တောက်တဲ့ နှင့် လူကို အခြေခံတဲ့ စက်ရုပ်လက် အသစ် အောင်မြင်လာတဲ့ အကြောင်း

Innovation Tech

စက်ရုပ်လက်များကို ဒီဇိုင်းဆွဲရာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုများထဲက တခုကတော့ အရွယ်အစားနှင့် အလေးချိန်မတူညီသည့် အရာဝတ္ထုများကို ဆုပ်ကိုင်နိုင်ဖို့ လုံလောက်သည့် ပြင်လွယ်ပြောင်းလွယ်ဖြစ်မှုပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် လူသားဆန်သည့် စက်ရုပ်လက်တွေဟာ ယေဘုယျအားဖြင့် ပိုမို တိကျမှု နှင့် နူးညံ့သိမ်မွေ့မှုကို ပေးစွမ်းနိုင်ပေမယ့် လေးလံသည့် ဝန်များကို မ ဖို့ရာအတွက်တော့ အဆင်မပြေပါဘူး။

ဒါ့ကြောင့် လူသားကဲ့သို့ လက်မျိုးနှင့် စက်ရုပ်လက်များဟာ နူးညံ့ တိကျမှု နှင့် အလေးချိန်များကို မတင်နိုင်ဖို့ ကဏ္ဍ ၂ မျိုးလုံး ရရှိနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

အခုတော့ စတန်းဖို့ဒ် တက္ကသိုလ်မှ အင်ဂျင်နီယာများဟာ တောက်တဲ့လက်များကို အခြေခံထားတဲ့ FarmHand လို့ခေါ်တဲ့ စက်ရုပ်လက်တခုကို ဖန်တီးလိုက်ပြီး အဆိုပါ စက်ရုပ်လက်အသစ်ဟာ အထက်ပါ စွမ်းဆောင်ရည် ၂ မျိုးစလုံးကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

FarmHand ဟာ ဇီဝဗေဒဆိုင်ရာ အယူအဆ နှစ်မျိုးမှ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပထမ တမျိုးကတော့ လူတွေရဲ့ အဆစ်ပေါင်းများစွာ ရှိတဲ့ လက်ချောင်းများကို အတုယူထားတာဖြစ်ပြီး နောက်တမျိုးကတော့ တောက်တဲ့ လက်ဖဝါးက ကုပ်တွယ်နိုင်မှုကို အတုယူထားတာပါ။

Photo: Courtesy of Biomimetics and Dextrous Manipulation Lab

တောက်တဲ့၏ ခြေချောင်းလေးများတွင် အဏုကြည့်မှန်ဘီလူးများနှင့် ကြည့်မှမြင်ရတဲ့ setae အမျှင်လေးများက မြဲမြံသည့် ဆုပ်ကိုင်မှုကို လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

မျက်နှာပြင်တခုနှင့် ထိတွေ့သည့်အခါတွင် အဆိုပါ setae အမျှင်လေးများဟာ အားပျော့သည့် intermolecular force ဖြစ်သည့် Van der Walls force ကို ဖြစ်ပေါ်စေပါတယ်။

ရလဒ်အနေဖြင့် တောက်တဲ့ဟာ အားအနည်းငယ်မျှသာ အသုံးပြုပြီး မြဲမြံစွာ တွယ်ကပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။

တွယ်ကပ်ဖို့အတွက် အစေးများ ထုတ်လွှတ်တာ မရှိသောကြောင့် အထိအတွေ့မှာ စေးကပ်တာ သို့မဟုတ် အကြွင်းအကျန်များ ကျန်ခဲ့တာမျိုးလည်း မရှိပါဘူး။

ဒီလို နည်းဟာ ညီညာတဲ့ မျက်နှာပြင်မှာ အသုံးပြုဖို့အတွက် အဆင်ပြေပေမယ့် FarmHand ကဲ့သို့ ထောင့်အမျိုးမျိုးရှိတဲ့ အရာဝတ္ထုများကို ဆုတ်ကိုင်ဖို့အတွက်ကျတော့ နည်းလမ်းတခုထဲနဲ့ အဆင်မပြေတော့ပါဘူး။

တွယ်ကပ်နိုင်မှုနောက်မှာ FarmHand ဟာ ဆုပ်ကိုင်နိုင်ဖို့အတွက် ဖြစ်လာတဲ့ စိန်ခေါ်မှုကို ထပ်မံ ဖြေရှင်းပြီး ဖြစ်ပါတယ်။

အဲဒါကတော့ အား အနည်းငယ်သာ အသုံးပြုပြီး ခေါက်နိုင် ကွေးနိုင်တဲ့ နံရိုးပုံစံ ဖွဲ့စည်း တည်ဆောက်မှုကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Photo: Courtesy of Biomimetics and Dextrous Manipulation Lab

ဒါ့ကြောင့် မည်သည့် ထောင့်အနေအထားမှ မဆို ထိတွေ့ဆုပ်ကိုင်ပါက တူညီသော တွယ်ကပ်နိုင်မှုအားရစေရန် နှင့် ချော်ပြီး လွတ်ကျမှုမှ ကာကွယ်နိုင်စေရန် ခေါက်နိုင်ဆန့်နိုင် သွားပါတယ်။

စနစ် ၂ ခုစလုံးဟာ ပစ္စည်းကို ဖိအားကြောင့် ပျက်စီးနိုင်ခြေ နည်းပါးစေပြီး လက်၏ဆုပ်ကိုင်မှုမှ ချော်ထွက်သွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

စမ်းသပ်မှုများတွင် သုတေသီများက farmHand ဟာ ကြက်ဥအစိမ်း၊ စပျစ်သီးများ၊ ပန်းကန်ပြားများ၊ အရည်ထည့်ထားသည့် ခွက်များ၊ ဘက်စကတ်ဘောများ စသည့် ပစ္စည်း အမျိုးမျိုးကို သာမက ကျောက်သွေးစက်များကိုတောင် ကိုင်တွယ်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

Photo: Courtesy of Biomimetics and Dextrous Manipulation Lab

farmHand အတွက် နောက်ပိုင်း တိုးတက်အောင် ဆောင်ရွက်မှုများတွင် ဆုပ်ကိုင်ပုံနှင့် စက်ရုပ် လက်ကို အသုံးပြုစဉ်အတွင်း မည်သို့ ပိုမို ကောင်းမွန်စွာ ဆုပ်ကိုင်နိုင်ပုံကို သုံးစွဲသူများ နားလည်စေရန် ကူညီပေးမည့် တုံ့ပြန်မှုများ ပြုလုပ်နိုင်စွမ်း ပါဝင်လာမှာ ဖြစ်ပါတယ်။

သုတေသီများဟာ ဒီစက်ရုပ်လက်ကို စီပွားဖြစ် အသုံးချနိုင်မယ့် လုပ်ငန်းများအတွက်လည်း ထည့်သွင်း စဉ်းစား လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *