ပင်တဂွန်စစ်ဌာနချုပ်မှ ၂၀၂၃ ခု ဘဏ္ဍာနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘက်ဂျက်ငွေ ဒေါ်လာ ၇၇၃ ဘီလီယံကို မကြာသေးမီက တောင်းခံခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။
ဒါဟာ ယခုနှစ် ၂၀၂၂ ခုနှစ်ထက် ၃၁ ဘီလီယံလောက် ပိုမိုများပြားလာတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဘက်ဂျက် တောင်းခံမှု အဆိုပြုချက်တွင် အမေရိကန် လေတပ်၏ လေယာဉ် ၁၅၀ လောက်ကို အနား ပေး မည့် ကြီးမားတဲ့ အပြောင်းအလဲတွေ ပါဝင်ပါတယ်။
အဆိုပါလေယာဉ်များထဲတွင် သက်တမ်းရင့် A-10 Warthong များ၊ T-1 Jayhawk၊ KC-135 Stratotanker လောင်စာဆီတင် လေယာဉ်များအပြင် F-22 များပါ ပါဝင်ပါတယ်။
လာမည့်နှစ် ဘက်ဂျက်တွင် F-35A နှင့် HH-60W Jolly Green II စစ်မြေပြင် ကယ်ဆယ်ရေး ရဟတ်ယာဉ်များ ဝယ်ယူမှုကို လျှော့ချပြီး B-21 Raider ဗုံးကြဲလေယာဉ်သစ်များ၊

Next Generation Air Dominance program (NGAD) ဆဌမမျိုးဆက် တိုက်လေယာဉ်သစ်များ နှင့် သက်တမ်းရင့် ကြို တင် သတိပေးနှင့် ကွပ်ကဲရေးလေယာဉ် E-3 Sentry ၏ မျိုးဆက်သစ် လေယာဉ်များအတွက် ပိုပြီး အာရုံစိုက်သွားမှာပါ။
လေတပ်နှင့် အာကာသ တပ်ဖွဲ့အတွက် ဘက်ဂျက်ဟာ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ဘီလီယံ ရှိရာမှာ လာမယ့်နှစ်တွင် ၁၉၄ ဘီလီယံအထိ ရှိလာမှာ ဖြစ်လို့ ၇ ရာခိုင်နှုန်းလောက် ခုန်တက်သွားတယ်လို့ ဆိုနိုင်ပါတယ်။
ထိုဘက်ဂျက်တွင် အာကာသ တပ်ဖွဲ့မှ ၂၄.၅ ဘီလီယံနှင့် လေတပ်မှ ၁၆၉.၅ ဘီလီယံ ခွဲဝေ ရရှိမှာဖြစ်ပြီး လေတပ်ဟာ ထိုဘက်ဂျက်အတွင်းမှ အမျိုးအစား လျှို့ဝှက်ထားတဲ့ စီမံကိန်းတွေအတွက် ၄၀.၂ ဘီလီယံကို အသုံးပြုမှာပါ။
လေတပ်၏ အတွင်းရေးမှူး Frank Kendall က အမေရိကန်လေတပ်ဟာ လေယာဉ်အရေအတွက် လျှော့ချဖို့အတွက် ခက်ခက်ခဲခဲ ရွေးချယ်မှုကို ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အိုမင်းလာတဲ့ စက်ပစ္စည်းများကို ဖယ်ရှားပြီး အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဒီလို ဆုံးဖြတ်ခဲ့ရတာပါ လို့ ၎င်းကပြောပါတယ်။
အဆိုပြုခဲ့သည့် လေယာဉ် ၁၅၀ အပြင် အနားပေးမည့် လေယာဉ်များတွင် လွှတ်တော်၌ ယခင်ကတည်းက အနားပေးဖို့ ပြောခဲ့ဖူးပြီး လူသိရှင်ကြား မကြေငြာခဲ့သည့် လေယာဉ် ၁၁၉ စင်းလည်း ပါဝင်တယ်လို့ လေတပ်၏ ပြောရေးဆိုခွင့် ရှိသူကပြောပါတယ်။

အစောပိုင်း ဖော်ပြခဲ့သည့် လေယာဉ် ၁၅၀ ဟာ ယခင်ကတည်းက အဆိုပြုထားပြီး မဖျက်သိမ်းရသေးသည့် လေယာဉ်များ မပါဝင်ပါဘူး။
ဒါ့ကြောင့် လေတပ်ဟာ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှာ လေယာဉ် စုစုပေါင်း ၂၆၉ စင်းအထိ အနားပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မနှစ်က အစင်းရေ ၂၀၀ ထက်တောင် သိသိသာသာ ပိုများနေပါတယ်။
A-10 Thunderbolt II ခေါ် Warthog လေယာဉ်များကိုလည်း နောက်တကြိမ် အနားပေးဖို့ ထပ်မံတင်ပြထားပါတယ်။
၂၀၂၃ ခုနှစ် ဘတ်ဂျက်နှစ် အတွက် အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းရှိ A-10 ၂၁ စင်းကို အနားပေးပြီး F-16 များနှင့် အဆိုပါ အရေအတွက်ကို အစားထိုးဖို့ အဆိုပြုထားပါတယ်။
လေတပ်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ A-10 အစင်းရေ ၄၂ စင်းကို အနားပေးဖို့ လွှတ်တော်ကို တင်ပြခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။
A-10 များကို စစ်အေးကာလအတွင်း ရုရှားတင့်ကား ယာဉ်တန်းများကို ချေမှုန်းဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။
ယူကရိန်းမှ ရရှိခဲ့သော အတွေ့အကြုံအရ မြေပြင် အခြေစိုက် နည်းဗျူဟာ လေကြောင်း ကာကွယ်ရေး စနစ်များဟာ ရုရှား ၏ ဝေဟင် စိုးမိုးမှုအပေါ်ကိုတောင် ဟန့်တားနိုင်စွမ်းကို တွေ့ရှိခဲ့ရပါတယ်။

A-10 ဟာ အစွမ်းထက်ပေမယ့် နှေးကွေးပြီး ထိုကဲ့သို့ ခုခံမှုမျိုးကို ခံနိုင်ရည် မရှိဘူးဆိုတာကို ရုရှားတို့ Su-25 များ ဆုံးရှုံးနေရခြင်းက သက်သေပြနေပါတယ်။
မြေပြင်ပစ်ကူ A-10 Warthog များ၏ အကြောင်းကို “အစားထိုးဖို့ ခက်ခဲနေဆဲဖြစ်တဲ့ A-10 Thunderbolt II လေယာဉ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ကာ
၎င်း၏ အထူးလက်နက်ဖြစ်သည့် AN/GAU-8 Avenger အကြောင်းကို “A-10 Warthog ၏ ပြိုင်စံရှားလက်နက်ဖြစ်တဲ့ AN/GAU-8 Avenger စက်အမြောက်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ထူးခြားတာကတော့ ၁၈၆ စင်းသာရှိသည့် F-22 များထဲမှ ၃၃ စင်းကို အနားပေးမှာဖြစ်ပြီး လွှတ်တော်မှ ခွင့်ပြုပါက ၁၅၃ စင်းသာ ကျန်ရှိမှာပါ။
အနားပေးမည့် F-22 တိုက်လေယာဉ်များဟာ လေ့ကျင့်ရေး လေယာဉ်များဖြစ်ပြီး တိုက်ခိုက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းတော့ မရှိပါဘူး။
သက်တမ်း ကြီးရင့်လာတာနှင့်အတူ ပြုပြင် ထိန်းသိမ်း စရိတ်များလည်း မြင့်တက်လာကာ အထူးသဖြင့် အဆင်းဂီယာ ပြ ဿနာကိစ္စဟာလည်း ပိုမို ကြီးမားလာပါတယ်။
လွန်ခဲ့သည့်နှစ်က F-22 စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းလောက်ရှိသည့် Eglin မှ လေယာဉ်များကို စစ်ဆေးခဲ့ရာ ၅ စင်းတွင် အ နည်းဆုံး ၁ စင်းဟာ အဆင်းဂီယာကို မှားယွင်းစွာ တပ်ဆင်ထားတာကို တွေ့ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြား Class A မတော်တဆ ဖြစ်စဉ် ၂၆ ခုနှင့် Class B ၃၆ ခု ဖြစ်ပွားခဲ့ပြီး ဒါဟာ နာရီ တသိန်း ပျံ သန်းတိုင်း Class A ဖြစ်စဉ် ၈ ခုနှစ် Class B ဖြစ်စဉ် ၁၁ ခု ဖြစ်ပွားတာနှင့် ညီမျှပါတယ်။

Class A အတွက် အနည်းဆုံး ဒေါ်လာ ၂ သန်းလောက် ဆုံးရှုံးမှုရှိပြီး လေယာဉ်ပျက်စီး သို့မဟုတ် လေယာဉ်မှူးဆုံးရှုံး/နစ်နာ တာမျိုးတွေ အကျုံးဝင်ပါတယ်။
Class B ကိုတော့ ဆုံးရှုံးမှု ဒေါ်လာ ၅ သိန်းမှ ၂ သန်းကြား အနည်းဆုံး လူ ၃ ဦးထိခိုက် သို့မဟုတ် ကိုယ်လက်ထိ ခိုက်တာမျိုးကို သတ်မှတ်တာပါ။
လေတပ်ဟာ လာမည့်နှစ် အတွင်းမှာ ရေတပ်နှင့် မရင်းတပ်တို့နှင့် အတူတူ စုစုပေါင်း F-35 ၆၁ စင်း ဝယ်ယူမည့် ထဲမှ F-35A ၃၃ စင်းကို မှာယူသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခေတ်အမှီဆုံး F-15 မျိုးကွဲများ ဖြစ်သည့် F-15EX Eagle II တိုက်လေယာဉ်သစ်များကိုလည်း ၂၄ စင်းအထိ မှာယူသွားမှာပါ။
F-15EX များ အကြောင်းကိုတော့ “ကန်လေတပ်ရဲ့ F-15EX အသစ်တွေနဲ့ ယခင် F-15 များ၏ ကွာခြားချက်များ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။