F-22 Raptor တိုက်လေယာဉ်တွေကို ဘာလို့ လေယာဉ်တင် သင်္ဘောတွေမှာ မသုံးတာလဲဆိုတာ သိချင်ကြမှာပါ။
အမေရိကန်လေတပ်၏ F-22 Raptor ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်လေယာဉ် တစင်းအဖြစ် သတ်မှတ်ခြင်း ခံ ထားရပါတယ်။
စတင် ပျံသန်းကတည်းက ယခုအချိန်အထိ ဆယ်စုနှစ် ၂ ခု နီးနီး ရှိလာပြီဖြစ်တဲ့ F-22 များဟာ ရေဒါပျောက်နည်းပညာများ၊ လိုသလို ပျံသန်းနိုင်စွမ်းများနှင့် မြန်ဆန်သည့် အင်ဂျင်များကို ပေါင်းစပ်ထားတဲ့အတွက် ပြိုင်ဘက်ကင်းတာတော့ မဆန်းပါဘူး။
ဒါ့ကြောင့်မလို့လည်း အမေရိကန် လွှတ်တော်မှ Nimitz အတန်းအစား လေယာဉ်တင်သင်္ဘောကြီးများတွင် အနည်းငယ် ပုံစံကွဲပြားတဲ့ F-22 များကို အသုံးပြုနိုင်ဖို့ တွန်းအားပေးဖူးပါတယ်။

F-22 များကို လေယာဉ်တင် သင်္ဘောများပေါ်တွင် အသုံးပြုမည်ဆိုပါက Lockheed Martin ကုမ္ပဏီ အနေဖြင့် လေယာဉ်ကို ပြောင်းလဲမှု များစွာ လုပ်ဆောင်ရမှာပါ။
သင်္ဘောပေါ်တွင် တင်ဆောင် စစ်ဆင်နိုင်ဖို့ ပုံမှန် ပြောင်းလဲမှုများအပြင် ကိုယ်ထည်ကို ထပ်ပြီး ရှည်အောင် လုပ်ဖို့ လိုအပ်ပြီး ဆင်းသက်ဖို့အတွက် ကြိုးနှင့် ချိတ်ရင် ချိတ်များကို တပ်ဆင်ဖို့ လိုအပ်ပါတယ်။
ရေဒါပျောက်လေယာဉ်တစင်း ဖြစ်ဖို့အတွက် ရေဒါပျောက်ရန် အသုံးပြုထားသည့် ဆေးများဟာ ပင်လယ်ပြင်နှင့် သဟဇာ တ ဖြစ်ဖို့ ခက်ခဲပါတယ်။
ဒါ့အပြင် ရေဒါပျောက် ကိုယ်ထည် ဒီဇိုင်းကို ပြောင်းလဲဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု တခု ဖြစ်လာမှာပါ။
F-14 များကဲ့ လေယာဉ်တင် သင်္ဘောများမှ ပျံတက်ဖို့ လွယ်ကူစေရန် ဖြန့်နိုင် ကျုံ့နိုင်သည့် Sweep wings တောင်ပံများ တပ်ဆင်ဖို့ ဆိုတာကလည်း ရေဒါပျောက်နိုင်သည့် စွမ်းဆောင်ရည်ကို အကြီးအကျယ် ကျဆင်းသွားစေမှာ ဖြစ်ပါတယ်။

