ခရုလေးတွေရဲ့ စိတ်ဝင်စားဖွယ် အချက် ၁၀ ချက်

Article Nature

ခရုလေးတွေဟာ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့်မျိုးစိတ်များရှိ​​ကြပြီး ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်အတွက် အဓိကအခန်းကဏ္ဍမှပါဝင်ပါတယ်။

၎င်းတို့က သဘာဝ မြေသြဇာသာမက အခြားတိရစ္ဆာန်များအတွက် ဂေဟစနစ်ကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြုပါတယ်။

ယနေ့ခေတ်မှာဆိုရင် ၎င်းတို့ရဲ့ အကျိအချွဲများကို ထုတ်ကုန်များနှင့် အလှကုန်ဗေဒ ပညာတွင်လည်း ပိုမို ရေပန်းစားလာပါပြီ။

အောက်ဖော်ပြပါ အချက် (၁၀) ချက်ဟာ ခရုလေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

(၁) ခရုအမျိုးအစားပေါင်း ၄၀၀၀၀ ကျော်ရှိတဲ့အကြောင်း

တကယ်တော့ ကွဲပြားတဲ့ ခရုမျိုးစိတ်ပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။

၎င်းတို့ရဲ့ အရွယ်အစား၊ အရောင်နှင့် တည်နေရာများကတော့ ကွဲပြားကြပါတယ်။ ခရုလေးတွေဟာ အရွယ်အစား ၁ လက်မအောက်မှ ၁၅ လက်မကျော်အထိ အရွယ်အစားရှိနိုင်ပါတယ်။

၎င်းတို့က ခြောက်သွေ့သောမြေတွေအပါအဝင် မတူညီသော နေထိုင်ရာအများအပြားတွင်လည်း နေထိုင်နိုင်ပါတယ်။

အရေအတွက် အတိအကျကို မသိရသေးသော်လည်း ယနေ့ကမ္ဘာပေါ်တွင် အနည်းဆုံးမျိုးစိတ်ပေါင်း ၄၃၀၀၀ ရှိတယ်ဟု သိရပါတယ်။

(၂) ပင်လယ်ရေ၊ ရေချို သို့မဟုတ် နေရာ အများအပြားမှာ နေထိုင်နိုင်တဲ့အကြောင်း

တွေ့ရများတဲ့ ခရုအချို့ဟာ ကုန်းမြေမှာ တွေ့နိုင်သလို ပိုထူးခြားဆန်းပြားတဲ့ မျိုးစိတ်အချို့အနေနဲ့ ပင်လယ်ရေနဲ့ ရေချိုမှာ နေထိုင်နိုင်တဲ့ ခရုတွေလည်း ရှိပါတယ်။

ပင်လယ်ခရုများက ဆားငန်ရေတွင် နေထိုင်သည့် အထူးကြီးမားသော ခရုအုပ်စုဖြင့် ဖွဲ့စည်းထားပြီး မျိုးကွဲများစွာရှိပါတယ်။

ရေငန်ခရုများက ရေထဲတွင် ကျောက်ဆောင်အဖြစ် အသွင်ယူလေ့ရှိသည့် ရောင်စုံအခွံများပါရှိပြီး သားရဲကောင်များထံမှ ပုန်းအောင်းဖို့ ပြီးပြည့်စုံသော အသွင်အပြင်လည်း ရှိကြပါတယ်။

ရေချိုခရုများက ကန်များ၊ ရေကန်များနှင့် မြစ်များတွင် နေထိုင်သည့် ခရုအုပ်စုကြီးများ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာဆိုရင် ရေချိုခရုမျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိပါတယ်။ မြေခရုများကလည်း ပိုမိုကြီးမားသော အုပ်စုတစ်ခုအနေနဲ့ အရွယ်အစား ကြီးမားကြပါတယ်။

(၃) ဧရာမအာဖရိက ကုန်းခရုများက ကမ္ဘာပေါ်တွင် အကြီးဆုံး ခရုများထဲမှ တစ်ခုဖြစ်တဲ့အကြောင်း

ကမ္ဘာပေါ်တွင် အကြီးဆုံးခရုမျိုးစိတ်က မြေခရုဖြစ်ပါတယ်။ ဧရာမအာဖရိကခရုများက အရွယ်အစား ၇ လက်မကျော် ကြီးထွားနိုင်ပြီး အကြီးဆုံးနမူနာကို တိုင်းတာမှုအရ ၁၅ လက်မကျော်ထိ ရှိပါတယ်။

၎င်းတို့မှာဆိုရင် ဒေါင်လိုက် အမဲအစင်းများပါရှိသော ကြီးမားတဲ့ အခွံများရှိကြပါတယ်။ အဆိုပါ ခရုများကို အပင်အမျိုးပေါင်း ၅၀၀ ထက်မနည်းကို ကျက်စားသော ကျူးကျော်မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

၎င်းတို့က ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတယ်ဟု သိရှိရသည့် ကပ်ပါးပိုး သယ်ဆောင်သူများဖြစ်​ကြပြီး လူနှင့် အခြားတိရစ္ဆာန်များကို အန္တရာယ်ဖြစ်စေသည်ဟုလည်း ဆိုပါတယ်။

(၄) ကမ္ဘာ့အသေးဆုံးခရုမျိုးစိတ်က ၀.၀၃ လက်မသာရှိတဲ့အကြောင်း

ကမ္ဘာပေါ်တွင် အသေးဆုံး ခရုက မိုက်ခရို ခရု တစ်မျိုး ဖြစ်ပါတယ်။ အရွယ်အစား တိုင်းတာချက်တွေ အရ ၀.၀၃ လက်မအောက်သာရှိပြီး အပြာရောင် အခွံရှိသော ခရုမျိုးဖြစ်ပါတယ်။

အဆိုပါ ခရုများကို ဘော်နီယိုတွင် တွေ့ရှိရပြီး လက်တင်ဘာသာဖြင့် dwarf ဟုဘာသာပြန်သော Acmella nana ဟု အမည် ပေးထားပါတယ်။

၎င်းတို့က အလွန်သေးငယ်တဲ့အတွက်ကြောင့် သာမန်မျက်စိဖြင့် တောရိုင်းထဲတွင် မတွေ့နိုင်ဘဲ အဏုကြည့်မှန်ပြောင်းဖြင့်သာ ကြည့်ရမည်ဟု သိပ္ပံပညာရှင်များက ဆိုပါတယ်။

အဆိုပါ မျိုးစိတ်များကို ထုံးကျောက်တောင်ကုန်းပေါ်တွင် တွေ့ရှိရတက်ပါတယ်။ ကမ္ဘာပေါ်မှာဆိုရင် ခရု အသေးစား မျိုးစိတ် အနည်းဆုံး ၅၀၀ လောက်ရှိနိုင်တယ်ဟု သိရပါတယ်။

(၅) ခရုတွေက နို့တိုက်သတ္တဝါတွေ မဟုတ်သလို တွားသွား သတ္တဝါတွေလည်း မဟုတ်ပါဘူး။

ခရုများကို gastropods ဟုခေါ်ပါတယ်။ Gastropods များက ခရုများ၊ ပက်ကျိများနှင့် whelks များပါ၀င်သည့် ခရုများရဲ့ပုံစံတစ်ခုဖြစ်ကြပါတယ်။

၎င်းတို့ဟာ ကွဲပြားသော မျိုးစိတ်ပေါင်း ၄၀၀၀၀ ကျော်ရှိတဲ့ သက်ရှိအုပ်စုများထဲမှ တစ်ခုဖြစ်ပါတယ်။

၎င်းတို့ကတော့ ကျောရိုး သို့မဟုတ် အရိုးစုစနစ်မရှိသော သက်ရှိအုပ်စုတစ်စုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရုခွံက ၎င်းတို့အတွက် အလွန်အရေးကြီးပါတယ်။

(၆) ခရုတွေမှာ သွားတွေ ရှိတယ်ဆိုတဲ့အကြောင်း

ခရုတွေက ပါးစပ်သေးငယ်သော်လည်း သွားများရှိကြပါတယ်။ တကယ်တော့ အချို့ခရုတွေမှာ သွားပေါင်း ၂၀၀၀၀ ကျော်ရှိပြီး ပျမ်းမျှခရုတစ်ကောင်မှာ ၁၀၀၀ သို့မဟုတ် အထက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ သွားများက လက်တွေ့အားဖြင့် အဏုကြည့် မှန်ပြောင်းဖြင့်သာ ကြည့်နိုင်ပြီး အခြား တိရိစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ထက်မြက်ခြင်း မရှိသော်လည်း ၎င်းတို့ကို ခြစ်ခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း အတွက် အသုံးပြုကြပါတယ်။

