အမေရိကန် ရေတပ်ဟာ ၎င်းတို့၏ လက်ရှိ မျိုးဆက်သစ် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောသစ်ကြီးဖြစ်တဲ့ Gerald R. Ford သင်္ဘောကြီးအတွက် သုံးကြိမ်မြောက် ပေါက်ကွဲအားဒဏ် ခံနိုင်ရည် စမ်းသပ်မှုကို ပြီးစီး ခဲ့ပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က ပြုလုပ်တဲ့ ဒီ စမ်းသပ်မှုဟာ အဆင့်သုံးဆင့် စမ်းသပ်မှု နောက်ဆုံး စမ်းသပ်မှုဖြစ်ပြီး ကြီးကြီးမားမား သင်္ဘောကို ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
Full Ship Shock Trials (FSST) လို့ခေါ်တဲ့ ဒီ စမ်းသပ်မှုကို အမေရိကန်ရေတပ်ဟာ ဇွန်လအစောပိုင်းတွင် တခါ၊ ဇူလိုင်လ ထဲတွင် တခါ ပြုလုပ်ပြီး ဖြစ်ပါတယ်။
တတိယမြောက် ခံနိုင်ရည် စမ်းသမ်မှုကို ဖလော်ရီဒါပြည်နယ် စိန့်အော်ဂက်စတင်း ကန်းရိုးတန်း မှာ ပေါင် ၄ သောင်းလောက်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

FSST စမ်းသပ်မှုမှ ဖြစ်လာတဲ့ တုန်ခါမှုမှ ရစ်ချက်တာစကေး ၃.၉ လောက်ရှိတဲ့ ငလျင်တခုကို ဖြစ်ပေါ်စေခဲ့ပြီး သင်္ဘော၏ ဦးစီးအရာရှိမှ မျှော်လင့်ထားသည်ထက် ထိ ခိုက်မှု နည်းခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလကတည်းက Ford အတန်းအစား လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် တာဝန်ယူနေသည့် ကပ္ပတိန် Paul Lanzilotta က မီးလောင်ကျွမ်းမှုတွေ၊ ရေမြုပ်မှုတွေ မရှိသည့်အပြင်
သိသာတဲ့ ထိခိုက်မှုလည်း မရှိကြောင်း အပြင် ရေနေသတ္တဝါတွေ အပေါ်မှာပါ သက်ရောက်မှုမရှိဘူးလို့ ပြောပြသွားခဲ့ပါတယ်။
တုန်ခါမှုအတွင်း ပျက်စီးမှု ဖြစ်ခဲ့တဲ့ ပစ္စည်းများဟာလည်း တုန်ခါမှုဒဏ်ခံနိုင်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ မဟုတ်ဘူးလို့ သိရပေမယ့် ပျက်စီးခဲ့တဲ့ စာရင်းကို မဖော်ပြခဲ့ပါဘူး။
ပုံမှန်အားဖြင့် သင်္ဘော ကိုယ်ထည်နှင့် တိုက်ခိုက်ရေး စနစ်များကိုသာ တုန်ခါမှုဒဏ် ခံနိုင်အောင် တည်ဆောက်ထားတာဖြစ်ပြီး နေထိုင်ရေးနှင့် ရုံးခန်းများနှင့် သက်ဆိုင်သည့် ပစ္စည်းများ မပါဝင်ပါဘူး။
အမေရိကန် ရေတပ်ဟာ ၎င်းတို့၏ စစ်သင်္ဘောများကို တုန်ခါမှု ဒဏ် ခံနိုင်မှု ရှိမရှိ စမ်းသပ်ခြင်းကို ဒုတိယ ကမ္ဘာစစ်ကာလများ ကတည်းက ပြုလုပ်လေ့ရှိတာဖြစ်ပြီး သင်္ဘောများ၏ စစ်ပွဲအတွင်း အကြမ်းခံနိုင်မှုကို သေချာစေပါတယ်။

စမ်းသပ်မှုအတွင်း သင်္ဘောငယ် တစင်းဟာ ပေါင် ၄ သောင်းလောက်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းများကို ဆွဲပြီးနောက် သင်္ဘောအနီး တွင် ဖောက်ခွဲခဲ့တာပါ။
ရေတပ်၏ ရေနေသတ္တဝါ ရှာဖွေရေးအဖွဲ့များဟာ စမ်းသပ်မှုပြုလုပ်သည့်အခါ ရေနေသတ္တဝါများအပေါ် သက်ရောက်မှု မရှိစေရန် အချိန်နှင့် နေရာကို သေချာ ရွေးချယ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှာ ကာကွယ်ထားတဲ့ တိရိစ္ဆာန်တွေ မရှိခဲ့ပါဘူး။
ပေါက်ကွဲမှု စလျှင် စခြင်း ရေတပ်သား ၃ ထောင်လောက်ဟာ တုန်ခါမှု၏ သက်ရောက်မှုကို ခံစားခဲ့ရပါတယ်။ အဲဒီ့နောက်မှာ သင်္ဘောပေါ်ရှိ ရေတပ်သားများက သင်္ဘော၏ ထိခိုက်နိုင်မှုများကို စစ်ဆေးကြပါတယ်။
ပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်း ရေတပ်သားများက သင်္ဘောကို စစ်ဆေးနေစဉ် သင်္ဘောဟာ တိုက်ပွဲအတွင်းတွင် ရှိနေသကဲ့သို့ ရဟတ်ယာဉ်များကို သင်္ဘောပေါ်သို့ ဆင်းသက်စေပါတယ်။
အမေရိကန် ရေတပ်ဟာ Ford အတန်းအစား လေယာဉ်တင်သင်္ဘောကြီးကို အဆင့်မြင့် ကွန်ပျူတာ ပုံဖော်နည်းဖြင့် ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်မှု စီမံကိန်း FSST ဟာ အလွန် တိကျပြီး Ford အတန်းအစား လေယာဉ်တင် သင်္ဘောကြီးအတွက် လိုအပ်သည့် စမ်းသပ်မှုများကို အပိုအလိုမရှိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဲဒီလို စမ်းသပ်မှု ပြီးစီးသွားတဲ့နောက်မှာတော့ USS Gerald Ford လေယာဉ်တင် သင်္ဘောကြီးဟာ Planned Incremental Availability လို့ခေါ်တဲ့ ၆ လကြာ ရေလုံလွန်းကျင်းတွင် ပြင်ဆင်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီ့ကာလအတွင်း စမ်းသပ်မှုမှ ဖြစ်ပေါ်နိုင်တဲ့ ထိခိုက်မှုများကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်မှာဖြစ်ပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများကိုပါ ဆောင်ရွက်မှာဖြစ်ပါတယ်။
အမေရိကန်တို့၏ မျိုးဆက်သစ် Ford အတန်းအစား၏ ခေါင်းဆောင် သင်္ဘောဖြစ်တဲ့ USS Gerald Ford လေယာဉ်တင် သင်္ဘောကြီးကို ၂၀၂၂ ခုနှစ်လောက်မှာ စတင် တာဝန်ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။