S-400 လေကြောင်း ကာကွယ်ရေး စနစ်အကြောင်း မှတ်သားစရာ အချို့

Knowledge Military

The S-400 Triumph နေတိုး NATO အခေါ် SA-21 လေကြောင်းကာကွယ်ရေး စနစ်ကို ရုရှား နိုင်ငံ Almaz Central Design Bureau မှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

S-400 ကို S-300 မြေပြင်မှ ဝေဟင်ပစ် လေကာစနစ်အား အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ် ဧပြီတွင် တပ်တော်ဝင်ခဲ့ကာ ၂၀၀၇ ခုနှစ် ဩဂုတ်မှာတော့ စစ်မြေပြင်တွင် စတင် အသုံးပြုခဲ့ပါတယ်။

ရုရှားဟာ S-400 တပ်ရင်းကြီး လေးရင်းကို ဖွဲ့စည်းကာ နိုင်ငံ လေပိုင်နက်ကို ကာကွယ်ရန် မော်စကို ဒေသ၊ ကာလီနင်ဂရတ်မြို့ အနီး ဘောတစ်ပင်လယ်ဒေသ နှင့် အရှေ့ပိုင်း စစ်ဘက် ဒေသ များတွင် တပ်ဖြန့်ထားရှိပါတယ်။

တောင်ပိုင်း စစ်ဘက်ဒေသ မှာရှိတဲ့ လေကာစနစ်များကိုတော့ ၂၀၁၂ အကုန်ပိုင်းလောက်မှာ S-400 Triumph များနှင့် အစားထိုး တပ်ဆင်ခဲ့ပါတယ်။

မှာယူမှုနှင့် ပို့ဆောင်မှုများ

တပ်ရင်း ၂၀ လောက်ကျော်လောက်ရှိတဲ့ S-400 Triumph လေကာစနစ်များကို ရုရှား တပ်ဖွဲ့များဆီသို့ ၂၀၁၅ တွင် ပေးပို့နိုင်ခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၅၇ ခုခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်.

ရုရှားဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းမှာ တရုတ်နိုင်ငံကို S-400 Triumph တပ်ရင်း ၂ ခုစာ ထောက်ပံ့ပေးခဲ့ပါသေးတယ်။

တူရကီဟာလည်း S-400 စနစ်များကို IDEF 2009 ပြပွဲတွင် စိတ်ဝင်စားမှု ပြခဲ့ပြီး ဧပြီလ ၂၀၁၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးကာ ပထမ အသုတ်ကို ၂၀၁၉ ဇူလိုင်လတွင် ပေးပို့ ခဲ့ပါတယ်။

၂၀၁၈ အောက်တိုဘာလမှာ လက်နက်တင်ပို့သူ Rosoboronexport ဟာ အိန္ဒိယနိုင်ငံနှင့် S-400 လေကြောင်းကာကွယ်ရေး စနစ် ဝယ်ယူမှု သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

လေကာစနစ်တွင် ပါဝင်သော အင်္ဂါရပ်များ

ဒီလေကြောင်းကာကွယ်ရေး စနစ်တွင် ဘက်စုံသုံး ရေဒါ၊ အလိုအလျှောက် ပစ်မှတ်ရှာဖွေခြင်းစနစ်၊ လေယာဉ်ဖျက် ဒုံးကျည်စနစ်၊ ပစ်လွှတ်စနစ်များနှင့် ထိန်းချုပ် ကွပ်ကဲမှု စင်တာများ ပေါင်းစပ်ထားပါတယ်။

အလွှာမျိုးစုံ ကာကွယ်နိုင်ရန်အတွက် စနစ်တွင် မတူညီတဲ့ ဒုံးကျည် ၃ မျိုးကို တပ်ဆင်ထားပြီး မတူညီတဲ့ အကွာအဝေးအလိုက် ပစ်ခတ်နိုင်ပါတယ်။

စနစ်ဟာ အမြင့် ၃၀ ကီလိုမီတာ၊ အကွာအဝေး ၄၀၀ ကီလိုမီတာရှိ ပျံသန်းနေသည့် လေယာဉ်၊ ဒရုန်း၊ ပဲထိန်းဒုံး နှင့် ခရုဇ်ဒုံးပျံများ အပါ အ ဝင် မည်သည့် ဝေဟင်မှ ပစ်မှတ် အမျိုးအစား အားလုံးကို ကာကွယ်နိုင်ပါတယ်။

ပစ်မှတ် ၃၆ ခုကို တပြိုင်နက် တိုက်ခိုက်နိုင်တဲ့အတွက် အလွန်စွမ်းဆောင်ရည် မြင့်မားပြီး ၅ မိနစ်အတွင်း ပြင်ဆင်နိုင်ကာ ယခင် မျိုးဆက် လေကာစနစ်များထက် ၂ ဆလောက် ပိုပြီး ကောင်းမွန်လာပါတယ်။

ဒါ့အပြင် စနစ်ဟာ ပြောင်းလွယ် ပြင်လွယ်ရှိပြီး လေတပ်၊ ကြည်းတပ်နှင့် ရေတပ်များ၏ လက်ရှိနှင့် အနာဂါတ် လေကြောင်းကာကွယ်ရေး ယူနစ်များနှင့်ပါ ချိတ်ဆက်နိုင်ဖို့ ဒီဇိုင်းဆွဲတည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပါဝင်သော ဒုံးကျည်များ

လေကာစနစ် S-400 တွင် S-300PMU စနစ်မှ ဒုံးကျည်များ အပါအဝင် ဒုံးကျည်အမျိုးအစားသစ် ၄ မျိုးကို အသုံးပြုပါတယ်။

ပထမဆုံး စနစ်တွင်တပ်ဆင်ထားတဲ့ ဒုံးကျည်ကတော့ 48N6DM (48N6E3) ဖြစ်ပြီး တွန်းကန်အားကောင်းတဲ့ 48N6M ဒုံးကျည်ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

အဲဒီ့ ဒုံးကျည်ဟာ အကွာအဝေး ၂၅၀ ကီလိုမီတာမှ ဝင်ရောက်လာတဲ့ လေကြောင်းပစ်မှတ်များကို တားဆီးနိုင်ပါတယ်။

40N6 ဒုံးကျည်ကတော့ အကွာအဝေး ၄၀၀ ကီလိုမီတာ လောက်အထိ ပစ်လွှတ်နိုင်ပြီး ဝေဟင်ပစ်မှတ်များကို ဟန့်တားဖို့ active radar homing စနစ်ကို အသုံးပြုပါတယ်။

ဒီဒုံးကျည်ဟာ AWACS၊ J-STARS၊ EA-6B ရေဒါဖိဖျက် စနစ်တပ် လေယာဉ်များအပြင် အခြား တန်ဖိုးမြင့် ပစ်မှတ်များကို တားဆီးနိုင်ပါတယ်။

စနစ်မှတဆင့် တာလတ် မြေပြင်မှ ဝေဟင် ဒုံးကျည်များဖြစ်တဲ့ 9M96E နှင့် 9M96E2 တို့ကို ပစ်လွှတ်နိုင်ပြီး အဲဒီ့ ဒုံးကျည်များဟာ လျှင်မြန်စွာ ရွေ့လျားနေတဲ့ လေယာဉ်များကို ထိမှန်ခြေ မြင့်မားစွာ ပစ်ခတ်နိုင်ပါတယ်။

အဝေးဆုံး ပစ်လွှတ်နိုင်တဲ့ 9M96 ဒုံးကျည်၏ အကွာအဝေးကတော့ ၁၂၀ ကီလိုမီတာ ဖြစ်ပါတယ်။

ထိန်းချုပ် ကွပ်ကဲမှု

55K6E ကွပ်ကဲမှုနှင့် ထိန်းချုပ်မှု စနစ်ကို Ural-532301 ရွေ့လျား ထိန်းချုပ် ကွပ်ကဲယာဉ်ပေါ်တွင် အခြေပြုထားတာ ဖြစ်ပါတယ်.

ဒီ ကွပ်ကဲရေးယာဉ်တွင် လေကာစနစ် တခုစီ၏ လေပိုင်နက် စောင့်ကြည်ရေး အချက်အလက်များကို ကြည့်ရှုရန် LCD consoles မျက်နှာပြင် များဖြင့် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီ့နေရာမှ တာဝေး စောင့်ကြည့်ရေး ရေဒါ၊ လေကြောင်း အန္တရာယ်များကို ခြေရာခံခြင်း၊ ပစ်မှတ်များကို ဦးစားပေးခွဲခြားခြင်း နှင့် လေကာပစ်လွှတ်စနစ်များဖြင့် တွဲဖက် လုပ်ဆောင်ခြင်းများ ပြုလုပ်တာ ဖြစ်ပါတယ်။

ကွပ်ကဲရေး နှင့် ထိန်းချုပ်ရေး စနစ်ဟာ အခြား လေကာစနစ်များဖြစ်တဲ့ SA-12၊ SA-23 နှင့် S-300 များဖြင့် အချက်အလက် ဖလှယ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

တပ်ဆင်ထားသော ရေဒါများ

တပ်ဆင်ထားတဲ့ ပစ်ခတ်မှု ထိန်းချုပ်ရေးနှင့် ပစ်မှတ် ခြေရာခံ ရေဒါကတော့ 92N6E (နေတိုးအခေါ် Gravestone) ဖြစ်ပြီး MZKT-7930 ၈ ဘီးတပ်ယာဉ်ပေါ်တွင် အခြေပြုထားတာ ဖြစ်ပါတယ်။

လေကာစနစ်မှ အလိုအလျှောက် ဆောင်ရွက်နေသည့်အချိန်တွင် 96L6 Cheese Board ၃ ဘက်မြင် စောင့်ကြည့်ရေး နှင့် ခြေရာခံ ရေဒါဟာ အထက်ပါ အမျိုးအစားတူ ယာဉ်မှာပဲ အခြေပြုထားပါတယ်။

91N6E Big Bird စစ်ပွဲ ခန့်ခွဲမှု ရေဒါဟာ လေယာဉ်၊ ရဟတ်ယာဉ်၊ ခရုဇ်ဒုံးကျည်၊ ပဲ့ထိန်းဒုံး၊ ဒရုန်း၊ ပဲ့ထိန်းရော့ကတ်များကို ၆၀၀ ကီလိုမီတာ အကွာမှ သိရှိနိုင်ပြီး ပစ်မှတ် ၃၀၀ ကို တပြိုင်နက် ခြေရာခံနိုင်ပါတယ်။

S-400 မှ ဒုံးကျည်များ ပစ်လွှတ်သည့် ယာဉ်

SP85TE2 ပစ်လွှတ်စနစ်များကို BAZ-64022 6×6 ယာဉ် သို့မဟုတ် MAZ-79100 Transporter-Erector-Launcher (TEL) ယာဉ်ပေါ်တွင် အခြေပြုတာ ဖြစ်ပါတယ်။

TEL ယာဉ်ဟာ ဒုံးကျည်များ ပေါင်းစပ်ထားသည့် ပစ်လွှတ်ပြွန် ၄ ခုအထိ တင်ဆောင်နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *