F-35 တွေ အများအပြား ဝယ်ယူလိုက်တဲ့ ဖင်လန်နိုင်ငံ

Military News

ဖင်လန်နိုင်ငံဟာ Lockheed Martin ထုတ် F-35 အစီးရေ ၆၄ စီး ဝယ်ယူဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ F-35 အသစ်များကို သက်တမ်း အိုမင်းနေပြီဖြစ်တဲ့ ၎င်း၏ လက်ရှိ လေယာဉ်များမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

ဝယ်ယူမှုဟာ ယူရို ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံ) လောက်အထိ တန်ဖိုးရှိပြီး ဖင်လန်စစ်တပ်အတွက် အကြီးဆုံးသော ဝယ်ယူမှု ဖြစ်တယ်လို့ အစိုးရက သောကြာနေ့က ပြောပါတယ်။

မြောက် ဥရောပနှင့် မြောက် အတ္တလန်တိတ်တွင် တည်ရှိသည့် Nordic နိုင်ငံများ (ဒိန်းမတ်၊ ဖင်လန်၊ အိုက်စ်လန်၊ နော်ဝေ နှင့် ဆွီဒင်) တွင် ပါဝင်တဲ့ ဖင်လန်နိုင်ငံဟာ F-18 Super Hornet များပါ ပါဝင်တဲ့ တင်ဒါယှဉ်ပြိုင်သည့် လေယာဉ် ၅ မျိုးမှ F-35 တွေကို ရွေးချယ် ခဲ့တာပါ။

အဲဒီ့ လေယာဉ် ၅ မျိုးထဲက ကျန်တဲ့ ၃ မျိုး ကတော့ ပြင်သစ်လုပ် Dassault Rafale၊ ဗြိတိန်လုပ် Eurofighter Typhoon နှင့် ဆွီဒင်လုပ် Saab Gripen တို့ပဲ ဖြစ်ပါတယ်။

ဖင်လန်လေတပ်တွင် ၁၉၉၀ ခုနှစ်များ ကတည်းက အသုံးပြုနေသည့် F-18 Hornets ပေါင်း ၆၀ ကျော်အထိ ရှိပြီး ၂၀၁၄ ခုနှစ်ကစပြီး ၎င်းတို့ကို အစားထိုးနိုင်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။

F-35 များကို ရွေးချယ်ရတဲ့အကြောင်းကတော့ ဖင်လန်စစ်တပ်က အကြံပေးမှုကြောင့်ဖြစ်ပြီး အားလုံးဟာ တညီတညွတ်တည်း ဖြစ်ခဲ့ကြတယ်လို့ ဝန်ကြီးချုပ် Sanna Marin မှ သူမ၏ အစိုးရရဲ့ ဆုံးဖြတ်မှု အကြောင်းကို ပြောပြခဲ့ပါတယ်။

“တိုက်လေယာဉ် အသစ်များဟာ ဖင်လန်နိုင်ငံ ကာကွယ်ရေးအတွက် အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်လို့” Marin က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါတယ်။

“တိုက်လေယာဉ်များဟာ ဖင်လန်လေပိုင်နက် တည်တံ့ခိုင်မြဲဖို့၊ လေကြောင်း တိုက်ခိုက်မှုများမှ ကာကွယ်ဖို့နှင့် ဖင်လန်ကြည်းတပ်နှင့် ရေ တပ် စစ်ဆင်ရေးများကို ပံ့ပိုးဖို့ ဖြစ်တယ်” လို့ ၎င်းက ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန မှ သောကြာနေ့တွင် ပြောကြားချက်အရ ဝယ်ယူမှု၏ ကုန်ကျမှုတွင် Lockheed Martin F-35 များနှင့်ပတ်သက်သည့် သင်တန်းပေးမှုများ နှင့် အခြား ကိရိယာများလည်း ပါဝင်တယ်လို့ သိရပါတယ်။

European Union (EU) ဥရောပ သမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ဖင်လန်ဟာ စစ်ရေးအရ ဘက်မလိုက်သည့် နိုင်ငံဖြစ်ပေမယ့် အိမ်နီးချင်း ဆွီဒင်နိုင်ငံကဲ့သို့ NATO နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။

အခြား စစ်ရေးဘက်မလိုက် နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဆွစ်ဇာလန် နိုင်ငံနှင့် NATO အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ဒိန်းမတ်နှင့် နော်ဝေတို့ဟာလည်း မကြာသေးမီက F-35 များ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဖင်လန်နိုင်ငံဟာ ရုရှားနှင့် အရှည် ကီလိုမီတာ ၁,၃၄၀ (၈၃၂ မိုင်) လောက်ရှိတဲ့ နယ်နိမိတ် ထိစပ်လျက် ရှိနေပါတယ်။

၎င်းဟာ ဆွီဒင်၊ နော်ဝေ နှင့် အမေရိကန် တို့နှင့်အတူ နှစ်နိုင်ငံ ကာကွယ်ရေးနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို လွန်ခဲ့တဲ့ နှစ် အနည်း ငယ်အတွင်း တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

မေရီလန်းအခြေစိုက် Lockheed Martin ကုမ္ပဏီ၏ ဒီဇင်ဘာ ၁၀ ရက် ၂၀၂၁ ခုနှစ် သောကြာနေ့က ကြေငြာချက်အရ လက်ရှိ ကမ္ဘာတဝှမ်းတွင် စုစုပေါင်း ၇၃၀ စင်းထက်ပိုတဲ့ F-35 တိုက်လေယာဉ်တွေ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

ရုရှား၏ စစ်ရေး လှုပ်ရှားမှုများနှင့်အတူ Nordic နို်ငံတော်တော်များများ F-35 တိုက်လေယာဉ်များကို တညီတညွတ်တည်း ဝယ်ယူကြတာဟာ ဒေသတွင်း အမေရိကန်၏ အားသာမှုကို ပြသနေတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *