နီဗားဒါးပြည်နယ် နဲလစ် လေတပ်အခြေစိုက်စခန်းတွင် F-22 Raptor တိုက်လေယာဉ်တစင်းကို ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေစဉ် အမှားအယွင်းများနှင့် လုပ်ငန်းစဉ်များကို သတိမမူမိသောကြောင့် ဒေါ်လာ ၂.၆၉ သန်းလောက် ဆုံးရှူံးခဲ့ရဖူးပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တာဖြစ်ပြီး လေတပ် မတော်တဆ စုံစမ်းစစ်ဆေးရေး ဘုတ်အဖွဲ့မှ ၂၀၂၁ ဇူလိုင်လ ၉ ရက်နေ့က ကြေငြာခဲ့တာ ဖြစ်ပါတယ်။
အမှတ် ၇၅၇ လေယာဉ်ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်း၌ ဖြစ်ပွားခဲ့သည့် မတော်တဆ ဖြစ်ရပ်တွင် F-22 ၏ အရံ စွမ်းအင်ပေး စနစ်ဟာ အပူလွန်ကဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ လေယာဉ်ပြုပြင်သူ တစ်ယောက်ဟာ အရံ ပါဝါစနစ်၏ အပူစွန့်ထုတ်သည့် အိပ်ဇောကို အခြား စစ်ဆေးမှုများ ပြုလုပ်နေစဉ် အတွင်း ဖယ်ရှားခဲ့ပါတယ်။

စစ်ဆေးမှုများ ပြီးနောက် အဆိုပါ ပြုပြင်သူဟာ circuit breaker တွင် ပါဝင်သည့် “မပျံသန်းခင် ဖယ်ရှားပါ” ဆိုသည့် အဝါရောင်တောက် တောက် အမှတ်သားပါတဲ့ ကော်လာ ကလစ် ကို တပ်ဆင်ဖို့ရာ မအောင်မြင်ခဲ့ပါဘူး။
အဲဒီ့နေရာမှာ ဒစ်ဂျစ်တယ်ဖြင့် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာဖြင့် သတိပေးမည့် စနစ်များလည်း မတပ်ဆင်ခဲ့ပါဘူး လို့ အစီရင် ခံစာက ပြောပါတယ်။
ဒီ လည်ပတ်ပုံစံ ကလစ်ဟာ လေယာဉ်၏ circuit breaker ကို အမှုမဲ့အမှတ်မဲ့ reset ချမိမှုမှ ကာကွယ်ဖို့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ပြုပြင် ထိန်းသိမ်းသူများဟာ စုံးစမ်းစစ်ဆေးရေး အရာရှိများကို အဆိုပါ ကလစ်ဟာ တပ်ဆင်ဖို့ ခဲယဉ်းပြီး တခါတရံ တပ်ဆင်လို့တောင် မရဘူးလို့ ပြောပြီး အဲဒီ့ထဲက တယောက်ကတော့ အဲဒါဟာ ဘာမှန်းတောင် မသိဘူးလို့ ပြောပြခဲ့ပါတယ်။
အဲဒီအချိန်က လေယာဉ်ပြုပြင်သူဟာ အရံ စွမ်းအင်စနစ်၏ အိပ်ဇောပြွန်ကိုလဲ ပြန်မတပ်ခဲ့ပါဘူး။

၂ ရက်ခန့်အကြာမှာ F-22 ဟာ အိပ်ဇောပြွန် မပါဘဲ အရံ စွမ်းအင်စနစ်ကို မမှန်မကန် တပ်ဆင်ထားခံရကာ အရေးပေါ် စွမ်း အင် ဖြတ်တောက်သည့် ခလုပ်မှာလည်း မမှန်မကန် တပ်ဆင်ထားခြင်း ခံခဲ့ရပါတယ်။
ထို့ကြောင့် အလွန်ပူပြင်းတဲ့ ဓာတ်ငွေ့များဟာ သာမန်အားဖြင့် အဆင်းဂီယာဘေးမှ ထွက်လာရမည့်အစား တည့်တည့် ထွက်လာပါတယ်။
အိပ်ဇောအတွင်း မီးခိုးများ အလုံးလိုက် ဖြစ်နေသည့်အချိန်တွင် ပြုပြင်သူဟာ သတိပေး ကုတ်ဒ်များကို ဖတ်ကာ အမှားမှား အယွင်းယွင်း ဆောင်ရွက်နေရာ အခြားတစ်ယောက်မှ စွမ်းအင်စနစ်ကို လာရောက်ပိတ်မှသာ အပူလွန်ကဲခြင်း ရပ်တန့်သွားခဲ့ပါတယ်။
အပူချိန်ဟာ ၆၀၀ မှ ၇၀၀ ဒီဂရီ ဖာရင်ဟိုက်လောက်အထိ မြင့်တက်ခဲ့ပြီး အပူလွန်ကဲမှုကြောင့် F-22 ၏ ကိုယ်ထည်၊ စနစ်များ၊ ဝါယာစနစ်များ၊ ဟိုက်ဒရောလစ်များ နှင့် အရံ ပါဝါစနစ် အိပ်ဇော၏ ပတ်လည်အကာကွယ်နှင့် အစိတ်အပိုင်းများ ပျက်စီးခဲ့ပါတယ်။

အစီရင်ခံစာအရ ပြုပြင်ထိန်းသိမ်းသူများဟာ circuit breaker ကလစ် နှင့် သတိပေးစနစ်ကို အသုံးပြုခဲပြီး မေ့လျော့နေတတ်တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးသူများ အဆိုအရ ဒီ ကလစ်ကိုသာ တပ်ခဲ့မိရင် ဒီဖြစ်ရပ် ဖြစ်လာဖွယ် မရှိလောက်ဘူးလို့ သိရပါတယ်။
အစီရင်ခံစာမှာတော့ ပြုပြင်ထိန်းသိမ်းသူ တစ်ယောက်၏ အမှားတခုကြောင့် ယခုလောက်ထိ ဖြစ်ခဲ့တဲ့အတွက် ကျယ်ပြန့် ရှုပ်ထွေး လှတဲ့ အစောပိုင်း F-22 များ၏ ပြုပြင် မွမ်းမံမှု စနစ်ကို အပြစ်တင်မှု တချို့ ပြုလုပ်ထားပါတယ်။
F-22 တိုက်လေယာဉ်နှင့် ပတ်သက်ပြီး ဒီလို ဘာမှမဟုတ်တဲ့ ပေါ့ဆမှုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ဖူးတာကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။