အလင်း အလျှင်ထက် မြန်အောင်သွားနိုင်မည့် သီအိုရီ တခု

Article Science

အိုင်းစတိုင်း၏ နှိုင်းရသီအိုရီဟာ စကြာဝဠာ အတွင်းရှိ အရာခပ်သိမ်း၏ အရှိန်ကို ကန့်သတ်ထားပြီး အလင်း အလျှင်ထက် ပိုမို မြန်ဆန်စွာ သွားလာလို့ မရနိုင်သည့် အတားအဆီး တခုဖြစ်နေပါတယ်။

သို့ပေမယ့် သိပ္ပံပညာရှင်များ၊ တီထွင်သူများ နှင့် အင်ဂျင်နီယာများ ပါဝင်တဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ warp drive တလုံးကို ဖန်တီးနိုင်ဖို့အတွက် ပထမဆုံး မော်ဒယ်တခုကို ချပြခဲ့ပါတယ်။

အလင်းအလျှင်ထက် မြန်အောင် သွားလာဖို့ ပံ့ပိုးပေးမယ့် warp drive အကြောင်း စာတမ်းကို Classical and Quantum Gravity ဂျာနယ်တွင် ဖော်ပြခဲ့တာပါ။

ဒီစာတမ်းကြောင့် warp drive ကို သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတခုထက် ပိုပြီး ဖြစ်မြောက်အောင် တွန်းအားဖြစ်စေနိုင်ပေမယ့် ဆက်လက် လေ့လာရမှာတွေတော့ အများကြီး ရှိပါသေးတယ်။

လက်ရှိမှာ warp drive ဟာ သင်္ချာနည်းအရ ဖြစ်လာနိုင်ပြီ ဆိုပေမယ့် အလင်းနှစ် ၄ နှစ်လောက် ဝေးသည့် အနီးဆုံးကြယ်ကို အချိန် ၄ နှစ်လောက်နှင့် ရောက်အောင်သွားဖို့ဆိုတာ ဘယ်အချိန် ဖြစ်နိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။

သိပ္ပံစိတ်ကူးယဉ် အဆင့်ထက် ကျော်လွန်လာတဲ့ Warp Drive

Warp field mechanics နယ်ပယ်မှ သုတေသီများ အနီးကပ် လေ့လာခဲ့ပြီးနောက် ကျော်ကြားတဲ့ သီအိုရီပိုင်း ဆိုင်ရာ ရူပ ဗေဒပညာရှင် Miguel Alcubierre ၏ ထောက်ခံမှုဖြင့် အသုံးချရူပဗေဒဂျာနယ်တွင် ရုပ်ပိုင်းဆိုင်ရာ warp drive ၏ ပထမဆုံး မော်ဒယ်ကို ကြေညာခဲ့တာပါ။

“သိပ္ပံနယ်ပယ်ထဲမှ လူအများဟာ Miguel Alcubierre ၏ Alcubierre Drive အကြောင်းကို သတိထားမိပေမယ့် ဒီလိုအရာတွေဟာ အနှုတ်စွမ်းအင် လိုအပ်သည့်အတွက် ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘူးလို့ ယုံကြည်ကြပါတယ်။”

သိပ္ပံဇာတ်လမ်းအတွင်းမှ အာကာသယာဉ်တစင်း

“ဒါပေမယ့် ဒါဟာ မမှန်တော့ပါဘူး” လို့ Lund တက္ကသိုလ်မှ သိပ္ပံ ပညာရှင်နှင့် နက္ခတ္တဗေဒ ပညာရှင် Alexey Bobrick က ပြောပါတယ်။

“ကျွန်တော်တို့ဟာ NASA နှင့် အခြား အဖွဲ့အစည်းများနှင့် ကွဲပြားတဲ့ ဦးတည်ရာအတိုင်း သွားခဲ့ပြီး ကျွန်တော်တို့ရဲ့ သုတေသ န ပြုချက်များအရ ယေဘုယျ နှိုင်းရ အရ warp drives အမျိုးအစား များစွာ ရှိတယ်” လို့ Bobrick မှ ဆိုပါတယ်။

