ဂျက်အင်ဂျင်သုံး တိုက်လေယာဉ်တွေရဲ့ နည်းပညာတွေ တိုးတက်လာသည့် အတွက် အဆိုပါ နည်းပညာများအပေါ် မူတည်ပြီး မျိုးဆက်များကို ခွဲခြားသတ်မှတ်ထားရာမှာ ပဥ္စမမျိုးဆက် အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
တခါတလေမှာ ဒီဂျက်အင်ဂျင်သုံး တိုက်လေယာဉ်တွေကို မျိုးဆက် ခွဲခြားရာမှာ ရှုပ်ထွေးတတ်ကြပါတယ်။ ဒါ့ကြောင့် အလွယ်တကူ ခွဲခြားနိုင်ဖို့ အတွက် ဗဟုသုတအနေနှင့် တိုက်လေယာဉ်များ မျိုးဆက်ခွဲခြားပုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ပထမမျိုးဆက် (1st generation )
ဂျက်အင်ဂျင်သုံး တိုက်လေယာဉ်တွေကို ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွေမှာ စတင်မြင်လာရတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် ကာလများမှာ ပျံသန်းခဲ့တဲ့ ဂျာမန်လုပ် Messerschmitt Me 262 ဟာ အစောဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျက်တိုက်လေယာဉ်လို့ ပြောလို့ရပါတယ်။

အစောပိုင်းကာလ ဂျက်တိုက်လေယာဉ်များဟာ သာမန် ပန်ကာတပ်လေယာဉ်များနှင့် အများကြီး မကွာခြားကြပါဘူး။ အဓိက ကွာခြားသွားတာကတော့ အမြန်နှုန်းပါပဲ။
Transonic လို့ခေါ်တဲ့ အသံအလျှင် နီးပါးအလျှင် (Mach 0.72-1 ) လောက် ပျံသန်းနိုင်ကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှာ တစ်နာရီ ၆၀၀-၇၆၇ မိုင်အတွင်းလောက် ဖြစ်ပါတယ်။
အဲဒီ့ကာလက ပထမမျိုးဆက် ဂျက်တိုက်လေယာဉ်တွေကို လေကြောင်း အကဲသာမှုနှင့် ကြားဖြတ်တိုက်လေယာဉ်များ အဖြစ် အသုံးပြုခဲ့ကြပါတယ်။
ဒုတိယ မျိုးဆက် (2nd generation)
ဒုတိယ မျိုးဆက်မှာတော့ Supersonic ဆိုတဲ့ အသံထက် မြန်တဲ့အလျှင်နှင့် ပျံသန်းလာနိုင်ကြပါတယ်။
ဒါ့ကြောင့် တိုက်လေယာဉ်များမှာ ရေဒါတွေ၊ အပူလှိုင်းရှာ ဒုံးကျည်တွေ တပ်ဆင်လာတဲ့အတွက် ပိုမို တိကျစွာ ပစ်ခတ်နိုင်လာ ကြပါတယ်။
နောက်ပိုင်းမှာတော့ afterburning လို့ခေါ်တဲ့ တာဘိုင်နောက်မှာရှိတဲ့ ဂျက်အင်ဂျင် ပိုက်လိုင်းထဲရှိ လောင်စာလောင်ကျွမ်းခန်းထဲကို လောင်စာ များထပ်မံထည့်သွင်းကာ အိတ်ဇောမှ ဓာတ်ငွေ့ကို ပြန်လည်အပူပေးပြီး တွန်းကန်ပေးတဲ့ စနစ် ပါဝင်လာတဲ့အတွက် အသံထက် ၂ ဆ လောက်အထိ ပျံသန်းလာနိုင်ကြပါတယ်။

ထိုအချိန်က အမေရိကန်လုပ် F-104၊ ဆိုဗီယက်လုပ် MiG-21၊ ဗြိတိန်လုပ် English Electric Lightning နှင့် ပြင်သစ်လုပ် Mirage III တိုက်လေယာဉ်များဟာ အထူးထင်ရှားတဲ့ ဒုတိယ မျိုးဆက် တိုက်လေယာဉ်များဖြစ်ပါတယ်။
ဒီ မျိုးဆက်မှာ တိုက်လေယာဉ်များအတွက် ဘက်စုံသုံး အမျိုးအစားများ လိုအပ်လာတာကို သိရှိလာခဲ့ကြပါတယ်။
တတိယ မျိုးဆက် (3rd generation)
တတိယမျိုးဆက်မှာတော့ ဘက်စုံသုံး တိုက်လေယာဉ်များ စတင်ထုတ်လုပ်လာကြပါတယ်။ ဒီမျိုးဆက်မှာ ဝေဟင်မှ ဝေဟင်ပစ်များဟာ Beyond Visual Range BVR လို့ခေါ်တဲ့ လူ့မြင်ကွင်း အလွန်အထိ ပစ်ခတ်နိုင်လာပါတယ်။
ဒီမျိုးဆက်မှာ ပစ်မှတ်ကို ရှာဖွေ လမ်းညွှန် ပစ်ခတ်နိုင်တဲ့ pulse-doppler radar တွေကို စတင်အသုံးပြုနေပါပြီ။
ဒီလေယာဉ်တွေမှာ မြေပြင်တွေ တောင်တန်းတွေနှင့် ထိခိုက်မှုမရှိအောင် မြေပြင် အချက်ပေးစနစ် တွေပါ ပါဝင်လာပါတယ်။ ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်တွေထက်လဲ အကွာအဝေးရော အလျှင်ပါ ပိုမိုလာပါတယ်။
တချို့ လေယာဉ်ဒီဇိုင်းဆွဲသူတွေဟာ တောင်ပံအနေအထားများကို ပြောင်းလဲနိုင်သည့် ဒီဇိုင်းများ (ဥမာ ကျုံ့နိုင် ဖြန့်နိုင်တဲ့ variable-sweep တောင်ပံ) များ နှင့် vectored thrust လို့ခေါ်တဲ့ အိတ်ဇောကို လိုသလို လှည့်နိုင်တဲ့ ဒီဇိုင်းများကို စတင် စဉ်းစားလာကြပါတယ်။

တတိယမျိုးဆက်မှာ အမေရိကန်လုပ် F-4 Phantom နှင့် F-111၊ ဆိုဗီယက်လုပ် MiG-23 နှင့် Su-17 နှင့် ဗြိတိန်လုပ် Harrier တိုက် လေယာဉ် တို့ဟာ ထင်ရှားပါတယ်။
စတုတ္ထမျိုးဆက် (4th generation)
ဘက်စုံသုံးတွေ အောင်မြင်လာပြီးနောက်မှာ နောက်ထပ် အဆင့်မြင့်တဲ့ နည်းပညာတွေ ပေါ်ထွက်လာပါတယ်။
အဓိကအားဖြင့် စတုတ္ထမျိုးဆက် တိုက်လေယာဉ်များမှာ Stall လို့ခေါ်တဲ့ ပင့်တင်မှုဆုံးရှုံးပြီး လေပေါ်မှ ပြုတ်ကျနိုင်ချေ နည်းလာကာ ပိုမို စစ်ကစားနိုင်တဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။
Canard လို့ခေါ်တဲ့ တောင်ပံအသေးလေးတွေ ထပ်ပါလာတာမျိုးတွေ နဲ့ တတိယမျိုးဆက် ခေတ်မှာ စတင် တီထွင်ခဲ့တဲ့ vectored thrust စနစ်တွေပါ။
ဒါ့ကြောင့် ဂျက်တိုက်လေယာဉ်များဟာ ဦးတည်ရာမျိုးစုံ၊ အလျှင်ကိုလည်း အကန့်အသတ်မရှိ မျိုးစုံ အနေအထားဖြင့် လွတ် လပ်စွာ စစ်ကစား ပျံသန်းလာနိုင်ပါတယ်။ ကိုယ်ထည်ကိုလည်း ပေါင်းစပ်သတ္တုများဖြင့် တည်ဆောက်လာကြပါတယ်။
ဒါ့အပြင် F-16 မှာ အသုံးပြုတဲ့ ကွန်ပျူတာ စနစ်သုံး fly-by-wire လို့ခေါ်တဲ့ တစိတ်တပိုင်း အလိုအလျှောက် စနစ်ပါဝင်တဲ့ လေယာဉ်ထိန်းချုပ် ရေးစနစ်တွေပါ ပါဝင်လာပါတယ်။ ဗြိတိန် အမေရိကန်ပူးပေါင်းထုတ်လုပ်ထားတဲ့ Harrier II ဟာ vectored thrust အိတ်ဇောကိုအသုံးပြုကာ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သလို၊ ရုရှားလုပ် Su-27 ဟာလဲ forward vectoring ကိုအသုံးပြုပြီး Pugachev’s Cobra စစ်ကစားမှုလိုမျိုး အတိုင်းအဆမဲ့ နီးပါး လေပေါ်မှာ စစ်ကစား ပျံသန်းနိုင်လာပါတယ်။

ရေဒါပျောက် F-117 တွေကို ဒီဇိုင်းထုတ် မိတ်ဆက်နေတဲ့ ကာလလောက်မှာ အီတလီ၊ အနောက်ဂျာမနီနှင့် ဗြိတိန်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဘက်စုံသုံး Tornado ဂျက်တိုက်လေယာဉ်တွေမှာတော့ ရန်သူ့ မြေပြင်မှ ဝေဟင်ပစ် SAM များနှင့် ရေဒါများကို ကာကွယ်နိုင်တဲ့ လေယာဉ် အီလက်ထရောနစ် စနစ်တွေ၊ အာရုံခံစနစ်တွေ နဲ့ လက်နက်တွေ တပ်ဆင်ပြီးနေပါပြီ။
F-14 နှင့် F-15 များဟာ စတုတ္ထမျိုးဆက်၏ အစောပိုင်းလေယာဉ်များ ဖြစ်ကြပါတယ်။ ရုရှားလုပ် Mig-29၊ Su-27၊ MiG-31 များမှာ အထူးထင်ရှားပါတယ်။
4+, 4++ သို့မဟုတ် 4.5 generation လို့ ခေါ်တဲ့ စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များကတော့ ပဥ္စမမျိုးဆက်တွင် တပ်ဆင်ထားတဲ့ ဒစ်ဂျစ်တယ်စနစ်တွေ နဲ့ တခြား နည်းပညာ အချို့ကို ထည့်သွင်းအသုံးပြုထားကြပါတယ်။
စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များမှာ AESA ရေဒါများ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ပဥ္စမမျိုးဆက် တိုက်လေယာဉ်တွေကို တန်ပြန်နိုင်အောင် Infrared Sensor အပူတုံ့ပြန် အာရုံ ခံစနစ်တွေလဲ တပ်ဆင်လာပါတယ်။

ဒီ မျိုးဆက်ထဲမှာ F-15EX တွေ၊ F/A 18 E/F Block 3 Super Hornets တွေ၊ F-16Vတွေ ဟာ 4.5 generation ကို အဆင့်မြှင့်တင်ထားကြတာဖြစ်ပါတယ်။ ရုရှားမှာတော့ MiG-35၊ Su-35၊ Su-34၊ Su-30 တွေဟာ 4.5 generation တွေပါ။
တခြားနိုင်ငံတွေအနေနဲ့ ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် စပိန်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Eurofighter Typhoon၊ ပြင်သစ်ထုတ် Dassault Rafale နှင့် ဆွီဒင်ထုတ် Saab Gripen တွေဟာ အထူး ထင်ရှားပါတယ်။
ပဥ္စမမျိုးဆက် (5th generation)
C3 ( Command, Control and Communications) လို့ခေါ်တဲ့ ဆန်းပြားရှုပ်ထွေးတဲ့ အမိန့်ပေးခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်ခြင်း လုပ်ငန်းစဉ်တွေကို ဒစ်ဂျစ်တယ် တွက်ချက်မှုနှင့် ရွေ့လျား ကွန်ယက်စနစ်များဖြင့် စစ်မြေပြင်မှာ အသုံးပြုနိုင်ဖို့အတွက် ၁၉၉၀ ခုနှစ်များမှ စတင် လုပ်ဆောင်လာကြပါတယ်။
ဒီရှုပ်ထွေးတဲ့ နည်းပညာဟာ လေယာဉ်မှုးရဲ့ တိုက်လေယာဉ်ကို ထိန်းချုပ်ဆောင်ရွက်ရာမှာ လုပ် ဆောင်ရတဲ့ လုပ်ငန်းများကိုလည်း အလိုအလျောက် စနစ်များနှင့် ကွန်ပျူတာ တွက်ချက်မှုများကို အသုံးပြုပြီး အများကြီး အချိန်ကုန်သက်လာ လာစေပါတယ်။
ရေဒါအနေဖြင့်လည်း 360′ ဒီဂရီ မြင်နိုင်တဲ့ ရေဒါများ ပါဝင်လာပါတယ်။
၁၉၉၅ နောက်ပိုင်းမှစပြီး မျက်နှာပြင်ဖော်ပြမှုစနစ်တွေပါဝင်တဲ့ စမတ်ဦးဆောင်းတွေ၊ အာရုံခံကိရိယာတွေနှင့် အချက်အလက် ပေါင်းစပ်မှုတွေ၊ လေယာဉ်မှတဆင့် မောင်းသူမဲ့လေယာဉ် ထိန်းချုပ်ပျံသန်းမှုတွေဟာ တကယ်ကို ဖြစ်ပေါ်လာပါတယ်။

ရေဒါလျှော့ချနိုင်တဲ့ ဒီဇိုင်းတွေ၊ ဆေးတွေ ကိုလည်း ထုတ်လုပ်လာနိုင်ကြပါတယ်။
အဲဒါတွေနှင့်အပြိုင် ပေါင်းစပ်သတ္တုသစ်တွေ၊ အင်ဂျင်နည်းပညာတွေနဲ့ အီလက်ထရောနစ်စနစ်တွေဟာ တိုးတက်လာတာကြောင့် ယနေ့ခေတ် ပဥ္စမမျိုးဆက် လေယာဉ်များ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ထူးခြားမှုအနေဖြင့် F-22 မှာ After Burner ဖွင့်စရာမလိုဘဲ အသံထက် ၁.၅ ဆ နှင့် ပျံသန်းနိုင်တဲ့ Supercruise လို့ခေါ်တဲ့ စနစ်ပါဝင်ပါတယ်။ ဝန်မပါပါက ၁.၈ အထိ ပျံသန်းနိုင်ပါတယ်။
4.5 generation မှာ supercruise စနစ်ပါဝင်တာကတော့ Eurofighter Typhoon (၁.၅ ဆ) , Gripen (၁.၂ ဆ) , Rafale နှင့် Su-35 (ဘာမှချိတ်ဆွဲမထားမှသာ အသုံးပြုနိုင်) တို့ဖြစ်ကြပါတယ်။
လက်ရှိ ပဥ္စမျိုးဆက်တိုက်လေယာဉ်များကတော့ အမေရိကန်လုပ် F-22၊ F-35 ရုရှားလုပ် Su-57 နှင့် တရုတ်လုပ် J-20 တို့ပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021