(၇) ခရုတွေက ခြိမ်းခြောက်မှုတစ်ခုရှိတဲ့အခါ လိပ်များကဲ့သို့ အခွံထဲသို့ ဝင်တတ်တဲ့အကြောင်း

ခရုများတွင် ကျောရိုး သို့မဟုတ် အရိုးစနစ်မရှိတဲ့အတွက်​ကြောင့် တောရိုင်းတိရစ္ဆာန်များစွာထက် သိသိသာသာ အားနည်းပါတယ်။

ဒါ့ကြောင့် ၎င်းတို့ဟာ အနီးအနားမှာ ခြိမ်းခြောက်မှုများ ကြုံလာတိုင်း လိပ်ကဲ့သို့ အကာအကွယ်အဖြစ် သူတို့ရဲ့ အခွံအတွင်းကို ဝင်သွားလေ့ရှိပါတယ်။

၎င်းတို့ရဲ့ အခွံကို သားကောင်များမှ အကာအကွယ်အဖြစ် အသုံးပြုရုံသာမက အပူချိန် မြင့်မားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) ခရုအများစုက အထီး နှင့်အမ မျိုးပွားအင်္ဂါနှစ်ခုလုံး ရှိကြပါတယ်။

ကမ္ဘာပေါ်တွင် ကိုယ်တိုင် မျိုးပွားနိုင်သော မျိုးစိတ်များစွာရှိပြီး ခရုများမှာလည်း ၎င်းတို့ထဲမှ မျိုးစိတ် တစ်ခုဖြစ်ပါတယ်။

အများစုက အထီး သို့မဟုတ် အမ မဟုတ်ကြပဲ မျိုးပွားဖို့ နှစ်မျိုးလုံးကို ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ကြပါတယ်။

၎င်းတို့က အရွယ်ရောက်လာတဲ့အခါ အခြေအနေပေါ် မူတည်ပြီး မျိုးပွားနိုင်ကြပါတယ်။

(၉) ခရု အခွံများကလည်း ၎င်းတို့နှင့် အတူ ကြီးထွားလာတဲ့အကြောင်း

ခရုတိုင်းတွင် အခွံပါရှိပြီး ကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ အခွံတွေဟာ သူတို့နဲ့အတူ ကြီးထွားလာပါတယ်။

၎င်းတို့က ဥအတွင်းရှိစဥ်မှာ စတင်ကြီးထွားလာပြီး မွေးလာသောအခါတွင် အခွံပါရှိပြီးသားဖြစ်ပါတယ်။

ခရုများက ၎င်းတို့ရဲ့ အခွံကို သန်မာစေဖို့အတွက် ကယ်လ်စီယမ်ကြွယ်ဝသော အစာအရင်းအမြစ်များကို အဆက်မပြတ် ရှာဖွေကြပါတယ်။

(၁၀) လက်ရှိ ခရုပြိုင်ပွဲများလည်း တွင်ကျယ်လာနေပြီဆိုတဲ့အကြောင်း

ပုံမှန်အားဖြင့် ခရုများက နှေးကွေးသော သတ္တဝါများ ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ကျင်းပသည့် ခရုပြိုင်ပွဲများ ရှိနေပါပြီ။

လူများ က လျင်မြန်သော အရှိန်အဟုန်ဖြင့် မရွေ့လျားဘဲ ကြည့်ရှုရသည်မှာ အလွန်ပျော်စရာကောင်းတဲ့အတွက်ကြောင့် ခရုပြိုင်ပွဲများကို ဟာသဖျော်ဖြေမှုပုံစံအဖြစ် ကျင်းပလာကြပါတယ်။ ပြိုင်ပွဲမှာဆိုရင် ဥယျာဉ်ခရုများက အသုံးအများဆုံး ခရုဖြစ်ပါတယ်။

စံချိန်တင်ထားတဲ့ ခရုမှာ Archie ဟု အမည်ပေးထားသည့် ခရုတစ်ကောင်ဖြစ်ပြီး အရှိန်မနှေးဘဲ ၂ မိနစ်အတွင်း ပြိုင်ပွဲကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com