ရော့ဝယ်လာ (Rottweiler) များ၏ စိတ်ဝင်စားဖွယ်ရာ အချက်များ

Knowledge Nature

ရော့ဝယ်လာတွေဟာ ၎င်းတို့ရဲ့ ကြီးပြင်းလာမှုအပေါ် မူတည်ပြီး ကြမ်းတမ်းတဲ့ အစောင့်ခွေးဖြစ်ဖြစ် သို့မဟုတ် ပွေ့ဖက်ချစ်ခင်တဲ့ အဖော်တွေဖြစ်ဖြစ် မွေးမြူနိုင်ပါတယ်။

ဒါကြောင့် သစ္စာရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရော့ဝယ်လာတွေ အကြောင်း အောက်တွင် ဖော်ပြလိုက်ပါတယ်။

ရော့ဝယ်လာတွေဟာ ရောမမြို့ကနေ စတင်လာတာပါ။

ရော့ဝယ်လာတွေကို ရှေး ရောမခေတ်မှ မျိုးဆက်တွေလို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြပါတယ်။

၎င်းတို့ကို လှည်းတွေကို ဆွဲတင်ဖို့ ၊ နွားတိရစ္ဆာန်တွေကို ထိန်းကျောင်းဖို့ နှင့် အိမ်အစောင့်တွေအဖြစ် အသုံးပြုကြပါတယ်။

ကျွဲနွား​တွေလို တိရစ္ဆာန်ကြီးတွေကို ထိန်းချုပ်ဖို့ သန်မာကြံ့ခိုင် ကြတဲ့ အတွက်ကြောင့် ၎င်းတို့ကို မွေးမြူကြတာပဲ ဖြစ်ပါတယ်။

ရောမ​မြို့မှာ စတင်သော်လည်း ဂျာမန်မှာ ကျယ်ပြန့်လာတဲ့အကြောင်း

ရောမစစ်တပ်တွေဟာ ဥရောပကိုသိမ်းပိုက်ဖို့ ဂျာမနီနိုင်ငံသို့ ထွက်ခွာလာတဲ့အခါ ရော့ဝယ်လာတွေရဲ့ ဘိုးဘေးတွေကို ၎င်းတို့နှင့်အတူ ယူဆောင်လာခဲ့ကြပါတယ်။

ထိုအချိန်က ရေခဲသေတ္တာ မရှိတဲ့ အတွက်ကြောင့် တပ်သားတွေကို ရိက္ခာအတွက် နွားတွေကို ခေါ်ဆောင်ကြရပါတယ်။

ရော့ဝယ်လာတွေရဲ့ ဘိုးဘေးတွေဟာ ကျွဲနွားတွေကို ထိန်းသိမ်းတဲ့နေရာမှာ အလွန်အသုံးဝင်ကြပါတယ်။ ၎င်းတို့ရဲ့ခံနိုင်ရည်နှင့် ခွန်အားကြောင့် အလုပ်အတွက် ပြီးပြည့်စုံတဲ့ခွေးတွေ ဖြစ်ကြပြီး လမ်းတစ်လျှောက် အစောင့်အရှောက်နှင့် ရိက္ခာသယ်ယူရာတွင်လည်း အသုံးပြုခဲ့ကြပါတယ်။

အေဒီ ၇၃ ခုနှစ် လောက်မှာ ဂျာမနီရဲ့ Wurtemberg မြို့မှာ ရောမ စစ်တပ်က ရပ်တန့် ခဲ့ပါတယ်။

ထိုမြို့လေးဟာ အနီရောင် ကြွေပြားမိုးထားတဲ့ အိမ်ကြီး​တွေနှင့် ပြည့်နှက်နေပြီး နောက်ပိုင်းမှာ အဆိုပါ မြို့ကို Rottweil ဟု ခေါ်တွင် ခဲ့ကြပါတယ်။

ရောမခွေးတွေဟာ ထိန်းကျောင်းစောင့်ရှောက် ခွေး​တွေအဖြစ် နာမည်ကြီးပါတယ်။ နောက်ဆုံး ၎င်းတို့ကို ခေတ်သစ် Rottweiler ကို မွေးဖွားလာစေဖို့ အခြား ဒေသခံခွေး​တွေနှင့် ပေါင်းစည်းခဲ့ကြပါတယ်။

မျိုးသုဉ်းလုနီးပါး ဖြစ်သွားတဲ့အကြောင်း

၁၉ ရာစု အလယ်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာတာနဲ့အမျှ တိရစ္ဆာန်တွေကို စျေးကွက်သို့ ပို့ဆောင်ပုံကလည်း ပြောင်းလဲလာပါတယ်။

ဒါ့ကြောင့် နွားတွေကို သယ်ယူရာမှာ အထိန်းခွေးတွေ မလိုအပ်တော့သဖြင့် ​ရော့ဝယ်လာတွေကို အသုံးပြုမှု နည်းပါးလာပါတယ်။

Rotties အရေအတွက်တွေ ဆက်လက် လျော့နည်းလာပြီး အုပ်စုတွေလည်း ပျောက်ကွယ် သွားခဲ့ပါတယ်။

လုံးဝ ပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့သော်လည်း မွေးမြူသူ အုပ်စု အနည်းငယ်က ၎င်းတို့ကို စောင့်ရှောက် ထိန်းသိမ်းဖို့ ခက်ခက် ခဲခဲ ကြိုးပမ်းခဲ့ကြရပါတယ်။

၂၀ ရာစုလောက်မှာတော့ ရော့ဝယ်လာတွေကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တွေမှာ အသုံးပြုဖို့ ရည်ရွယ်ချက် အသစ်ကို တွေ့ရှိခဲ့ကြပါတယ်။

နောက်ပိုင်း ရော့ဝယ်လာတွေကို ၁၉၁၀ ခုနှစ်မှာ အမေရိကန်သို့ မိတ်ဆက်ခဲ့ပြီး ၎င်းတို့ရဲ့ ကျော်ကြားမှုကလည်း ဆက်လက် ကြီးထွားလာခဲ့ပါတယ်။

ယနေ့မှာတော့ ရော့ဝယ်လာတွေဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၀ ခုမြောက် လူကြိုက်အများဆုံး မျိုးစိတ်ဖြစ်လာပါတယ်။

ရော့ဝယ်လာကို အသံထွက်ဖို့ နည်းလမ်းနှစ်ခုရှိတဲ့အကြောင်း

ရော့ဝယ်လာတွေဟာ ဂျာမန်မျိုးရိုးဖြစ်တဲ့အတွက်ကြောင့် ၎င်းကို ဂျာမန်နည်းဖြင့် အသံထွက်လိုပါက rott-vile-er ဖြစ်ပြီး အမေရိကန်မှာနေရင် rott-why-ler လည်း လက်ခံခေါ်ဆိုကြပါတယ်။

ပျက်စီးထိခိုက်လွယ်တဲ့ အရာတွေနဲ့ ဝေးဝေးထားသင့်ကြောင်း

ရော့ဝယ်လာတွေဟာ ထိန်းကျောင်းခွေးတွေ အဖြစ် နာမည်ကြီးပါတယ်။ လေ့ကျင့်သင်ကြားထားတဲ့ ရော့ဝယ်လာတွေဟာ နူးညံ့သော်လည်း မွေးမြူသူတွေကိုတော့ ကလေးငယ်တွေ သို့မဟုတ် သက်ကြီးရွယ်အို​တွေရှိတဲ့ အိမ်ထောင်စု​တွေ အတွက် အကြံပြုထားခြင်း မရှိပါဘူး။

ရော့ဝယ်လာတွေမှာ အမှတ်အသားတစ်မျိုးသာရှိတဲ့အကြောင်း

ရော့ဝယ်လာတွေဟာ ၎င်းတို့ရဲ့ရင်ဘတ်၊ မျက်နှာနှင့် ခြေလက်တွေမှာ တူညီတဲ့ အညိုရောင်အမှတ်အသားများရှိကြပြီး ကျန်တစ်ကိုယ်လုံးကတော့ အနက်ရောင် ဖြစ်ပါတယ်။

American Kennel Club ရဲ့ ပြောကြားချက်အရ အညိုရောင် အစက်အပြောက်တွေဟာ သံချေး၊ အသားရောင်နှင့် မဟော်ဂနီဟူပြီး သုံးမျိုးကွဲပြားနိုင်တယ်ဟု ဆိုပါတယ်။

ဂျာမန်ရော့ဝယ်လာတွေဟာ အမေရိကန်ရော့ဝယ်လာတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။

ဂျာမန်အုပ်စုတွေဟာ အမေရိကန်အုပ်စုတွေထက် မတူညီတဲ့ မျိုးရိုးစံနှုန်းတွေ ရှိကြပါတယ်။ German Rotties တွေဟာ အနည်းငယ်ပိုကြီးပြီး အမြီးရှည်တတ်ပါတယ်။

ရော့ဝယ်လာတွေမှာ ခိုင်မာတဲ့ မေးရိုးတွေရှိတဲ့အကြောင်

ရော့ဝယ်လာတွေဟာ သူတို့ရဲ့ကြီးမားကျယ်ပြန့်တဲ့ ဦးခေါင်းကြောင့် စွဲမက်နှစ်သက်ဖွယ်ကောင်းပြီး ၎င်းတို့ရဲ့ကိုက်အားကလည်း ၃၂၈ ပေါင်အထိ ရှိပါတယ်။ ၎င်းဟာ ငါးမန်းကိုက်အားရဲ့ ထက်ဝက်ခန့်ရှိပါတယ်။

ရော့ဝယ်လာတွေကို လေ့ကျင့် သင်ကြားပေးဖို့ မဖြစ်မနေ လိုအပ်တဲ့အကြောင်း

လူတွေလိုပဲ ရော့ဝယ်လာတွေကလည်း တစ်ကောင်နဲ့ တစ်ကောင် မတူညီကြပါဘူး။ နူးညံ့သိမ်မွေ့တဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်လာစေဖို့ စောစောစီးစီး လုံ့လစိုက် လေ့ကျင့်ပေးဖို့ အလွန်အရေးကြီးပါတယ်။

၎င်းတို့ဟာ အလွန်ထက်မြက်ပြီး စိတ်အားထက်သန်တဲ့ အတွက်ကြောင့် လေ့ကျင့် သင်ကြားပေးတဲ့ နေရာမှာ အလွန်လွယ်ကူပါတယ်။

ရော့ဝယ်လာတွေရဲ့ သစ္စာကြီးတဲ့အကြောင်း

ရော့ဝယ်လာတွေကို အစောင့်ခွေးများအဖြစ် မွေးမြူလေ့ရှိပြီး သခင်ကို ချစ်ခင် ကြင်နာတတ်တဲ့ အတွက်ကြောင့် လူသိများပါတယ်။

အဆိုပါ ချစ်စရာကောင်းတဲ့ ရော့ဝယ်လာတွေဟာ ၎င်းတို့ကိုယ်တိုင် အချိန်များစွာဖြုန်းပြီး အခြားသူ​တွေနှင့် ပေါင်းသင်းခြင်းကို မလုပ်တတ်ကြပါဘူး။

၎င်းတို့ဟာ သစ္စာတရားအလွန်ကြီးမားပြီး သခင်အပေါ် ကာကွယ်လိုစိတ် ပြင်းပြတဲ့သူများ ဖြစ်ကြပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *