ကမ္ဘာရဲ့ သမုဒ္ဒရာတွေမှာ လျှင်မြန်သောငါးများနှင့် ပြည့်နေသော်လည်း အမြန်ဆုံးငါး ဆိုတဲ့ သရဖူဆောင်းနိုင်ဖို့ကတော့ ထင်သလောက် မရိုးရှင်းပါဘူး။
နှိုင်းယှဉ်ဖို့ မတူညီတဲ့ ရေကူးနှုန်းနှင့် လေထဲသို့ ခုန်တက်နှုန်း သို့မဟုတ် ပကတိ အမြန်နှုန်းစတဲ့ တိုင်းတာမှုများလည်း ရှိပါတယ်။
အလျှင်မြန်ဆုံးငါး သတ်မှတ်ချက်တွေကို ကျွမ်းကျင်သူ အားလုံးက သဘောမတူပေမယ့် မြန်တဲ့ငါးမျိုးစိတ် အများအပြားရှိပါတယ်။
ငါးတွေရဲ့ အံ့သြဖွယ် ကောင်းတဲ့ စွမ်းဆောင်မှုများကို အနီးကပ်ကြည့်ရှုတဲ့ နေရာမှာ ပင်လယ်ရေ မျက်နှာပြင်ရှိ လေထက် အ ဆ ၇၀၀ ခန့် ပိုသိပ်သည်းသည့် ရေနေသတ္တဝါများရဲ့ ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
အောက်ဖော်ပြပါ ငါးမျိုးစိတ် (၅) မျိုးဟာ အလျင်မြန်ဆုံး မျိုးစိတ်တွေအဖြစ် ကျွမ်းကျင်သူများက သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။
(၁) Sailfish
သမုဒ္ဒရာထဲမှာ အမြန်ဆုံးငါးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ညွှန်းဆိုခံထားရသော Sailfish တွေကို billfish အုပ်စုဟု အများစုက သိကြပါတယ်။
၎င်းမျိုးစိတ်တွေဟာ ကြီးမားပြီး လျင်မြန်သော သားရဲအုပ်စုထဲမှာ ပါဝင်ပါတယ်။ Billfish မျိုးစိတ်တွေဟာ သားကောင်များကို ဒဏ်ရာရစေဖို့အတွက် ၎င်းတို့ရဲ့ရှည်လျားသော နှုတ်သီးများကို အသုံးပြုကြပါတယ်။
US National Ocean Service ရဲ့ အဆိုအရ Sailfish တွေဟာ တစ်နာရီလျှင် ၆၈ မိုင်နှုန်းဖြင့် ရေထဲမှာ သွားလာ နိုင်တယ်ဟု ဆိုပါတယ်။

Sailfish
မကြာသေးမီက သုတေသနပြုချက်များအရ Sailfishတွေရဲ့ ကျော်ကြားသော အရှိန်အဟုန်နှင့် ပတ်သက်ပြီး သံသယများ ထွက်ပေါ်လာခဲ့ပါတယ်။
၂၀၁၆ လေ့လာမှုတစ်ခုအရ sailfishရဲ့ ကြွက်သားများက လျှပ်စစ်လှုံ့ဆော်မှုကို တုံ့ပြန်တဲ့နေရာမှာ ဘယ်လောက်လျင်မြန်စွာ လှုပ်ခတ်နိုင်သလဲဆိုတာကို တိုင်းတာပြီးနောက် ၎င်းတို့ရဲ့ အမြင့်ဆုံးမြန်နှုန်းကို တွက်ချက်ဖို့ ၎င်းကို အသုံးပြုခဲ့ပါတယ်။
ရလဒ်များအရ Sailfishတွေဟာ တစ်စက္ကန့်လျှင် ၁၀ မှ ၁၅ မီတာထက် မကျော်လွန်နိုင်တာကို ညွှန်ပြနေတယ်ဟု အကြမ်း ဖျင်း ဆိုခဲ့ကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ sailfish တွေဟာ သမုဒ္ဒရာရဲ့ အလျင်မြန်ဆုံး အပြေးသမားများထဲတွင် ရှိနေပါတယ်။
ဒါ့အပြင် ၎င်းတို့ဟာ အထင်ကြီးလောက်သော အရှိန်ရှိပြီး နှုတ်သီးထိပ်ဖျားဟာ တစ်စက္ကန့်လျှင် မီတာ ၁၃၀ နှုန်းဖြင့် အရှိန်မြှင့်ဝှေ့ယမ်းနိုင်တယ်ဟု လေ့လာမှုတစ်ခုအရ သိရပါတယ်။
(၂) Marlins
Billfish မျိုးစိတ်တွေထဲကမှ Marlins တွေဟာ အပြာရောင်၊ အနက်ရောင်၊ အစင်းကြောင်းများနှင့် အဖြူရောင်အပါအဝင် ကွဲပြားသောမျိုးစိတ် ၁၀ ခုခန့်ဖြင့် ကမ္ဘာအနှံ့ ပြန့်ကျဲနေသော ဇီဝမျိုးကွဲအများဆုံးဖြစ်ပါတယ်။
အချို့သော Marlins မျိုးစိတ်တွေဟာ ငါးအလွန်အကျွံဖမ်းခြင်းကြောင့် ခြိမ်းခြောက်ခံနေရပြီး အခြားမျိုးစိတ်များအတွက် ရည်ရွယ်သော ငါးဖမ်းကိရိယာတွေမှာလည်း မကြာခဏ ဖမ်းဆီးခံရပါတယ်။

Marlins
Sailfish တွေကဲ့သို့ ၎င်းတို့ကလည်း ကြီးမားသော ငါးကြီးများဖြစ်ပါတယ်။ အချို့ဆိုရင် အရှည် ၁၆ ပေ (၅ မီတာ) ရှိပြီး ပေါင် ၁၄၀၀ (၆၃၅ ကီလိုဂရမ်) ကျော် အလေးချိန်ရှိပါတယ်။
၎င်းတို့ဟာ သန်မာတဲ့ ခုန်မြန်သူများဖြစ်ကြပြီး အနည်းဆုံး မျိုးစိတ်တစ်ခုဖြစ်သည့် black marlin ကို ကမ္ဘာပေါ်ရှိ အမြန်ဆုံးငါးအတွက် ပြိုင်ဖက်အဖြစ် တစ်ခါတစ်ရံ ကိုးကား သတ်မှတ်ကြပါတယ်။
ဥပမာ black marlin ဟာ တစ်စက္ကန့်ကို ပေ ၁၂၀ နှုန်းဖြင့် သွားနိုင်ပြီး ဒါဟာတစ်နာရီ မိုင် ၈၀ (၁၂၉ ကီလိုမီတာ) နှင့် ညီမျှကြောင်း ReefQuest Center မှ အစီရင်ခံတင်ပြသော်လည်း ၎င်းတို့က တစ်နာရီ မိုင် ၅၀ (၈၀ ကီလိုမီတာ) နှုန်းဖြင့်သာ ခုန်နိုင်ကြပါတယ်။ ကျွမ်းကျင်သူအချို့က ထိုမြန်နှုန်းတွေက မဖြစ်နိုင်ဟု ယူဆကြပါတယ်။
(၃) Swordfish
တတိယအမြန်ဆုံးအုပ်စုမှာ Swordfish ဖြစ်ပြီး billfish မျိုးစိတ် အုပ်စုတွေထဲမှ တစ်ခုတည်းသောမျိုးစိတ်ဖြစ်ပါတယ်။
အတ္တလန္တိတ်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတွေရဲ့ ပူနွေးတဲ့ ရေပြင်တွေမှာ တွေ့ရတက်တဲ့ swordfish တွေဟာ ကြီးမားပြီး အစွမ်းထက်သော ရေကူးသမားများဖြစ်ပြီး မယုံနိုင်လောက်အောင် ခုန်ပေါက်နိုင်စွမ်းရှိကြပါတယ်။
Swordfish တွေဟာ ၎င်းတို့ရဲ့အမည်ဖြစ်သော “sword” ကြောင့် ကျော်ကြားပါတယ်။ ၎င်းတို့ဟာ တစ်နာရီ မိုင် ၆၀ (၁၀၀ ကီလိုမီတာ) ထက်မနည်း ကူးခတ်နိုင်ကြောင်း သိရပါတယ်။

Swordfish
Swordfish တွေဟာ အလွန်အမင်း အရှိန်အဟုန်ရှိကြပြီး လျင်မြန်သော ရေကူးသူများဖြစ်တာ သေချာပါတယ်။
၎င်းတို့ရဲ့ အမြန်နှုန်းက ခွန်အားနှင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်ကြောင့် အဓိကဖြစ်သော်လည်း သိပ္ပံပညာရှင်များက swardfish များကို အလွန်မြန်စေသည့် နောက်ထပ် အချက်တစ်ချက်ဖြစ်တဲ့ အဆီကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
၂၀၁၆ လေ့လာမှုတစ်ခုအရ MRI စကန်ဖတ်ကြည့်တဲ့အခါ မေးရိုးရှိ ရှုပ်ထွေးသော အင်္ဂါ အစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ဦးခေါင်းအရေပြားရှိ အဆီထုတ်သည့်ချွေးပေါက်များနှင့် ဆက်သွယ်ထားသည့် အဆီထုတ်လုပ်သည့်ဂလင်းတစ်ခုကို တွေ့ခဲ့ပါတယ်။
ဒါဟာ swordfish တွေကို ရေထဲတွင် ကူးခတ်နေတဲ့အချိန်မှာ အရှိန်အဟုန် မြင့်လာစေဖို့ ကူညီပေးတယ်ဟု ဆိုပါတယ်။
(၄) Tuna
ကမ္ဘာတစ်ဝှမ်းတွင် အံ့သြစရာကောင်းလောက်အောင် ကြီးမားပြီး အစွမ်းထက်သော တူနာငါးမျိုးစိတ် ၁၅ မျိုးရှိပါတယ်။
Yellowfin နှင့် bigeye တူနာငါးများဟာ အကြမ်းဖျင်းအားဖြင့် ၈ ပေ (၂.၄ မီတာ) ရှည်နိုင်ပြီး အလေးချိန်ပေါင် ၄၄၀ အထိ ရှိနိုင်ပါတယ်။
အချို့သော bluefin တူနာများကတော့ အရှည် ၁၅ ပေ (၄.၆ မီတာ) နီးပါးရှိပြီး ပေါင် ၂၀၀၀ (၉၀၀ ကီလိုဂရမ်) အထိ အလေး ချိန်ရှိကြပါတယ်။

Tuna
တူနာငါးတွေဟာ သန်မာပြီး လျင်မြန်သော ရေကူးသမားများဖြစ်ကြပြီး billfishs များနှင့် ဆင်တူပါတယ်။
အချို့သော ရင်းမြစ်များက တူနာငါးတွေဟာ တစ်နာရီလျှင် ၇၅ မိုင် (၁၂၀ ကီလိုမီတာ) အထိ ကူးခတ် နိုင်တယ်ဟု ဆိုကြသော်လည်း သုတေသနပြုချက်များအရ ဒါဟာ မဖြစ်နိုင်ကြောင်း အကြံပြုထားပါတယ်။
၁၉၆၄ လေ့လာမှုတစ်ခုက အဝါရောင်တူနာငါးတွေဟာ တစ်နာရီကို ၄၆ မိုင်နှုန်းနဲ့ ကူးခတ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပြီး ၁၉၈၉ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ Atlantic bluefin တူနာငါးဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၃မိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
၂၀၁၆ လေ့လာမှုအရ သေးငယ်သော tunny (bonita ဟုလည်းလူသိများသော တူနာမျိုးစိတ်) တွေကလည်း တစ်နာရီလျှင် ၁၆မိုင်နှုန်းခန့်ဖြင့် အမြင့်ဆုံးသွားလာနိုင်တယ််ဟု သိရပါတယ်။
(၅) Mako Shark
Shortfin mako ငါးမန်းကို ယနေ့ အသက်ရှင်လျက် အမြန်ဆုံး ငါးမန်းအဖြစ် ညွှန်းဆိုလေ့ရှိပါတယ်။
၎င်းရဲ့ ထိပ်တန်းအမြန်နှုန်းက အခြားသော အမြန်ငါးများကဲ့သို့ပင် အတိအကျသိဖို့က ခက်ခဲသော်လည်း ၎င်းကို တစ်နာရီ ၃၁ မိုင်နှုန်းဖြင့် သွားလာနိုင်တယ်ဟု သိရပါတယ်။
တချို့ကျွမ်းကျင်ပညာရှင်တွေက ပေါက်ကွဲအမြန်နှုန်း တစ်နာရီ ၄၆ မိုင်နှုန်းအထိ ရှိတယ်ဟု ကိုးကားဖော်ပြကြပါတယ်။

Mako Shark
ဒါ့အပြင် ၎င်းဟာ ပြေးနေစဉ်အတွင်း တစ်နာရီ ၆၈ မိုင်နှုန်းအထိ ရောက်ရှိနိုင်တယ်ဟု အကြံပြုထားတာတွေလည်း ရှိပါတယ်။
၎င်းတို့ဟာ tunas၊ bonitos၊ mackerels နှင့် swordfish အပါအဝင် သမုဒ္ဒရာ အတွင်းရှိ အခြား အမြန်ဆုံး ငါးအချို့ကို သားကောင်အဖြစ် ဖမ်းယူ စားသုံး တတ်ကြပါတယ်။
Shortfin mako ငါးမန်းတွေရဲ့ တိုက်ခိုက်ခံရတဲ့ သတင်းတွေဟာ မရှိသလောက် ရှားပါးသော်လည်း လူသားများအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိပါတယ်။
သို့ပေမယ့်လည်း လူသားတွေရဲ့ ဖမ်းဆီး ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့ဟာ မျိုးသုဉ်းလုနီးပါး စာရင်းဝင်လာတာကို တွေ့ရပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 25/7/2022