F-22 ဒီဇိုင်း၏ သော့ချက်
Lockheed Martin မှ ထုတ်လုပ်ထားတဲ့ F-22 Raptor ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော ပဥ္စမျိုးဆက် တိုက်လေယာဉ် ဖြစ်ပါတယ်။
ယနေ့ခေတ် နိုင်ငံအသီးသီးမှ ထုတ်လုပ်ထားပြီး နှင့် ထုတ်လုပ်ဖို့ ကြိုးစားနေဆဲ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များဟာ F-22 ကို စံနမူနာယူထားကြတာပါ။
ပဥ္စမမျိုးဆက် မည်သည် ရေဒါပျောက် စွမ်းဆောင်နိုင်မှုကို အလေးပေးထားသည့် တိုက်လေယာဉ် အမျိုးအစား များဖြစ်ပါတယ်။
“ဂျက်တိုက်လေယာဉ် မျိုးဆက်များ အကြောင်း” တွင် တိုက်လေယာဉ် မျိုးဆက်များအလိုက် စွမ်းဆောင်ရည်များကို ဖော်ပြထားပေးပြီး ဖြစ်ပါတယ်။
F-15 Eagle၊ F-16 Fighting Falcon နှင့် F/A-18 Super Hornet ကဲ့သို့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များဟာ ၎င်းတို့အတွက် ရေဒါမှ မြင်တွေ့နိုင်စွမ်းကို အတိုင်းအတာ တခုအထိ လျှော့ချထားပါတယ်။

ဒါပေမယ့် F-22 ကတော့ ရေဒါပျောက်နိုင်မှုဟာ လေယာဉ်ရဲ့ အသက်လို့တောင် ပြောလို့ရပါတယ်။
F-22 များဟာ ရေဒါတွင် ချက်ချင်း မပေါ်ဘဲ အသံထက် ၂.၂၅ ဆ အမြန်နှုန်းဖြင့် ရန်သူကို လက်ဦးမှု ရယူ ချေမှုန်းနိုင်ဖို့ ဒီဇိုင်းဆွဲထားတာ ထင်ရှားပါတယ်။
Afterburner ကို အသုံးမပြုဘဲ အသံထက်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနိုင်မှုကို ကမ္ဘာပေါ်ရှိ အခြား ပဥ္စမျိုးဆက် တိုက် လေယာဉ်များတွင် မတွေ့ရသေးပါဘူး။
Afterburner အကြောင်းကိုတော့ “ဂျက်တိုက်လေယာဉ်များတွင် အသုံးပြုသည့် Afterburner စနစ် ဆိုသည်မှာ” ခေါင်းစဉ်ဖြင့် လေ့လာနိုင်ရန် ဖော်ပြပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် ရေတပ်၏ လေယာဉ်တင်သင်္ဘောများတွင် F-22 များကို အသုံးပြုပါက ရေဒါပျောက်သည့် စွမ်းဆောင်ရည်ကို လက်လွှတ်ရမှာ ဖြစ်ပြီး စစ်ဆင်ရေးများကို မူလ ရည်ရွယ်ထားသည့် အတိုင်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

လက်ရှိ ကမ္ဘာပေါ်တွင် အမေရိကန်၏ F-22 နှင့် F-35၊ ရုရှား၏ Su-57 နှင့် တရုတ်၏ J-20 တို့သာ ပဥ္စမမျိုးဆက် တိုက်လေ ယာဉ်များ ဖြစ်ကြတာပါ။
စစ်ဆင်ရေးများ အပေါ် မူတည်ပြီး ထုတ်လုပ်ထားသည့် F-22 ဒီဇိုင်းကြောင့် ၎င်းတို့ကို လေယာဉ်တင် သင်္ဘောများပေါ်မှာ မြင်ရနိုင်ဖို့ အလားအလား အတော်လေး နည်းပါတယ်။
F-35B နှင့် F-35C များကတော့ လေယာဉ်တင် သင်္ဘောများနှင့်တွဲဖက် အသုံးပြုနိုင်ဖို့ ကနဦးကတည်းက တည်ဆောက်ထား တာဖြစ်လို့ ပင်လယ် သမုဒ္ဒရာကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုတွေကို ဖြေရှင်းပြီးသားဖြစ်ပါတယ်။
အမေရိကန် ရေတပ်ဟာ နောက်ထပ် NGAD မျိုးဆက်သစ် ဝေဟင်စိုးမိုးရေး တိုက်လေ ယာဉ်သစ်များကို ထုတ်လုပ်ဖို့ ထပ် မံ လုပ်ဆောင်နေတဲ့အတွက် အနာဂါတ်မှာ F-22 များဟာ ရေတပ်ကို ရောက်လာဖို့ထက် အနားယူသွားဖို့သာ ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။