လေယာဉ်သစ်ရဲ့ အင်ဂျင်နှင့် ရေဒါများဟာ အဆင်သင့် မဖြစ်သေးပေမယ့် United Aircraft Corporation နှင့် Sukhoi လေယာဉ် ထုတ် လုပ်ရေး ကုမ္ပဏီတို့၏ Dobai 2021 ပြပွဲအတွင်း ကြီးမားတဲ့ ဈေးကွက် ချဲ့ထွင်မှုကိုတော့ ရပ်တန့် မထားနိုင်ပါဘူး။
Checkmate လို့ခေါ်ဆိုပြီး တခါတရံ Su-75 သို့မဟုတ် Light Tactical Aircraft (LTS)အပေါ့စား နည်းဗျူဟာမြောက် တိုက်လေယာဉ် လို့
သိကြတဲ့ ဒီ လေယာဉ်သစ်ဟာ ကမ္ဘာ့ တိုက်လေယာဉ် ဈေးကွက်၏ တစိတ်တပိုင်းကို သိမ်းပိုက်ဖို့ မော်စကိုရဲ့ ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။
အခြား ရေဒါပျောက်နည်းပညာပါဝင်သည့် အင်ဂျင်တလုံးတပ် လေယာဉ်များဖြစ်တဲ့ Lockheed Martin ၏ F-35 နှင့် ဆွီဒင်လုပ် JAS-39E/F Gripen များဟာ Checkmate ၏ ဒေါ်လာ ၂၅ သန်းမှ သန်း ၃၀ ဈေးနှင့် ယှဉ်လျှင် များစွာ ပိုမို ကုန်ကျနေပါတယ်။
အင်ဂျင်တလုံးတပ် တိုက်လေယာဉ်သစ် Checkmate အတွက် ရုရှားနိုင်ငံ ပြင်ပဖြစ်သည့် Dubai 2021 လေကြောင်းပြပွဲတွင် ပထမဆုံး အနေဖြင့် ပြသမှာ ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒူဘိုင်း၏ လေကြောင်းပြပွဲဟာ ကပ်ရောဂါ စတင်ကတည်းက ကမ္ဘာ့အကြီးဆုံး ကျင်းပသည့် ပွဲတခု ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ ကာကွယ်ရေး အရာရှိချုပ်များ ပေါင်းစည်းကာ စက်မှု လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မြဲစေရန်နှင့်

အဓိက လေယာဉ် အရောင်းအဝယ် သဘောတူညီချက်များတွင် ပါဝင်လာစေရန် မျှော်လင့်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနှင့် ကာကွယ်ရေးဌာနများမှ အရာရှိ ၃၀၀ ခန့်လောက်အထိ တက်ရောက်ဖို့ မျှော်လင့်ထားပေမယ့် ဘိုင်ဒင်အစိုးရ အဖွဲ့ဟာ အရည်အချင်း ပြည့်မှီသည့် ကိုယ်စားလှယ်များကို ရှာဖွေရန် အခက်အခဲ ဖြစ်နေသဖြင့်
ပင်တဂွန် စစ်ဌာနချုပ်မှ ထိပ်တန်းခေါင်းဆောင် အများအပြား တက်ရောက်နိုင်ဖွယ် မရှိပါဘူး။
အစ္စရေး၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံများအကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်လာစေတဲ့ 2020 Abraham Accords ပြပွဲအပြီးတွင် နောက်ထပ် ပထမဆုံး အနေဖြင့် အစ္စရေးဟာ လေကြောင်းပြပွဲတွင် ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒါဟာ ၃ နိုင်ငံ မိတ်ဖက် ဆက်ဆံရေးကို ပိုမို နက်ရှိုင်းစွာ ခိုင်မာစေရန် အတွက် တံခါး ဖွင့်ထားနိုင်တယ်လို့ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mira Resnick က တနင်္ဂနွေနေ့က ပြပွဲသို့ ရောက်ရှိလာမယ့် သတင်းတွင် ဖော်ပြထားပါတယ်။
” သမ္မတ ဘိုင်ဒင်ဟာ ဒီအစီအစဉ်တွေကို အားကောင်းစေပြီး ကမ္ဘာတဝှမ်းကို ချဲ့ထွင်နိုင်ဖို့ သူ့ရဲ့ အပြည့်အဝ ထောက်ခံမှုကို ပြသခဲ့ပါတယ်”
“ဒူဘိုင်း လေကြောင်းပြပွဲဟာ ထိုကဲ့သို့ ကြိုးပမ်းမှု၏ နောက်ဆုံးတိုးတက်မှုကို တကယ်ပဲ ကိုယ်စားပြုနေပါတယ်။” လို့ Mira Resnick က Breaking Defense သတင်းဌာနကို နိုင်ဝင်ဘာလ ၁၂ ရက်နေ့က အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
” အစ္စရေး နဲ့ သူ့ရဲ့ မိတ်ဖက်သစ်တွေ အကြား လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမြင်လာရမယ်လို့ မျှော်လင့်ပါတယ်” လို့ သူမက ဆက်လက် ပြောကြားခဲ့ပါတယ်။
စီမံကိန်း၏ လူသိရှင်ကြား ရှင်းလင်း တင်ပြချက်များတွင်Sukhoi ဒီဇိုင်းအဖွဲ့နှင့် UAC တို့ဟာ ၎င်းတို့၏ Checkmate တိုက်လေယာဉ်သစ်ကို ဈေးကွက်ထဲသို့ ပို့ဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ပြောနေစဉ်မှာ ယခု ထွက်ရှိလာသည့် အခြားအကြောင်းအရာ ကတော့
UAE ဟာ အဓိက ပစ်မှာထား ဝယ်ယူသူ ဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။

ဒါကြောင့် အဆိုပါ လေယာဉ်သစ်ဟာ ယခု ဒူဘိုင်း လေကြောင်းပြပွဲမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်၏ ကာလရှည် မဟာမိတ်နှင့် လူယုံ တယောက် ဖြစ်သော ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ Rostec ၏ အကြီးအကဲ Sergei Chemezov ဟာ
၂၀၁၇ ခုနှစ် IDEX ပြပွဲ အတွင်းမှာ Checkmate တိုက်လေယာဉ်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စဉ်များတွင် UAE နှင့် ပူးပေါင်း ဆောင် ရွက်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
၉ လ အကြာ ၂၀၁၇ ဒူဘိုင်း လေကြောင်းပြပွဲမှာတော့ နိုင်ငံ ၂ နိုင်ငံဟာ စီမံကိန်းအတွက် ကုန်ကျစရိတ် မျှဝေရန် သဘောတူ လက်မှတ်ရေးထိုးဖို့ စီစဉ်ခဲ့ပါတယ်။
သို့ပေမယ့် ဒူဘိုင်းပွဲ အကြိုနေ့တွင် ကြေငြာခဲ့သည့် အမေရိကန် မူဝါဒ ပြောင်းလဲမှုမှ F-35 တိုက်လေယာဉ်များ တင်ပို့ ရောင်းချမှုဟာ ၎င်းတို့၏ ယခင် အနေအထားကို ပြောင်းပြန် လှန်ပစ်ခဲ့ပါတယ်။
အမေရိကန်၏ မူဝါဒ ပြောင်းလဲမှုကြောင့် မဟာမိတ် အာရပ်နိုင်ငံများဟာ အမေရိကန်၏ တိုက်လေယာဉ်များကို ဝယ်ယူခွင့် ရစေမှာ ဖြစ်ပါတယ်။
လက်ရှိမှာ အဘူဒါဘီ၏ ကြီးထွားလာနေတဲ့ တရုတ်နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများကြောင့် ယူအေအီးအတွက် အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ လောက်ရှိတဲ့ F-35 အစင်းရေ ၅၀ သဘောတူညီချက်ဟာ
လမ်းကြောင်းချော်သွားနိုင်ပြီး Checkmate တိုက်လေယာဉ်စီသို့ ရုရှားတို့ဟာ တွန်းပို့ဖို့ အရှိန်မြှင့်လာ နိုင်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

တရုတ်နိုင်ငံဟာ ယူအေအီးသို့ များပြားလှတဲ့ ကာကွယ်ရေး ပစ္စည်းများကို ပေးပို့ခဲ့သည့်အပြင် အခြေစိုက် စခန်းတခုပါ ထူထောင်ရန် အစီအစဉ် ရှိနေသည့်အတွက် စိုးရိမ်မှုများ မြင့်တက်လာကာ သဘောတူညီချက် တခုလုံးကို နစ်မြုပ်သွားစေနိုင်ပါတယ်။
ယခုနှစ် အစောပိုင်း ပေါ်လစီ ပြန်လည်သုံးသပ်မှု အပြီးမှာတော့ ဘိုင်ဒင် အစိုးရဟာ F-35 ရောင်းချမှုကို ရှေ့ဆက်သွားနိုင်ကြောင်းကိုတော့ ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် ထိုအချိန်ကစပြီး ယူအေအီးဟာ Lockheed Martin ထုတ် F-35 လေယာဉ်၏ နည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်များကို
တရုတ်၏ စူးစမ်းလိုစိတ်နှင့် ဝေးရာသို့ လုံခြုံအောင် ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်လာခဲ့တယ်လို့ အစီရင် ခံစာ အရ သိရပါတယ်။
UAE အတွက် ရောင်းချခဲ့မှုတွင် F-35 များ၊ MQ-9B Reapers Drone များ၊ လက်နက်များနှင့် အခြား လက်နက်များကို သမ္မတဟောင်း ထရမ်း သက်တမ်း ၁၁ နာရီသာ ကျန်တော့တဲ့ အချိန်မှာ အတည်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
Checkmate တိုက်လေယာဉ်ဟာ ကြီးကြီးမားမား ဖြင့် အစပြုထားပေမယ့်ဈေးကွက် ရှာဖွေရေး ဗျူဟာနှင့် လေယာဉ်၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများနှင့် ပတ်သက်ပြီး မေးခွန်းများစွာ ကျန်ရှိနေပါသေးတယ်။
ရှင်းလင်းနေတာ တခုကတော့ Checkmate ဟာ ရုရှားစစ်တပ်တွင် အသုံးပြုထားသည့် မှတ်တမ်း မရှိသေးတဲ့အချက်ဟာ ၎င်း၏ အလားအလာအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။
F-35B ဟာ အမေရိကန် မရင်းတပ်ဖွဲ့များနှင့် အတူ ၂၀၁၅ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် လေတပ်တွင် F-35A များဟာ ၂၀၁၆ ခုနှစ် ဩဂုတ်လတွင်း လည်းကောင်း ရေတပ်တွင် F-35C များက ၂၀၁၉ ဖေဖော်ဝါရီလတွင်လည်းကောင်း အသီးသီး စတင် တာ ဝန် ထမ်းဆောင်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ F-35 တိုက်လေယာဉ်များကို အစ္စရေးနိုင်ငံက စစ်မြေပြင်တွင် ပထမဆုံး အနေဖြင့် စတင်အသုံးပြုခဲ့ပါတယ်။
၂၀၂၁ ဇူလိုင်လက ရုရှားတွင် ကျင်းပခဲ့သည့် Moscow Aviation and Space Expo (MAKS) လေကြောင်းပြပွဲမှာတော့ ပေါင် ၄ သောင်းအလေးချိန်ရှိပြီး တွန်းအား-အလေးချိန် အချိုး ၁:၁ ထက် မနည်းသည့် တိုက်လေယာဉ်သစ်ကို ပြသခဲ့ပါတယ်။
ဒီအကြောင်းကို “ရုရှား၏ မျိုးဆက်သစ် ကိုယ်ပျောက်တိုက်လေယာဉ် မနေ့က ပြသ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြပေးခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး အတွက် စမ်းသပ်မှုများတွင် izdeliye အင်ဂျင်အသစ်ကို အသုံးပြုဖို့ ညွှန်ကြားထားပေမယ့် ထုတ်လုပ်သူများဟာ ၎င်း၏ ရရှိနိုင်မှုအတွက် အဆုံးသတ်နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း အစီရင်ခံစာအရ သိရပါတယ်။
axisymmetrical thrust vectoring nozzle ကို တပ်ဆင် ထားနိုင်ဖွယ် ရှိတဲ့အတွက် Sukhoi Su-27/30/35 များကဲ့သို့ စစ်ကစား ပျံသန်းလှုပ်ရှားနိုင်စွမ်း အလွန်မြင့်မားဖွယ် ရှိပါတယ်။
အမြန်နှုန်းဟာ အသံထက် ၂ ဆကျော်လွန် နိုင်ဖွယ်ရှိပြီး အိပ်ဇောနော်ဇယ်၏ အားသာချက်ကို အသုံးပြုကာ ပြေးလမ်းတိုဖြင့် အတက်အဆင်း လုပ်နိုင်မယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ TASS မှာ ဖော်ပြခဲ့ပါတယ်။

သတင်းများအရ Checkmate ကို နောက်ဆုံးပေါ် ကိုယ်ပျောက် နည်းပညာများဖြင့် အခြေခံထုတ်လုပ်ထားပြီး လေယာဉ်ဝမ်းဗိုက်အတွင်းတွင် ဝေဟင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ မြေပြင်ပစ် လက်နက်များ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
တိုက်လေယာဉ်ဟာ အလေးချိန် ၇ တန်ကျော် ရှိမှာ ဖြစ်ပြီး ပစ်မှတ် ၆ ခု အထိ တပြိုက်နက်တည်း ထိမှန်အောင် တိုက်ခိုက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လ၌ ထုတ်ဖော်ပြသခြင်း မပြုခင် တပတ်အလိုမှာ Checkmate နှင့် ပတ်သက်ပြီး နိုင်ငံ အများအပြားမှ လေယာဉ်မှူး များစွာ ပါဝင်သည့် ဗီဒီယို အတို တခုကို ရုရှားမှပြသခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုအတွင်းမှာ လေယာဉ်မှူးတယောက်စီဟာ ၎င်းတို့၏ ပုံမှန် အလုပ်များကို ဘေးဖယ်ပြီး ပျံသန်းရေး ဝတ်စုံများကို စတင် ဝတ်ဆင်ကာ လေယာဉ်ကွင်းရှိ လေယာဉ်ရှိရာသို့ လာရောက်ကြသည်ကို သရုပ်ဖော်ထားပါတယ်။
Teal Group မှ စစ်ရေးသုံးသပ်သူ Richard Aboulafia ကတော့ ရုရှား ဂျက်တိုက်လေယာဉ်သစ်ဟာ အခြားသော အမေရိကန် သို့မဟုတ် ဥရောပလုပ် စတုတ္ထမျိုးဆက် တိုက်လေယာဉ်များကို ဈေးကွက်တွင် ခြိမ်းခြောက်မှုအဖြစ် မမြင်ဘူးလို့ ဆိုပါတယ်။
“လက်နက်စနစ် မြင့်မားလေလေ၊ မဟာဗျူဟောမြောက် ဆက်ဆံရေးကို များများ ဝယ်ယူလေပါပဲ။ လူတွေဟာ တကယ်ပဲ ပူတင်ရဲ့ ရုရှားနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး အမှန်တကယ် လိုချင်တယ် ထင်ပါသလား?” လို့ ၎င်းက ပြောပါတယ်။
၎င်းက ဆက်ပြီး “ရုရှားဟာ ၎င်းတို့ရဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေကို ဝယ်ယူဖို့ ကမ်းလှမ်းနေတယ်လို့ မခံစားရပါဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် တရုတ်ကတော့ မတူပါဘူး။
အထူး သဖြင့် ပါရှန် ပင်လယ်ကွေ့ရှိ အရှေ့အလယ်ပိုင်း ဒေသအတွင်း ရေနံ သို့မဟုတ် ဆိပ်ကမ်းများနှင့် ပတ်သက်ပြီး ၎င်း၏ ကိုယ်ပိုင် မဟာဗျူဟာ ရည်မှန်းချက်များကို မြှင့်တင်ဖို့ရာအတွက် ၎င်း၏ ပြိုင်ဘက်များနှင့် လက်နက်များကို ဈေးနှုန်းလျှော့ချဖို့ရာ ဆန္ဒရှိကောင်း ရှိနိုင်တယ်လို့ ထင်ကြေးပေးမှုများ ရှိနေပါတယ်။
ရုရှားနဲ့ မတူတာကတော့ တရုတ်ရဲ့ စီးပွားရေး ဩဇာ လွှမ်းမိုးမှုဟာ ၎င်းကို ဆွဲဆောင်မှုရှိတဲ့ မိတ်ဖက် ဖြစ်လာစေတယ်လို့ Aboulafia က ဆိုပါတယ်။
“အနည်းငယ် ပတ်သက်မှုတွေ ရှိလာနိုင်မယ့် ဒရုန်းကဲ့သို့ ဆွဲဆောင်မှုရှိတဲ့ ထုတ်ကုန်အချို့ ရှိနေပါတယ်။ ပြီးတော့ တရုတ်ဟာ အဲဒါတွေကို လက်နက်တင်ပို့နိုင်ဖို့ နည်းလမ်းတခု အနေနဲ့ လုပ်ဆောင်နိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

ယူအေအီးနှင့် သဘောတူညီချက်ဟာ မပြီးပြတ်သေးတဲ့ အခြေအနေဖြစ်နေချိန်မှာ အခြား ပင်လယ်ကွေ့နိုင်ငံများဟာ F-35 များကို စိတ်ဝင် စား ကြောင်း အချက်ပြဖို့ အခွင့်အလမ်းတခုအဖြစ် မြင်နိုင်ပါတယ်။
“ကျွန်တော်ထင်တဲ့ အကြီးမားဆုံး မေးခွန်းကတော့ ယူအေအီး အပြင် အခြား အာရပ်နိုင်ငံတွေကို F-35 တွေ ရောင်းချဖို့အတွက် အလားအ လာက ဘာလဲ ဆိုတာပါပဲ” လို့ ကာကွယ်ရေးဆိုင်ရာ အတိုင်ပင်ခံ Loren Thompson က ဆိုပါတယ်။
“F-35 များဟာ နည်းဗျူဟာမြောက် တိုက်လေယာဉ်များအတွက် ကမ္ဘာ့စံချိန်စံညွှန်း တခုလို ဖြစ်လာနေပါတယ်။ ဒါ့ကြောင့် ဒီလေယာဉ်တွေကို တတ်နိုင်ပြီး နှစ်သက်တဲ့ နိုင်ငံများ ရှိနေတာဟာ ထင်ရှားပေးမယ့် အခွင့်အလမ်းတော့ မရရှိကြသေးပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
အဲဒီ့နိုင်ငံတွေထဲမှာ Boeing ၏ F-15QA ကို ဒီနှစ်ထဲတွင် ပထမဆုံး လက်ခံရရှိမည့် ကာတာနိုင်ငံနှင့် စက်တင်ဘာလအတွင်း F/A-18E/F Super Hornet နောက်ဆုံး အသုတ်ကို လက်ခံရရှိမည့် ကူဝိတ်နိုင်ငံတို့ ပါဝင်ဖွယ် ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။