မီးလောင်မှုကို ခံနိုင်ရည်ရှိသည့် သစ်သား ထပ်ပိုးလွှာ နှင့် အနာဂါတ် ဆောက်လုပ်ရေး

Innovation Tech

အဆိုပါ မီးခံသစ်သားက ဆောက်လုပ်ရေး လုပ်ငန်းတွင် ကာဗွန်ပြင်းအား ပြဿနာကိုလည်း ဖြေရှင်း ပေးနိုင်ပါတယ်။

စင်္ကာပူနိုင်ငံ Nanyang Technological University (NTU) မှ သုတေသီတွေဟာ မီးဒဏ် ခံနိုင်စေဖို့ အတွက် သစ်သားပေါ်တွင် မမြင်နိုင်သော coating ကို တီထွင်ခဲ့ပါတယ်။

မျက်မှောက်ခေတ် အဆောက်အဦးတွေဟာ မီးဘေး အန္တရာယ်နည်းပါးသော ကွန်ကရစ်၊ သံမဏိနှင့် မှန်များကို အသုံးပြုပြီး တည်ဆောက်ကြပါတယ်။

ထိုပစ္စည်းများကို ထုတ်လုပ်မှုဟာ ကာဗွန်ဓာတ် ပါဝင်မှုနည်းသော လုပ်ငန်းစဉ် ဖြစ်ပါတယ်။

သို့သော်လည်း သစ်သားကို အသုံးပြုခြင်းဟာ ကုန်ကျစရိတ် သက်သာစွာဖြင့် ပိုမို မြန်ဆန်စွာ တည်ဆောက်နိုင်စေပြီး အနာဂါတ် တည်ဆောက်မှုများအတွက် အကောင်းဆုံးသော အစိတ်အပိုင်း ဖြစ်လာစေနိုင်ပါတယ်။

ယခင်က အတွေ့အကြုံများအရ သစ်တွေဟာ အလွန် မီးလောင်လွယ်ပြီး လောင်ကျွမ်းလွယ်ပါတယ်။

မြို့ကြီးတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သစ်အသုံးပြုမှုကို အနည်းငယ်သာ တွေ့ရခြင်းဟာ မီးလောင်ကျွမ်းမှု ဖြစ်လွယ်တာကြောင့်လည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ခေတ်မီ ဆောက်လုပ်ရေး စံနှုန်းများအရ သစ်သားကို ပြန်လည် အဆင့်မြှင့်တင် ပြီးမှသာ အသုံးပြုဖို့ လိုအပ်ပါတယ်။

Image: Courtesy of Nanyang Technological University (NTU)

သစ်သားကို မမြင်နိုင်သော အကာအကွယ်ဖြင့် အဆင့်မြှင်တင်ခြင်း

ယနေ့ခေတ် အဆောက်အဦများ၏ အတွင်းပိုင်းတွင် အသုံးပြုထားသော သစ်သားများကို မီးငြှိမ်းသတ်ဆေး သို့မဟုတ် ဂျစ်ပဆမ်နှင့် မဂ္ဂနီစီယမ်ဖြင့် ပြုလုပ်ထားသော မီးငြှိမ်းသတ် ပျဉ်ပြားများဖြင့် ဖုံးအုပ်ထားဖို့ လိုအပ်ပါတယ်။

ဒါမှသာ အသုံးပြုနေသော သစ်သား၏ သဘာဝဆန်သည့် အလှတရားများ နှင့် အသွင်အပြင်ကို မပျက်စီးစေပဲ မီးဘေး အန္တ ရာယ် ကင်းဝေးစေမှာ ဖြစ်ပါတယ်။

NTU မှ သုတေသီများက မီးဘေးကာကွယ်ရေးကို ပေးစွမ်းနိုင်သော ပေါင်းစပ် ဖြေရှင်းချက် တစ်ရပ်ကို တီထွင်ခဲ့ကြပြီး ၎င်းတို့တီထွင်ထားတဲ့ အလွှာက ဖောက်ထွင်းမြင်ရသည့် အပြင် ၀.၀၇၅ မီလီမီတာသာ ထူတဲ့ အတွက်ကြောင့် သာမန် မျက်စိဖြင့် မမြင်နိုင်ဘူးလို့ ဆိုပါတယ်။

“သစ်သား ဒါမှမဟုတ် သစ်သားပြားအများစုဟာ အစိုဓာတ်၊ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ်တွေ ကနေ ကာကွယ်မပေးနိုင်သည့်အပြင် အပူဒဏ်ကိုလည်း ခံနိုင်ရည်မရှိပါဘူး” ဟု NTU School of Materials Science and Engineering မှ တွဲဖက် ပါ မောက္ခ Aravind Dasari က ပြောကြားခဲ့ပါတယ်။

Aravind Dasari က ကျွန်ုပ်တို့ တီထွင်ထားတဲ့ သစ်သား အကာအကွယ် ပစ္စည်းက အချို့သော ဒြပ်ပေါင်းများဖြင့် အပြန် အ လှန် တုံ့ပြန်နိုင်တဲ့ နည်းပညာကို အသုံးပြုထားတယ်ဟု ဆိုပါတယ်။

၎င်းတို့က မြင့်မားတဲ့အပူနှင့်ထိတွေ့တဲ့အခါ လောင်ကျွမ်းမှုကို မဖြစ်စေပဲ ကာကွယ်ပေးနိုင်တယ်ဟု ဆိုပါတယ်။

မီးနှင့် ထိတွေ့တဲ့ အခါ အပေါ်ယံအလွှာက မူလထက် အဆ ၃၀ ထက် ပိုထူသည့် မီးကျွမ်း အလွှာတခု ဖြစ်လာပါတယ်။

Image: Courtesy of Nanyang Technological University (NTU)

၎င်းကို အဓိက အပူဒဏ်ခံနိုင်စေဖို့ တီထွင်ထားတာ ဖြစ်ပြီး သစ်သားအား မြင့်မားသော အပူဒဏ်မှ အကာအကွယ်ပေးစေပါတယ်။

နည်းပညာက ဘယ်လောက် ကောင်းကောင်း အလုပ်ဖြစ်သလဲ

သုတေသီတွေက အပေါ်ယံအလွှာကို စက်မှုလုပ်ငန်းစံနှုန်းအတိုင်း အလုပ်လုပ်ခြင်းရှိမရှိ စစ်ဆေးဖို့အတွက် ပြင်ပဓာတ်ခွဲခန်းများမှာလည်း စမ်းသပ်ခဲ့ပါတယ်။

TechXplore ရဲ့ အစီရင်ခံစာအရ၊ အဆိုပါ အလွှာဟာ စမ်းသပ်မှုများတွင် မီးဘေး အန္တရာယ် ဖြစ်နိုင်သော အမြင့်ဆုံး အဆင့်ကို ကာကွယ် အောင်မြင်ခဲ့တယ်ဟု ဆိုပါတယ်။

မီးတောက်မပြန့်ပွားအောင် အကာအကွယ်ပေးနိုင်ရုံသာမက မီးလောင်နေသော အဆောက်အဦး အတွင်းမှ လူများကို ဘေးကင်းစွာ ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် အလွန်အရေးကြီးသည့် မီးခိုးငွေ့များ အနည်းငယ်သာ ထွက်ရှိပါတယ်။

မီးလောင်ကျွမ်းမှုအပြီး သစ်သား အပေါ်ယံလွှာကို ခြစ်ထုတ် လိုက်တဲ့ အခါမှာလည်း သစ်သားက နဂိုအတိုင်း ရှိနေကြောင်း တွေ့ရပါတယ်။

သို့သော်လည်း အားသာချက်တွေရှိတဲ့ သစ်သားအဆင့်မြှင့်နည်းပညာအတွက် လက်ရှိဈေးကွက်တွင် ထုတ်ကုန် အနည်းငယ်သာရှိပါတယ်။

ဒါ့ကြောင့် သုတေသီ အဖွဲ့ဟာ အဆိုပါနည်းပညာကို သစ်လုပ်ငန်းနှင့် အခြား စက်မှု လုပ်ငန်းများတွင် လိုင်စင် ထုတ်ပေးဖို့၊ စီးပွားဖြစ် ထုတ်လုပ်ဖို့နှင့် လိုက်လျောညီထွေဖြစ်စေဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com