F-22 တိုက်လေယာဉ် အဆင့်မြှင့်တင်မှုများနှင့် အနာဂါတ်

Knowledge Military

ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်လို့ သတ်မှတ်ထားတဲ့ F-22 Raptor တိုက်လေယာဉ်များကို လက်ရှိမှာ ဆက်လက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

F-22 ဟာ ရေဒါရှောင်ကွင်းနိုင်တဲ့ နည်းပညာနှင့် အထင်ကြီးစရာကောင်းတဲ့ စစ်ကစား လှုပ်ရှားပျံသန်း နိုင်မှုတွေကြောင့် ကျော်ကြားပါတယ်။

၎င်းဟာ ဆိုဗီယက်တို့၏ နောက်ဆုံး ခြိမ်းခြောက်မှုများကို တန်ပြန်နိုင်ဖို့ ၁၉၉၀ ခုနှစ်များက အဆင့်မြင့် နည်းဗျူဟာ တိုက် လေယာဉ် စီမံကိန်းမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ F-22 တိုက်လေယာဉ်များဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်လေယာဉ်အဖြစ် ၁၇ နှစ် ကြာသည့်တိုင်အောင် မင်းမူနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နှင့် ရုရှားလေတပ်များ၏ တိုးတက်လာမှုကြောင့် အမေရိကန်လေတပ် အနေဖြင့် F-22 များကို အနှစ် ၂၀ ကြာတဲ့အထိ ဝေဟင်မှဝေဟင် နှင့် ဝေဟင်မှမြေပြင် စစ်ရေးပြသနာများမှာ ပြိုင်ဘက်ကင်းစေရန် အဓိကအဆင့်မြှင့်မှုများ ပြုလုပ်လျက်ရှိနေတာပါ။

အင်အားကြီးနိုင်ငံများ၏ လေတပ်များဟာ သိသိသာသာ တိုးတက်လာတဲ့ အတွက် အမေရိကန်အနေဖြင့် ၎င်း၏ မျိုးဆက်သစ် တိုက်လေယာဉ် Next Generation Air Dominance (NGAD) များ မပြီးဆုံးခင် အတွင်း အဆိုပါ ကွက်လပ်ကို ဖြည့် စွမ်းနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

F-22 လေယာဉ်ဟာ အလျား ၆၁ ပေ တစ်လက်မ၊ တောင်ပံအကျယ် ၄၄ ပေ ၆ လက်မ၊ အလေးချိန် ၄၃၃၄၀ ပေါင်၊ လောင် စာ ဆီ အလေးချိန် ပေါင် ၁၈,၀၀၀ လောက်အထိ တင်ဆောင်ကာ မိုင် ၂,၁၀၀ လောက် အထိ စစ်ဆင်နိုင်ပါတယ်။

ပျံသန်းနိုင်တဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ အသံထက် ၂.၂၅ ဆ (တစ်နာရီလျှင် မိုင် ၁၅၀၀) ဖြစ်ပါတယ်။ ကုန်ကျစရိတ် အနေနဲ့ ကတော့ တစ်စီးကို အမေရိကန်ဒေါ်လာ ၁၄၃ သန်းခန့် ဖြစ်ပါတယ်။

လက်နက်များအနေဖြင့် ဝေဟင်မှ ဝေဟင်အတွက် AIM-120 ၆ လုံး နှင့် AIM-9 ၂ လုံး၊ တမိနစ်လျှင် အတောင့် ၄၈၀ အထိ ပစ်နိုင်မယ့် 20 mm (0.787 in) M61A2 Vulcan rotary စက်အမြောက် နှင့်

မြေပြင် ပစ်မှတ်များအတွက် ပေါင် ၁ ထောင် JDAM ၂ လုံး သို့မဟုတ် ပေါင် ၂၅၀ GBU-39 ၈ လုံးတို့ တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

အဆင့်မြှင့်တင်မှုများ

၂၀၂၁ ခုနှစ်အတွင်းမှာ F-22 အတွက် အင်ဂျင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပါတယ်။

F-22 ၏ ယခင် အင်ဂျင် သက်တမ်းဟာ နာရီ ၈ ထောင် သာ ရှိပေမယ့် ယခုအခါမှာတော့ ၂ ဆ အထိ ဆွဲဆန့် နိုင်ခဲ့ပြီး နာရီပေါင်း ၁၆,၀၀၀ လောက်အထိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

F-22 ၏ Pratt & Whitney F119 အင်ဂျင် Image: Courtesy of Wiki Commons

၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာတော့ Lockheed Martin ဟာ F-22 များကို စဉ်ဆက်မပျက် အဆင့်မြှင့်တင်နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ နီးပါးရှိတဲ့ စာချုပ်ကို အမေရိကန်လေတပ်နှင့် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် အမေရိကန် လေတပ်ဟာ F-22 စတင် ထုတ်လုပ်သည့် ၁၉၉၀ ခုနှစ်များမှ ယနေ့ အချိန်အထိ ဆက်တိုက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့တယ်ဆိုတာ မြင်သာပါတယ်။

နောက်ထပ် အဆင့်မြှင့်တင်မှု တခုကတော့ အနီအောက်ရောင်ခြည်ဖြင့် ထောက်လှမ်းနိုင်မှုကို လျော့ချနိုင်ရေး ဖြစ်ပါတယ်။

အနီအောက်ရောင်ခြည် (IR) ဖြင့် ထောက်လှမ်းသည့် နည်းမှာ ရေဒါပျောက်လေယာဉ်များကို ကောင်းကောင်း သိရှိနိုင်စွမ်း ရှိပါတယ်။

လက်ရှိတွင် IR ဖြင့် ထောက်လှမ်းခံရနိုင်မှုကို အနိမ့်ဆုံး လျှော့ချနိုင်သည့် အပေါ်လွှာထပ်ပိုး ဆေးများနှင့် ၎င်းကိုယ်တိုင် သယ်ဆောင်နိုင်မယ့် အခြား ရေဒါပျောက်လေယာဉ်များကို ထောက်လှမ်းနိုင်မည့် ရေဒါတွင် မပေါ်နိုင်မယ့် IRST ချိတ်ဆွဲစနစ်ကို ဖန်တီးနေပါတယ်။

လက်ရှိ Legion IRST pod များ Image: Courtesy of Lockheed Martin

IRST ချိတ်ဆွဲစနစ်ကို တပ်ဆင်ခြင်းဟာ ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်၏ ရေဒါပျောက်နိုင်စွမ်းကို ထိခိုက်စေပေမယ့် တခြား ရေဒါပျောက် တိုက်လေယာဉ်များကို ကောင်းစွာ ထောက်လှမ်းနိုင်မယ့်အတွက် ထိုက်တန်တယ်လို့ ယူဆနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလို အဆင့်မြှင့်တင်မှုများဟာ NGAD တိုက်လေယာဉ် အသစ်များ ၂၀၃၀ ခုနှစ်မှာ စတင် တာဝန် မထမ်းဆောင်ခင်အထိ F-22 ကို အကောင်းဆုံး တိုက်လေယာဉ် အဖြစ် ဆက်လက် ရှိနေစေမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.