ဗြိတိန်ပိုင် F-35 တစင်း ပျက်ကျမှု နှင့် F-35 ကြုံတွေ့ဖူးသည့် ပြသနာများ

Military News

ဗြိတိန်၏ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောမှ F-35 ဂျက်လေယာဉ် တစင်းဟာ ပျံသန်းနေစဉ်အတွင်း မြေထဲပင်လယ် ထဲသို့ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူဟာ လေယာဉ်မှ ခုန်ထွက်နိုင်ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၇ ရက် ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။

“HMS Queen Elizabeth လေယာဉ်တင် သင်္ဘောမှ ဗြိတိန် F-35 လေယာဉ်မှူဟာ ယနေ့ နံနက်တွင် မြေထဲပင်လယ်၌ ပုံမှန် ပျံသန်းမှု စစ်ဆင်ရေး ပြုလုပ်နေစဉ်အတွင်း လေယာဉ်မှ ခုန်ထွက်ခဲ့ရတယ်” လို့ ကြေငြာခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ၇ ကျော်ကြာမြင့်တဲ့ အရှေ့ဖျားသို့ ခရီးမှ ဗြိတိန်သို့ ပြန်လာသည့် HMS Queen Elizabeth သင်္ဘောအပေါ် ထိခိုက်စေသည့် ပထမဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။

နိုင်ငံတကာ ရေပိုင်နက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပေမယ့် ရန်လိုတဲ့ လုပ်ရပ်မျိုးကြောင့် ဖြစ်ခဲ့တာမျိုး မဟုတ်လောက်ဘူးလို့ ယူဆရပါတယ်။

အဆိုပါလေယာဉ်ဟာ F-35B မျိုးကွဲ ဖြစ်ပြီး တစင်းလျှင် ယူရို သန်း ၁၀၀ လောက် တန်ကြေးရှိပါတယ်။

လက်ရှိမှာ အဆိုပါ လေယာဉ် ထိုးဆင်းသွားတဲ့ နေရာ ပင်လယ်ပြင်မှ လေယာဉ်ကို ပြန်လည် ဆယ်ယူနိုင်ခြင်း မရှိသေးပါဘူး။

ဒေသတွင်း မီဒီယာများကတော့ စုံစမ်း စစ်ဆေးမှုများတွင် ဖြစ်နိုင်ချေ ရှိသည့် နည်းပညာ သို့မဟုတ် လူသားမှ ပြုလုပ်သည့် အမှားများအပေါ်မှာ အာရုံစိုက် ရှာဖွေ စစ်ဆေးသွားနိုင်မယ်လို့ ဖော်ပြကြပါတယ်။

လေယာဉ်တင်သင်္ဘောပေါ်တွင် အမေရိကန်ပိုင် F-35 ၁၀ စင်း နှင့်အတူ ဗြိတိန်ပိုင် F-35 ၈ စင်းတို့ ပူးတွဲ ရှိနေတာ ဖြစ်ပါတယ်။

အခြား F-35 အားလုံးဟာ စစ်ဆင်ရေးနှင့် လေ့ကျင့်ရေး လုပ်ငန်းစဉ်များမှာ ဆက်လက် ပျံသန်းနေတယ်လို့ သိရပါတယ်။

F-35 နှင့် ပြသနာ အထွေထွေ

F-35 ဟာ မူလက ရည်ရွယ်ထားသည့် ပေါ့ပေါ့ပါးပါးနှင့် ဈေးနှုန်းသက်သာမည်ဆိုသည့် ရည်မှန်းချက်မှနေပြီး ကမ္ဘာ့ ကုန်ကျစရိတ်အကြီးမားဆုံး လေယာဉ် စီမံကိန်းတခု ဖြစ်လာခဲ့တာပါ။

လေယာဉ် စီမံကိန်း အတွက် နောက်ဆုံး အခြေအနေအထိ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၀၆ ဘီလီယံလောက် အထိ ရှိပါတယ်။

ဗြိတိန်ဟာ ၂၀၂၅ ခုနှစ်တွင် အမေရိကန် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်တဲ့ Lockheed Martin ဆီမှ ပေါင် ၉.၁ ဘီလီယံ တန်ကြေးရှိ F-35 အစင်းရေ ၄၈ စင်းအထိ ဝယ်ယူဖို့ အစီအစဉ် စတင်နေပြီ ဖြစ်ပါတယ်။

