F-35 တိုက်လေယာဉ် များမှ နျူကလီယားဗုံးများ ဖြုတ်ချ စမ်းသပ်ခဲ့သည့် အကြောင်း

Military News

F-35A ၂ စင်းဟာ မဟာဗျူဟာမြောက် လက်နက်များဖြင့် စမ်းသပ်မှုတွေ အောင်မြင်စွာ ပြီးစီး ခဲ့တယ်လို့ သိရပါတယ်။

အဲဒါကတော့ အမေရိကန် စစ်တပ်၏ B61-12 နျူကလီးယား ဗုံးများကို စမ်းသပ် အသုံးပြုခဲ့သည့် အပြည်အဝ လက်နက်စနစ် သရုပ်ပြမှုဖြစ်တယ်လို့ F-35 ပူးပေါင်း စီမံကိန်း ရုံးမှ ထုတ်ပြန် ကြေငြာခဲ့တာပါ။

မကြာသေးမီက ပြီးစီးခဲ့တဲ့ ဒီ စမ်းသပ်မှုမှာ B61 ဗုံးများကို F-35 များမှတဆင့် ပဲ့ထိန်း စနစ်ဖြင့် ဖြုတ်ချ စမ်းသပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၆၃ ခုနှစ်ကတည်းက ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ ဒီ B61 နျူကလီးယားဗုံးများဟာ အမေရိကန် စစ်တပ်တွင် တာဝန် ထမ်းဆောင်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သက်တမ်း တိုးမြှင့်ခြင်း အစီအစဉ်အရ အမေရိကန်စစ်တပ်ဟာ ယခင် မျိုးကွဲ ၄ မျိုးကို ပိုပြီး တစုတစည်းထဲ ဖြစ်အောင် B61-12 မျိုးကွဲအဖြစ် ပေါင်းစပ်လိုက်တာ ဖြစ်ပါတယ်။

ဒီ B61 နျူကလီးယားဗုံးတွေဟာ အရှည် ၁၂ ပေ (၃.၆ မီတာ) နှင့် အလေးချိန် အားဖြင့် ၈၂၅ ပေါင် (၃၇၄ ကီလိုဂရမ်) လောက်ရှိပါတယ်။

၎င်းတို့ကို လေယာဉ်မှ လမ်းညွှန်စနစ်ဖြင့် လွှတ်ချသည့် ပုံစံ သို့မဟုတ် ပဲ့ထိန်းတပ် ဒုံးကျည်များမှတဆင့် ပစ်ခတ်နိုင်သည့် ပုံစံ ဖြင့် ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာ အမှတ် ၄၂၂ စမ်းသပ်ရေးနှင့် အကဲဖြတ်မှု လေယာဉ် အုပ်မှ လေယာဉ်မှူးများဟာ ဒီဗုံးများကို တင်ဆောင်ပြီး ပျံတက်သွားခဲ့ပါတယ်။

နီဗားဒါး ပြည်နယ်ရှိ Nellis ‌လေတပ် အခြေစိုက်စခန်းမှ F-35A တိုက်လေယာဉ်များဟာ ထိုနေရာမှ မိုင် ၁၆၀ အကွာ (၂၅၇ ကီလိုမီတာ) ဆန်ဒီယာ အမျိုးသား လက်တွေ့ စမ်းသပ်မှု ဌာန၏ Tonopah စက်ပစ်ကွင်းမှာ ဒီဗုံးများကို ၂ သုတ်ခွဲပြီး ဖြုတ်ချ စမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်မှုတွင် မပေါက်ကွဲနိုင်သည့် ဗုံးအခွံကိုသာ အသုံးပြုခဲ့ပြီး အမြင့် အမျိုးမျိုး၊ အမြန်နှုန်း အမျိုးမျိုးဖြင့် F-35 များပေါ်မှ ပဲ့ထိန်းစနစ်ဖြင့် အနည်းဆုံး ၁၀ ကြိမ်ခန့် ဖြုတ်ချ စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ပျံသန်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွင် အတည်ပြုခဲ့ပါတယ်။

စမ်းသပ်မှုများအပြီး ဒီ စီမံကိန်းနှင့် ပါတနာများဖြစ်တဲ့ အမေရိကန် ကာကွယ်ရေး ဌာန DoD နှင့် စွမ်းအင်ဌာန DoE တို့မှ စမ်းသပ်မှုဟာ လို အပ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ အတည်ပြုရန် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလိမ့်မယ်လို့ ဆိုပါတယ်။

လမ်းညွှန်စနစ်ကို အသုံးပြုပြီး B61 များကို အသုံးပြုခြင်းဟာ အရည်အချင်းစစ် စာမေးပွဲကဲ့သို့ ဖြစ်ပြီး တကယ်လို့ သတ်မှတ်များနှင့် ကိုက်ညီစွာ လုပ်ဆောင်နိုင်ခဲ့ပါက F-35 များကို နျူကလီးယား စစ်ဆင်ရေးများတွင် အသုံးပြုရန် အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာ တရားဝင် စတင်မည့်နေ့ကို ဘယ်တော့မှ မသတ်မှတ်ခဲ့ပေမယ့် F-35 ဟာ မြောက်အတ္တလန္တိတ် နိုင်ငံများ မဟာမိတ် အဖွဲ့ NATO ၏ နျူကလီးယား အတားအဆီး စစ်ဆင်ရေး အခန်း ကဏ္ဍတွင် ပါဝင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

B61-12 နျူကလီးယားဗုံးများဟာ F-15E၊ B-2၊ F-16C/D၊ F-16 MLU၊ PA-200 နှင့် B-21 များ စသည့် တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ်များတွင်လည်း အသုံးပြုနိုင်ဖို့ မျှော်လင့်ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *