ နှင့် စကြဝဠာရှိ အနာဂါတ် သက်ရှိများအကြောင်းကို လေ့လာတဲ့ ဘာသာရပ်နယ်ပယ်တခု ဖြစ်ပါတယ်။

BBC သိပ္ပံ မဂ္ဂဇင်းနှင့် အင်တာဗျူးအသစ် တခုမှာ Simon Conway Morris ဆိုသည့် ဆင့်ကဲ ဖြစ်စဉ်များကို လေ့လာနေသည့် ပညာရှင်က စကြဝဠာထဲမှ အခြားနေရာများမှာလည်း လူသားတွေကဲ့သို့ ဆင့်ကဲ့ပြောင်းလဲမှုများ ဖြစ်နေတယ်ဆိုတာ ပြောပြဖို့ ယုံကြည်မှု ရှိနေတယ်လို့ ဆိုပါတယ်။

Image: Courtesy of Avatar Movie

Morris ရဲ့ အထက်ပါ ယုံကြည်မှုဟာ ဆင်တူတဲ့ မျိုးစိတ်တွေဟာ မတူညီတဲ့ အချိန်နှင့် ခေတ်တွေက ဆင့်ကဲ့ပြောင်းလဲမှု လာဆုံတဲ့ သီအိုရီတခုဖြစ်တဲ့ convergent evolution ကို အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ငှက်တွေ၊ လင်းနို့တွေဟာ ပျံသန်းနိုင်ပေမယ့် ၎င်းတို့ဟာ တူညီတဲ့ မျိုးစိတ်ကနေ ဆင့်ကဲပြောင်းလဲလာတာ မဟုတ်ဘဲ မတူညီတဲ့ မျိုးစိတ်များကနေ ပြောင်းလဲလာပြီး တောင်ပံများနှင့် ပျံသန်းနိုင်ကြတာ ဖြစ်ပါတယ်။

ငှက်များနှင့် အနီးစပ်ဆုံး အမျိုးစပ်နိုင်တာ မိချောင်းတွေ ဖြစ်တယ်လို့ Researchgate ရှိ စာတမ်းတခုက ဆိုပါတယ်။

အလားတူပဲ လူတွေဖြစ်တဲ့ Homo sapiens ဟာလဲ ဆင့်ကဲပြောင်းလဲမှုကြောင့် ခြေနှစ်ချောင်းပေါ် မတ်တပ်ရပ်နိုင်၊ သွားနိုင်ပြီး၊ ဥာဏ်ရည်မြင့်မားတဲ့ မျိုးစိတ်တခုအဖြစ် ရောက်လာသကဲ့သို့ စကြဝဠာထဲရှိ တခြားနေရာမှာလည်း မတူညီတဲ့ မျိုးစိတ်များမှ လူသားများနှင့် ဆင်တူသည့် သက်ရှိများ ဖြစ်ထွန်းနိုင်ပါတယ်။

အတိုချုပ် ပြောရရင်တော့ ကမ္ဘာပေါ်တွင် သက်ရှိများ ဆင့်ကဲ ပြောင်းလဲ နေသကဲ့သို့ စကြဝဠာ ထဲရှိ အခြား ဂြိုဟ်များတွင်လည်း သက်ရှိများဟာ ဆင့်ကဲပြောင်းလဲနိုင်ဖွယ် ရှိကာ ဆင်တူသည့် မျိုးစိတ်များ ဖြစ်ထွန်းစေနိုင်မယ်လို့ ဆိုလိုတာပါ။

ဒါ့ကြောင့် Star Trek ဇာတ်ကားအတွင်းတွင် ပါဝင်တဲ့ အစိမ်းရောင်နှင့် အပြာရောင် လူသားပုံစံ ဂြိုဟ်သားများဟာ သီအိုရီအားဖြင့် ဖြစ်နိုင်ပါတယ်။

Image: Courtesy of Alien Vs Predator Movie

ဒီလိုမျိုး ဖြစ်စဉ်ကို ယုံကြည်မှုရှိနေတာ Morris ကဲ့သို့ ပညာရှင် တယောက်ထဲတော့ မဟုတ်ပါဘူး။

ရှားပါးဖြစ်စဉ်တွေကို လေ့လာတဲ့ ဗြိတိန် တက္ကသိုလ်မှ သတ္တဗေဒပညာရှင် တယောက်ဖြစ်တဲ့ Arik Kershenbaum ဟာလည်း ဂြိုဟ်သားများ၏ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အယူအဆအကြောင်းကို စာအုပ်တအုပ်လုံး ရေးသားဖူးပါတယ်။

၎င်းက “ဆင့်ကဲဖြစ်စဉ်ဟာ နေရာတိုင်းတွင် ရှိတဲ့ သက်ရှိများအတွက် ရှင်းလင်းချက်ပေးသည့် အရာတခုဖြစ်ပြီး ဒီနိယာမကို ကျွန်တော်တို့အနေဖြင့် စကြဝဠာထဲရှိ တခြားနေရာများအတွက်လည်း အသုံးချသင့်ပါတယ်” လို့ Quanta မဂ္ဂဇင်းမှ ယခုနှစ် အစောပိုင်းက ပြောခဲ့ပါတယ်။

Kershenbaum က လူသားတွေနဲ့ အတွေးအခေါ် နှင့် စာပေဆိုင်ရာ တူညီတဲ့ ယဉ်ကျေးမှုတွေ မရှိတဲ့ ဂြိုဟ်သားမျိုးနွယ်တွေ အကြောင်းကို တွေးတောနေပေမယ့် ကျွန်တော်တို့အနေဖြင့် ၎င်းတို့ဟာ အဆင့်မြင့် သက်ရှိအနေဖြင့် လေဟာနယ်ထဲမှာ ဖြစ်တည်လာတာ မဟုတ်ဘူးဆိုတာ သတိရနေရမှာပါ လို့ ဆိုပါတယ်။

လူသားများထက် သာလွန်တဲ့ နည်းပညာရှိသည့် ဂြိုဟ်သားများပင်လျှင် ထို နည်းပညာခေတ်မတိုင်ခင်မှာ မျိုးစိတ်များမှ ဆင့် ကဲပြောင်းလဲရမှာ ဖြစ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။

တကယ်လို့ နည်းပညာ မဖွံ့ဖြိုးသေးတဲ့ မျိုးစိတ်တွေဟာ ကျွန်တော်တို့မှာ ရှိနေတဲ့ အရာအားလုံးလို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နေရင်တော့ ၎င်းတို့ဟာ အုပ်စုဖွဲ့ခြင်း၊

Image: Courtesy of Star Trek Series

သတင်းအချက်အလက် နှင့် အချင်းချင်း အသုံးဝင်တဲ့ အကြံဥာဏ်တွေ ပေးပို့ခြင်း လို လူမှုရေးရည်ရွယ်ချက် ပုံစံများနှင့် ဖြစ်တည်လာတာလို့ ဆိုနိုင်တယ်လို့ Quanta သတင်းဌာနကို ပြောပါတယ်။

“နည်းပညာခေတ် မတိုင်မီ ဂြိုဟ်သား ယဉ်ကျေးမှုဟာလည်း လူသားတွေကဲ့သို့ ပုံပြင်များ ပြောခြင်း၊ ကခုန်ခြင်း နှင့် သီချင်း ဆို ခြင်း များကို ပြုလုပ်ဖွယ်ရှိပါတယ်” လို့ Kershenbaum က ပြောပါတယ်။

ဟုတ်ပါတယ်။ “သီချင်းဆိုခြင်း ကခုန်ခြင်း နှင့် ပုံပြင်များ ပြောပြခြင်း လို လူသားဆန်တဲ့ ဘဝပုံစံများ ရှိသည့် အခြားကမ္ဘာများကို စိတ်ကူးကြည့်ဖို့ ဆိုတာ အတော်လေး ဆွဲတောင်မှု ရှိပါတယ်။

အရွယ်အစား

ဘာစီလိုနာ တက္ကသိုလ်မှ သုတေသီတစ်ယောက်ဖြစ်တဲ့ Fergus Simpson ကတော့ တခြား ကမ္ဘာများမှ လူတွေရဲ့ ဖြစ်နိုင်တဲ့ အရွယ်အစားကို သုံးသပ်ထားပါတယ်။

Bayes’ theorem ကိုအသုံးပြုပြီး Simpson ဟာ အခြား လူနေထိုင်နိုင်တဲ့ ပျမ်းမျှ ဂြိုဟ်များ၏ အရွယ်အစားကို တွက်ချက်ခဲ့ပြီး လူနှင့် တူတဲ့ ဂြိုဟ်သား တော်တော်များများဟာ ပိုလာ ဝက်ဝံ အရွယ်အစားလောက် ရှိနိုင်မယ်လို့ ဆိုပါတယ်။

ဝင်ရိုးစွန်းဝက်ဝံများဟာ အာတိတ် ဒေသတွင် နေထိုင်ပြီး ပေါင် ၇၀၀ မှ ၁,၅၀၀ လောက်အထိ အလေးချိန်ရှိကာ အရပ် အမြင့် ၈ ပေ လောက်အထိ ရှိနိုင်ပါတယ်။

ဒါဟာ လူနေထိုင်နိုင်တဲ့ ဂြိုဟ်အရွယ်အစားထဲမှာ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ပျမ်းမျှထက် ပိုကြီးနေတဲ့အတွက် ဆွဲအား ပိုများကာ လူများဟာ ပိုသေးနေလို့ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဝင် သီအိုရီကဲ့သို့ Morris နှင့် Kershenbaum တို့၏ ဆင့်ကဲ့ပြောင်းလဲမှု သီအိုရီဟာ အရမ်းကို ခိုင်မာပါက ကျွန်တော်တို့အနေဖြင့် ဂြိုဟ်သားများနှင့် ဆက်သွယ်မှုများ ပြုလုပ်ချင်လာပါလိမ့်မယ်။

ကံမကောင်းရင်တော့ ဒီလို ဆက်သွယ်မှုကနေ စစ်ပွဲတွေတော့ ဖြစ်လာနိုင်ပါတယ်။

မကြာသေးခင်က လွှတ်တင်ထားခဲ့တဲ့ James Webb Telescope ကြီးကလည်း ကျွန်တော်တို့ကို ဂြိုဟ်သားတွေနဲ့ ပတ်သက်လို့ အသိအမြင်အသစ်တွေ ပေးစွမ်းနိုင်ဦးမှာ ဖြစ်တဲ့အတွက် အချိန်က စကားပြောသွားပါလိမ့်မယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.