ဗြိတိန်၏ F-35 တစင်းအတွက် အမှန်တကယ် ကုန်ကျစရိတ်မှာ ဆော့ဖ်ဝဲလ် အဆင့်မြှင့်မှုများနှင့် အပိုပစ္စည်းများ အပါအဝင် ပေါင် သန်း ၁၅၀ လောက် ရှိပါတယ်။

လေယာဉ်တွင် အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ဟာ ဆိုက်ဘာ တိုက်ခိုက်ခံရနိုင်မှု အားနည်းချက် ရှိမရှိဆိုတာကို စိုးရိမ်မှုတွေရှိနေပြီး ဒီဆော့ဖ်ဝဲလ်ကို ဗြိတိန်အနေဖြင့် လွတ်လပ်စွာ စမ်းသပ် ပိုင်ခွင့် မရှိပါဘူး။

တော်ဝင်ရေတပ်၏ အဓိက လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ရဲ့ အားနည်းတဲ့ broadband စနစ်ကြောင့်လည်း F-35 တိုက် လေယာဉ်များ၏ စွမ်းဆောင်ရည်ကို အဟန့်အတား ဖြစ်နေပါတယ်။

ယခုနှစ်အတွင်း ယူရို သန်း ၄၀၀ လောက်လိုအပ်တဲ့ လေယာဉ် လည်ပတ်မှုအတွက် မရှိမဖြစ်လိုအပ်သည့် ကွန်ပျူတာ ကွန်ယက်ပိုင်းဆိုင်ရာ ငွေကြေးလိုအပ်မှုကို တာဝန်ရှိ ဌာနမှ မကူညီပေးနိုင်ပါဘူး။

ဗြိတိန်တွင် ဒီဘတ်ဂျက်ကိစ္စနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနှင့် ပါလီမန်တို့ကြား အဆင်မပြေမှုတွေ ရှိနေပါတယ်။

နည်းပညာမြင့် စနစ်သစ်များကြောင့် လိုအပ်ချက်များစွာရှိခဲ့

F-35 တွင် အဆင့်အမြင့်ဆုံး နည်းပညာများကို ထည့်သွင်း တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် ယခင်က မကြုံဖူးတဲ့ အမှားအယွင်း ပေါင်းများစွာ ကြုံတွေ့ ခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ ပင်တဂွန်စစ်ဌာနချုပ်မှ F-35 ဂျက်တိုက်လေယာဉ်၏ တိုက်ခိုက်ရေး စနစ်မှ မတူညီတဲ့ ချွတ်ယွင်းမှုပေါင်း ၂၇၆ ခုအထိ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အဲဒီ့အထဲတွင် “Virtual Reality” ခေါင်းဆောင်းနှင့် ပတ်သက်သည့် ပြသနာများနှင့် ၂၅ မီလီမီတာ စက်အမြောက်၏ တုန်ခါမှု များပြားခြင်း ပြသနာများ ပါဝင်ပါတယ်။

ဒေါင်လိုက် အမြှီးတွင် တပ်ဆင်ထားသည့် ပစ္စည်းများ အပူလွန်ကဲခြင်း နှင့် မီးလောင်လွယ်ခြင်းများကိုလည်း တွေ့ရှိ ပြင်ဆင် ခဲ့ကြရပါသေးတယ်။

အမေရိကန် လေတပ်တွင်လည်း အောက်စီဂျင် ပံ့ပိုးမှု ပြသနာဖြစ်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ F-35 လေယာဉ်တွေ ယာယီ ပျံသန်းမှု ရပ်ဆိုင်းခဲ့ရဖူးပြီး ဗြိတိန်လေတပ်မှာလည်း ကွန်ပျူတာ စနစ်မှာ အမှားများတွေ့ရှိခဲ့သဖြင့် အမေရိကန် မရင်းတပ်ဖွဲ့ရှိ ဗြိတန်က ဝယ်ယူထားသည့် မော်ဒယ်တူ F-35B များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရ ဖူးပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.