F-35B ၂ စီး မိုးကြိုးပစ်ခံရပြီး ဒေါ်လာ သန်းချီ ဆုံးရှုံးဖူးသည့် ဖြစ်ရပ်

Military News

အမေရိကန် မရိမ်းတပ်ဖွဲ့၏ F-35B မျိုးကွဲ တိုက်လေယာဉ် ၂ စီးဟာ ဂျပန်နိုင်ငံ တဝိုက်မှာ ပျံသန်းနေရင်း Lightning II ဆိုတဲ့ နာမည်အတိုင်း ၂၀၂၁ ခုနှစ် အတွင်းက မိုးကြိုးပစ်ခံခဲ့ရပါတယ်။

လေယာဉ်မှူးများ ထိခိုက်မှု မရှိပေမယ့် အမေရိကန် ဒေါ်လာ ၂ သန်းဖိုးလောက် လေယာဉ်များတွင် ပျက်စီးမှု ရှိတယ်လို့ သိရပါတယ်။

မတော်တဆဖြစ်ရပ်ဟာ ဂျပန်နိုင်ငံတောင်ပိုင်း မကူယာဇကီ အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီလေယာဉ် ၂ စီးဟာ အမေရိကန် မရင်းတပ်ဖွဲ့၏ လေတပ်အခြေစိုက်စခန်း အီဝါကူနီမှာ အခြေစိုက်တာဖြစ်ကာ အိုကီနာဝါကျွန်းသို့ အပြန်လမ်းမှာ မိုးကြိုးပစ်ခံရတာ ဖြစ်ပါတယ်။

လေယာဉ် ၂ စီးလုံးဟာ မိုးကြိုး အပစ်ခံရပြီး အေးဆေးစွာနှင့် တည်နေရာ မဖော်ပြထားတဲ့ နေရာတခု သို့ လုံခြုံစွာ ဆင်း သက်နိုင်ခဲ့ပါတယ်။

လေယာဉ်များကို မိုးကြိုးပစ်တာဟာ ဖြစ်လေ့ဖြစ်ထ ရှိသည့် အရာတခုဖြစ်ပြီး စီးပွားရေးသုံး ခရီးသည်တင်လေယာဉ်များဟာ ပျမ်းမျှ နှစ် စဉ် အနည်းဆုံး ၁ ကြိမ်ခန့် မိုးကြိုးပစ် ခံရလေ့ ရှိပါတယ်။

လျှပ်စီးကြောင်း တခုဟာ ဗို့အား သန်း ၃၀၀ နှင့် အမ်ပီယာ ၃ သောင်းလောက် နှင့် ညီမျှကာ ဝပ် ၁၀၀ ရှိတဲ့ မီးသီးကို ၃ လလောက် ထွန်းထားလို့ ရတဲ့ စွမ်းအင် ရှိပါတယ်။

မိုးကြိုးပစ်ခြင်းကြောင့် သီအိုရီအားဖြင့် လေယာဉ်တစီးကို ဖျက်ဆီးနိုင်ပေမယ့် ခေတ်သစ် လေယာဉ်များဟာ မိုးကြိုးဒဏ် ခံနိုင်အောင် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။

အဆင့်မြင့် ပေါင်းစပ်သတ္တုများဖြင့် လေယာဉ်၏ နှုတ်သီး၊ ကိုယ်ထည် နှင့် တောင်ပံများကို တည်ဆောက်ပြီး ၎င်းနှင့်အတူ လျှပ်မကူးသည့် ပါးလွှာသည့် သတ္တုအလွှာတခု ထပ်ပိုး ထားပါတယ်။

F-35 ၂ စီးတွင် မိုးကြိုးပစ်ခံရချိန်မှာ လေယာဉ်အတွင်းပိုင်း စနစ်များနှင့် လေယာဉ်မှူးများအတွက် လုံခြုံစွာ ကာကွယ်နိုင်ခဲ့ပေမယ့် ကိုယ်ထည်အတွင်း မြှပ်နှံထားတဲ့ အင်တာနာများ ထိခိုက်မှုကြောင့် အမေရိကန်ဒေါ်လာ ၂.၅ သန်းဖို့လောက် ပြုပြင်ရဖွယ် ရှိနေပါတယ်။

F-35 များရဲ့ အင်တာနာများဟာ အလွန် ခံနိုင်ရည် အားနည်းပြီး အသံထက်လွန်နှင့် ခဏသာ ပျံသန်းနိုင်ရတဲ့ အကြောင်းဟာလည်း ဒီ အင်တာနာများကြောင့် ဖြစ်ပါတယ်။

နောက်ထပ် ထိခိုက်နိုင်တာကတော့ လေယာဉ်မှူးများကို ၃၆၀ ဒီဂရီ မြင်နိုင်အောင် ထောက်ပံ့ပေးထားတဲ့ အနီအောက် ရောင် ခြည်သုံး ကင်မရာ ၆ လုံး ပါဝင်တဲ့ ကွန်ယက်စနစ် Distributed Aperture System ပဲ ဖြစ်ပါတယ်။

မရိမ်းတပ်ဖွဲ့ကတော့ ဒီထိခိုက်မှုကို Class A အဖြစ် သတ်မှတ်ထားပြီး အဲဒီ့ Class A မတော်တဆမှုဟာ အမေရိကန် ဒေါ်လာ ၂.၅ သန်းအထက်၊ လေယာဉ် ပျက်စီးမှု နှင့် လူ ထိခိုက် အသက်အန္တရာယ်ရှိမှုတို့ ရှိပါက သတ်မှတ်လေ့ရှိပါတယ်။

Class B ကတော့ ဒေါ်လာ ၂.၅ သန်းအောက်မှ ဒေါ်လာ ၆ သိန်းကြား ဆုံးရှုံးမှု၊ ၃ ယောက်ထက်ပိုတဲ့ လူထိခိုက်မှု၊ ကိုယ်အင်္ဂါပျက်စီးမှုတွေ အကျုံးဝင်ပါတယ်။

ထိုဖြစ်ရပ်ကြောင့် အမေရိကန်တို့အနေဖြင့် F-35 များရဲ့ အထိခိုက် မခံနိုင်တဲ့ အင်တာနာ စနစ်များကို အကာအကွယ်များနှင့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ပြီးပြီလို့ ယူဆရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *