တောင်တရုတ်မနက်ခင်း သတင်းစာ South China Morning Post အရ တရုတ်နိုင်ငံ၏ ဒရုန်း ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် အမေရိကန်တို့ရဲ့ အနာဂါတ် ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ဖြစ်လာမယ့် B-21 နှင့် ယှဉ်ပြိုင်နိုင်မည့် မောင်းသူမဲ့ ကိုယ်ပျောက် ဒရုန်းတစ်စီးရဲ့ ရှေ့ပြေးပုံစံ ရှိနေပြီလို့ ဆိုပါတယ်။
အဆိုပါ ကုမ္ပဏီဟာ ကျုန်းတျန် ဖေးလုံ ဟု အမည်ရပြီး တရုတ်လေတပ် အတွက် မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
Feilong-2 သို့ ပျံသန်းနေတဲ့ နဂါး (Flying Dragon 2) လို့ အမည်ရတဲ့ ဒီ ရေဒါပျောက် မောင်းသူမဲ့လေယာဉ် အကြောင်းကို အဆိုပါ ကုမ္ပဏီက တရုတ်နိုင်ငံ လူမှုကွန်ယက်တခုဖြစ်တဲ့ Wechat မှာ ဧပြီလကုန် လောက်က ကြေငြာခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီအဆိုအရ ဒီ မောင်းသူမဲ့လေယာဉ်ဟာ ဘက်စုံသုံး အမြင့်ပျံ ဒရုန်းအမျိုးအစားဖြစ်ပြီး ရန်သူ့ အမိန့်ပေးစင်တာများ၊ စစ်ဘက်ဆိုင်ရာ လေယာဉ်ပြေးလမ်းများနှင့် လေယာဉ်တင် သင်္ဘောများကို တိုက်ခိုက်နိုင်မယ်လို့ သိရပါတယ်။
ဒီမောင်းသူမဲ့လေယာဉ်ကို ဒရုန်း swarm အုပ်များနှင့် တွဲဖက်ပြီး ကင်းထှောက်ခြင်း စောင့်ကြည့်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နိုင်မယ်လို့လည်း သိရပါတယ်။
ဒီဇိုင်းအားဖြင့် အထူးပြုလုပ်ထားတဲ့ ရေဒါပျောက်စနစ်များ၊ optical နှင့် active ရေဒါများကို အသုံးပြုပြီး ရာသီဥတု ဆိုးရွားနေချိန်မှာတောင် ရန်သူပစ်မှတ်များကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီ ဒရုန်းဟာ လက်နက်နှင့်တခြားဝန် ၆ တန်လောက်ကို အတွင်းဘက်မှာ သယ်ဆောင်နိုင်ပြီး ၄၃၅၀ မိုင်အထိ စစ်ဆင်နိုင်ပါတယ်။
အမြင့်ပေ ၄၉၀၀၀ အထိ ပျံတက်နိုင်ပြီး တနာရီကို ၇၈၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။
ကုမ္ပဏီကတော့ ၎င်းတို့၏ Feilong-2 ဟာ အမေရိကန်တို့ရဲ့ B-21 နှင့် အမြန်နှုန်း၊ စစ်ဆင်နိုင်သည့်အကွာအဝေး၊ ဝန်သယ်ဆောင်နိုင်မှု နှင့် ရေဒါပျောက်စွမ်းဆောင်နိုင်စွမ်း များတွင် ယှဉ်ပြိုင်နိုင်သည်သာမက ပိုမို ဈေးသက်သာပြီး၊ တာရှည်ခံမယ်လို့ ဆိုပါတယ်။
၎င်းတို့ ကြေငြာချက်အရ “ဆိုလိုတာကတော့ အမေရိကန်တို့ရဲ့ B-21 ဟာ တာဝန်မထမ်းဆောင်နိုင်ခင်ကပင် နောက်ကောက်ကျနေပါပြီ” လို့ ကုမ္ပဏီက ဖော်ပြခဲ့တာပါ။
အမေရိကန်တို့ရဲ့ B-21 Raider ဗုံးကြဲလေယာဉ်သစ်ဟာ အလွန်ကွာဝေးစွာ စစ်ဆင်နိုင်ကာ၊ လက်နက် များစွာ တင်ဆောင်နိုင်ပြီး သမား ရိုးကျရော သာမိုနျူးကလီးယား လက်နက်များကိုပါ တင်ဆောင်စစ်ဆင်နိုင်မယ့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သစ်ပဲ ဖြစ်ပါတယ်။
အမေရိကန်အနေဖြင့် B-21 တွေကို ၂၀၂၆ ခုနှစ်မှာ တာဝန်စတင် ထမ်းဆောင်နိုင်မယ့်လို့ မျှော်လင့်ထားပါတယ်။
B-21 တွေကို လက်ရှိ အမေရိကန်တို့အသုံးပြုနေတဲ့ B-1B အသံထက်မြန် ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ အစား အသုံးပြုဖို့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ B-1B များဟာ တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်လေပိုင်နက် အနီးတွင် ကင်းထောက်ခြင်း အပါအဝင် စစ်ဆင်ရေးအမျိုးမျိုးတွင် အသုံးပြုနေတယ်လို့ ဘေဂျင်း အခြေစိုက် Think Tank လေ့လာရေး အဖွဲ့မှ ဆိုပါတယ်။
တရုတ်ဟာ ဒရုန်း ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီး Feilong-2 ဟာ တကယ်ပဲ စွမ်းဆောင်ရည်မြင့် ဒရုန်းတစ်စင်း ဖြစ်လာမှာလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021