Facebook တို့ ပြဿနာ ရှိခဲ့လို့လား သို့မဟုတ် တခုခု ဖုံးကွယ်ဖို့ ကြိုးစားနေတာလား (ဆောင်းပါး)

News Tech

Facebook နှင့် ၎င်းပိုင် Instagram နှင့် WhatsApp platform များဟာ ယနေ့ အောက်တိုဘာ ၄ ရက်နေ့က ပြတ်တောက်မှု ဖြစ်ပွားနေပါတယ်။

ဒီလို ဖြစ်စဉ်ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ကြီးအဖို့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သလို ၎င်း၏ အခြား App များပါ တချိန်တည်း ပြတ်တောက်သွားတာဟာ အလွန် အံ့ဩစရာ ကိစ္စပါ။

အမည်မဖော်လိုသည့် Facebook ဆိုက်ဘာ လုံခြုံရေး အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးကတော့ ဒါဟာ ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် ပြဿနာဖြစ်တာ မဟုတ်ဘူးလို့ NY Times သတင်းဌာနအဆိုအရ သိရပါတယ်။

App တခုချင်းစီ၏ နောက်ကွယ်မှ နည်းပညာများဟာ ကွဲပြားလွန်းတာကြောင့် ဆိုက်ဘာတိုက်ခိုက်မှုဟာ အဆိုပါ App အားလုံးကို သက် ရောက် နိုင်ဖွယ်မရှိပါဘူး။

Facebook မှ ပြောရေးဆိုခွင့်ရှိသူ Andy Stone က Twitter တွင် “အချို့လူများ ကျွန်တော်တို့ ထုတ်ကုန် တွေကို ဝင်ရောက်ဖို့ အခက်အခဲရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။ ပုံမှန်အတိုင်း တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

Twitter ပေါ်မှာတော့ #facebookdown hashtag ဟာ trend ဖြစ်နေပြီး အချို့ က ပြတ်တောက်မှုကြောင့် စိတ်ပျက်ကြပေမယ့် အချို့က တော့ ပျော်စရာတခုအဖြစ် ပြောဆိုနေကြပါတယ်။

Facebook ၏ အတွင်းပိုင်း ဆက်သွယ်ရေး ပလက်ဖောင်းတခုဖြစ်တဲ့ Workplace တွင်လည်း ဝန်ထမ်းအများစုဟာ ချိတ်ဆက်လို့မရတော့ဘဲ အလုပ်များကို မလုပ်ဆောင်နိုင်တော့ဘူးလို့ သိရပါတယ်။

Facebook မှ ဝန်ထမ်း ၂ ယောက်ကတော့ ဒီလိုနေ့ဟာ “နှင်းတွေထူထပ်စွာကျလို့ ရုံးမသွားရတဲံ့နေ့” လိုပဲလို့ ဆိုပါတယ်။

လက်ရှိမှာ Facebook ဟာ စီစစ်မှုများစွာကို ကိုင်တွယ် ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ယခင်က ထုတ်ကုန်မန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ Frances Haugen ရဲ့ ကုမ္ပဏီ အတွင်းရေးတွေကို ဖွင့်ချခံရမှုကို ကြုံတွေ့နေရတာပါ။

သူမဟာ ရုံးတွင်းပိုင်း သုတေသန စာမျက်နှာ ထောင်ပေါင်းများစွာကို စုဆောင်းခဲ့ပြီး သတင်းမီဒီယာတွေ၊ ဥပဒေပြု အမတ်တွေနဲ့ စည်းမျဉ်း စည်းကမ်း ထိန်းသိမ်းသူတွေဆီကို ဖြန့်ဝေခဲ့ပါတယ်။

စာရွက်စာတမ်းများအရ Facebook ဟာ ၎င်း၏ ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုး များစွာကို သိရှိနေခဲ့တယ်ဆိုတာ ပြသနေခဲ့ပါတယ်။

ကုမ္ပဏီ၏ တရားမဝင် လုပ်ရပ်များကို ဖွင့်ချသည့် သူများအား အကူအညီပေးသည့် Whistleblower Aid ကို တည်ထောင်သူ John Tye ဟာ Frances Haugen နဲ့ ဆက်သွယ်ခဲ့တာပါ။

John က “သူမဟာ အလွန်ရဲရင့်သူ တယောက်ဖြစ်ပြီး ဒေါ်လာ ထရီလီယံ နဲ့ချီ တန်တဲ့ ကုမ္ပဏီရဲ့ တာဝန်ရှိမှုကို သူမရဲ့ ပုဂ္ဂိုလ်ရေး အထိခိုက်ခံပြီး စွန့်စားခဲ့တယ်” လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့ မိနစ် ၆၀ ကြာ အင်တာဗျူးတွင် အသက် ၃၇ နှစ်ရှိ Haugen က သူမဟာ Facebook မှာ သူမမြင်လိုက်ရတဲ့ အရာတွေကြောင့် ထိတ်လန့် သွားခဲ့တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီဟာ အများပြည်သူ အကျိုးစီးပွားထက် မိမိ အကျိုးစီးပွားကိုသာ အကြိမ်ကြိမ် ဦးစားပေး လုပ်ဆောင်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

ဒါ့ကြောင့် သူမဟာ Facebook ရဲ့ အတွင်းပိုင်း သုတေသန စာမျက်နှာများကို ကော်ပီယူပြီး ၎င်းနဲ့ ပတ်သက်လို့ တခုခုလုပ်ဖို့ ဆုံး ဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Robert Fortunato for CBS News/60MINUTES

“ကျွန်မ လူမှုကွန်ရက်တွေ အများကြီးကို မြင်ဖူးပါတယ်။ Facebook ကတော့ အရင်က မြင်ဖူးတာထက် သိသိသာသာ ပိုဆိုးလာပါတယ်” လို့ သူမက ပြောပါတယ်။

သူမက ဆက်ပြီး “Facebook ဟာ လုံခြုံရေးထက် အကျိုးအမြတ်ကို ရွေးချယ်ခဲ့တာ ထပ်ခါ ထပ်ခါ ပြသနေခဲ့ပါတယ်” လို့ ပြောပါတယ်။

သူမဟာ စာရွက်စာတမ်းများစွာကို ပြီးခဲ့တဲ့လက Wall Street Journal ကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။

ဖော်ထုတ်မှုများတွင်- Facebook ဟာ ဆယ်ကျော်သက်ရွယ်တွေအကြား ကိုယ်ခန္ဓာ ပုံများနှင့် သက်ဆိုင်သည့် ပြသနာများ ပိုဆိုးလာတယ်ဆိုတာ သိရှိနေကြောင်း ပါဝင်ပါတယ်။

ဒါ့အပြင် Facebook ဟာ ၎င်း၏ အတွင်းရေး လုပ်ဆောင်ချက်များနှင့် မကိုက်ညီသည့် လူသိရှင်ကြား ထုတ်ပြန်ချက်များဖြင့် ရင်းနှီး မြှုပ်နှံသူများကို လှည့်စားခဲ့သည်ဟု ‌Securities and Exchange Commission ကို တိုင်ကြားခဲ့ပါတယ်။

သူမဟာ လွှတ်တော်အမတ်များဖြစ်တဲ့ ဒီမိုကရက်မှ Richard Blumenthal နှင့် ရီပက်ပလစ်ကန် မှ Marsha Blackburn တို့ဖြင့် ဆွေးနွေးခဲ့ပြီး စာရွက်စာတမ်းများကိုလည်း မျှဝေခဲ့တယ်လို့ သိရပါတယ်။

Ms. Haugen ဟာ Facebook သုံးစွဲသူ လူငယ်များ အပေါ် သက်ရောက်နေမှုများနှင့် ပတ်သက်ပြီး ကွန်ဂရက်၌ အင်္ဂါနေ့တွင် သက်သေ ထွက်ဆိုရန် စီစဉ်ထားပါတယ်။

Reference: Nytimes

———————————————————————————————————————————–

Updated 1:03 AM

CNBC သတင်းဌာနမှ Facebook ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အကြီးအကဲ Antigone Davis ကို Haugen ၏ ဖော်ထုတ်သမျှနှင့် ပတ် သက်ပြီး ဖုန်းနှင့် အင်တာဗျူးရာတွင် ၎င်းမှ Haugen ပြောဆိုသွားခဲ့တာတွေ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားခဲ့ပါတယ်။

သူမ၏ ပြောဆိုချက်အရ Facebook ဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ဒေါ်လာ ၁၃ ဘီလီယံလောက်အထိ လုံခြုံရေးအတွက် ဆောင်ရွက်ခဲ့‌ ကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ကြော်ငြာ သတင်းဖြန့်မှုများကို ပိတ်ပင်ထားခဲ့ကြောင်း နှင့် ထိုမှ ရရှိမယ့် ငွေများအား လုံခြုံရေးအတွက် ရင်းနှီးလိုက်တာလို့ ပြောလို့ရကြောင်း ပြောပါတယ်။

Haugen မှ ထိုအကြောင်းနှင့် ပတ်သက်ပြီး သတင်းဌာနသို့ ရွေးကောက်ပွဲ မတိုင်ခင် ကြော်ငြာ ဖြန့်ဝေမှုကို ပိတ်ပင်ခဲ့ပေမယ့် ပြီးသည့်အခါမှ ပြန်ဖွင့်ပေးခဲ့တာဟာ အမေရိကန် လွှတ်တော်အတွင်းသို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းများထဲက တခုဖြစ်ပြီး Facebook က လူထုကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တာဝန် မယူခဲ့ဘူး လို့ ပြောဆိုခဲ့သည့် အကြောင်းကို Antigone Davis အား မေးခွန်းပြန်ထုတ်ရာ

Antigone Davis မှ သူမတို့ ဟာ လုံခြုံရေးနှင့် ပတ်သက်ပြီး အသေအချာလုပ်ဆောင်ခဲ့ကြောင်း profile များတွင် ထည့်သွင်းနိုင်သည့် Frame များကိုတောင် အဲဒီ့ ရွေးကောက်ပွဲကာလမှာ ပိတ်ခဲ့ပေမယ့် အမြဲတမ်း ပိတ်ပင်ထားတာမျိုး လုပ်ဆောင်ဖို့ဆိုတာ အဓိပ္ပါယ် မရှိကြောင်း နှင့် ယနေ့အထိ ဆက်လက်ပြီး နိုင်ငံရေး group တွေကို ခွင့်ပြု မထားကြောင်းပြန်လည် ပြောဆိုခဲ့ပါတယ်။

CNBC မှ ဆက်ပြီး Facebook မှ လိမ်ညာနေသည့် အမုန်းပွားစေမှုများ၊ သတင်းမှားများကိစ္စနှင့် ပတ်သက်သည့် ထောင်ပေါင်းများစွာသော သက်သေ စာ ရွက်စာတမ်းများအရ အဆိုပါ ကိစ္စများထဲမှ ၁ ရာခိုင်နှုန်း၏ ၁၀ ပုံ ၆ ပုံလောက်သာ ဖယ်ရှားနိုင်ခဲ့သဖြင့် လုံလောက်ပါသလား ဟု မေးခွန်းထုတ်ရာ

Antigone Davis မှ Facebook ဟာ အမြဲတစေ ပိုကောင်းအောင် လုပ်ဆောင်နေကြောင်းနှင့် သုတေသနများ အမြဲပြုလုပ်ပြီး အသုံးပြုသူ များအတွက် အပေါင်းလက္ခဏာဆောင်သည့် အတွေ့အကြုံ ရရှိဖို့ အမြဲ လုပ်ဆောင်နေကြောင်း အပြင် ၎င်း၏ Facebook တွင် ရှိနေသည့် ၇ နှစ်တာကာလ အတွေ့အကြုံအရ စွပ်စွဲချက်တွေဟာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

Reference: CNBC TV

———————————————————————————————————————————-

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.