“အထူးသဖြင့် ကျွန်တော်တို့ဟာ အနှုတ်စွမ်းအင် မလိုအပ်သည့် warp drive များကို ရေးဆွဲနိုင်ခဲ့လို့ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်လို့ရတဲ့ အရာ ဖြစ်လာပါတယ်” လို့ ရှင်းပြပါတယ်။

ရူပဗေဒပညာရှင်၊ အင်ဂျင်နီယာနှင့် သိပ္ပံပညာရှင်များစွာတို့ဟာ သိပ္ပံဝတ္ထုနှင့် ရုပ်ရှင်များတွင် ပုံဖော်ထားသည့် မဖြစ်နိုင်သည့် နည်းပညာ အသစ်အဆန်းများကြောင့် ထိုကဲ့သို့ ဖြစ်စဉ်များကို လေ့လာဖြစ်ခဲ့ကြပါတယ်။

အလင်း အလျှင်ထက် မြန်နိုင်သည့် warp အမြန်နှုန်းသာမက၊ တနေရာမှ တနေရာသို့ ချက်ချင်းသွားနိုင်သည့် teleport များ၊ wormholes များ၊ အချိန်ခရီးသွားခြင်းများ စသည့် သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းထဲမှ အကြောင်းအရာများဟာ သိပ္ပံပညာရှင်များ၏ တီထွင်လိုစိတ်ကို လှုံ့ဆော်ပေးပါတယ်။

Alcubierre’s warp အင်ဂျင် သီအိုရီ

သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာ အများစုအတွက် စိတ်မကောင်းစရာ ကိစ္စကတော့ ဒီနည်းပညာများဟာ အမှန်တကယ် မဟုတ်ဘူးလို့ သင်ယူခဲ့ရခြင်း ဖြစ်ပါတယ်။

Star Trek ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားထဲမှ warp drive များဟာ အလင်းအလျှင်အမြန်နှုန်းထက် မြန်ဆန်စွာ သွားနိုင်သည့် ယနေ့ခေတ် ဒုံးပျံများကဲ့သို့ တွန်းကန်စနစ်ဖြစ်ပါတယ်။

Alcubierre’s warp drive ၏ space time ကို ကွေးစေကာ အလယ်နေရာကို ရွေ့လျားစေပုံ သရုပ်ပြ Image: Courtesy of AllenMcC./Wiki CC BY 3.0

၎င်းတို့နဲ့ သမားရိုးကျ ဒုံးပျံများနှင့် Alcubierre’s warp drive တို့ ကွာခြားတာကတော့ ယာဉ် အနီးမှာ ရှိတဲ့ space-time ကို ပုံပြောင်းလဲစေတာ ဖြစ်ပါတယ်။

အယူအဆကတော့ ကျွန်တော်တို့ဟာ အမြဲလိုလို ပြန့်ကားလာနေတဲ့ space-time ဆိုတဲ့ အာကာသ အချိန်ကို တစုံတခုသောနည်းဖြင့် ကွေးနိုင်ခဲ့ပါက အလင်းထက် မြန်အောင်သွားနိုင်မယ် ဆိုတာပါ။

ဒါဟာ Alcubierre’s warp အင်ဂျင်ရဲ့ အယူအဆ ဖြစ်ပေမယ့် ဝမ်းနည်းစရာကတော့ ၎င်းဟာ တကယ်မရှိတဲ့ ကြီးမားသော အနှုတ်စွမ်းအင် လိုအပ်နေတာပါ။

ထိုသို့ ပြုလုပ်နိုင်ခဲ့ရင်တောင် အလင်းအမြန်နှုန်းကို ခန္ဓာကိုယ်က ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ရှင်းမပြနိုင်ပါဘူး။

Warp Drive ဟာ အချိန် ပြန့်ကားလာတာကို ရှောင်ရပါမယ်

အိုင်းစတိုင်း၏ နှိုင်းရသီအိုရီ အရ အရာဝတ္ထုတခုဟာ အလင်း၏ အမြန်နှုန်းထက် အရှိန်ပို မသွားနိုင်ပါဘူး။ အကြောင်းက တော့ အရှိန်အတွက် အဆုံးမရှိသည့် စွမ်းအင်ပမာဏကို ယူမှာဖြစ်လို့ ဖြစ်ပါတယ်။

သို့ပေမဲ့ အိုင်းစတိုင်း၏ မြန်နှုန်း ကန့်သတ်ချက်ဟာ space time အတွင်းမှာ ရှိသည့် အရာဝတ္ထုများ အတွက်သာ ဖြစ်ပြီး အ ရှိန်အဟုန်ဖြင့် ကွေးနိုင်၊ ချဲ့နိုင် သို့မဟုတ် ကျုံ့နိုင်သည့် space time ကိုယ်တိုင်အတွက် မဟုတ်ပါဘူး။

“warp drive” ဟူသည့် အသုံးအနှုန်းဟာ အာကာသ အချိန်၏ ကွေးညွှတ်မှုကို ရည်ညွှန်းပြီး မျက်ရည်စက်ပုံစံရှိသည့် space time ပူဖောင်းအတွင်းမှာ အာကာသယာဉ်ကို အလင်းအလျှင်အမြန်နှုန်းဖြင့် သွားခိုင်းတာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ယာဉ်ပေါ်ရှိ လိုက်ပါသူတွေအတွက်တော့ ပုံမှန် အချိန်စီးဆင်းမှုကိုသာ ခံစားရတဲ့ အနေအထားကို ဖြစ်စေမှာပါ။

ပုံတွင် space time ကိုသာ ကွေးညွှတ်စေပြီး အာကာသယာဉ်ကို အလင်းအလျှင်ထက် မမြန်စေတာကို မြင်သာအောင် ပြသထားပါတယ်။

Star Trek မှ warp drive သရုပ်ပြ

ပုံထဲမှ ယာဉ်ကို space time အတိုင်း ရှိစေတာဟာ ဒြပ်ထုကြောင့် ဖြစ်တဲ့ gravitational waves ကို အ ခြေခံထားတာ ဖြစ်ပေမယ့် ဒီပုံစံအတိုင်း ဖြစ်လာဖို့ သက်သေမပြနိုင်သေးပါဘူး။

စာတမ်း ပြုစုသူများကတော့ Alcubierre drive ဖြင့် ခရီးသွားပါက လိုက်ပါသူများဟာ ခုံတွေကို အတန်းလိုက် ထိုင်မယ့်အစား ကပ်လျက်ထိုင်တာဟာ စွမ်းအင်အလွန် သက်သာတယ်လို့ ဆိုပါတယ်။

မြန်နှုန်းမြင့် အာကာသယာဉ်ကို တည်ဆောက်ပြီး မိနစ်ပိုင်းအတွင်း အင်္ဂါဂြိုဟ်ကို ပျံသန်းဖို့ ကျွန်တော်တို့အနေဖြင့် အဆင် သင့် မဖြစ်သေးပေမယ့် အလင်းထက် ပိုမို မြန်ဆန်စွာ ခရီးသွားခြင်းနှင့် ပတ်သက်သည့် ထိပ်တန်း စိတ်ကူးသစ်ဖြင့် ရှုထောင်သစ်မှ သုတေသနတွေတော့ ရှိလာပါတယ်။

ဒါဟာ ကျွန်တော်တို့တွေဟာ အနာဂါတ်တွင် အခြား နေအဖွဲ့အစည်းများသို့ သွားရောက်နိုင်ဖို့အတွက် လမ်းသစ်တလမ်း ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 24/7/2022

Content Protection by DMCA.com