ဆိုဗီယက်နိုင်ငံဟာ ကမ္ဘာပေါ်တွင် ပထမဆုံး အာကာသထဲသို့ ဂြိုဟ်တု လွှတ်တင် နိုင်ခဲ့တဲ့ နိုင်ငံ ဖြစ်ပြီး ၎င်း၏ Sputnik 1 လို့ အမည်ပေးထားတဲ့ ဂြိုဟ်တုကို ၁၉၅၇ အောက်တိုဘာလ ၄ ရက်နေ့မှာ လွှတ်တင်နိုင်ခဲ့ပါတယ်။
အဲဒီ့ ဂြိုဟ်တုဟာ အလေးချိန် ၈၃ ကီလိုဂရမ် (၁၈၃ ပေါင်) ရှိပြီး ကမ္ဘာမြေပြင် အထက် အမြင့် ၂၅၀ ကီလိုမီတာ (မိုင် ၁၆၀) လောက်မှာ လှည့်ပတ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ဒါ့ပေမယ့် အာကာသမှ ကမ္ဘာ့မြင်ကွင်း ဓာတ်ပုံကိုတော့ အဲဒီ့ ထက် အများကြီး စောပြီး ရိုက်ကူးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၇၅ နှစ်လောက်က နယူး မက္ကဆီကို ပြည်နယ်ရှိ White Sands ဒုံးကျည် ပစ်လွှတ်ရာ နေရာတွင် သိပ္ပံပညာရှင်များဟာ ဂျာမန်တို့၏ V-2 ပဲ့ထိန်းတပ် ဒုံးကျည်ထိပ်တွင် ကင်မရာတခု တပ်ဆင်ပြီး လွှတ်တင် ခဲ့ရာမှ အာကာသမှ ကမ္ဘာမြေ ၏ ပထမဆုံး ဓာတ်ပုံ ကို ရရှိခဲ့ကြောင်း Popular Mechanics အဆိုအရ သိရှိရပါတယ်။

၁၉၄၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဒုံးကျည်ဟာ ကမ္ဘာ့အပြင်ဘက် ဟင်းလင်းပြင် အစလို့ ယူဆလို့ရတဲ့ အမြင့် ၆၅ မိုင် (၁၀၄ ကီလိုမီတာ) ခန့် အထိ ရောက်ရှိ ပျံသန်းနိုင်ခဲ့ပြီး ၃၅ မီလီမီတာရှိသည့် ရွေ့လျားမှုဓာတ်ပုံ ကင်မရာဖြင့် တစက္ကန့်ခွဲလျှင် တပုံနှုန်းဖြင့် ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒုံးပျံနှင့် အတူ ကင်မရာဟာ မြေပြင်သို့ တနာရီ မိုင် ၃၄၀ (၅၄၇ ကီလိုမီတာ) ကျော်နှုန်းဖြင့် ပြန်လည် ကျရောက်လာခဲ့ပြီး အာကာသမှ ကမ္ဘာမြေကြီး၏ ပထမဆုံး ပုံသဏ္ဍာန်ကို လူသားတို့အား ပေးအပ်နိုင်ခဲ့ပါတယ်။
“၁၉၄၆ ခုနှစ်အတွက်ကတော့ ဒါဟာ အံ့မခန်း အောင်မြင်မှု တခုပါပဲ” လို့ အမျိုးသား လေကြောင်းနှင့် အာကာသ ပြတိုက်ရှိ အာကာသ သမိုင်း ဌာနမှ အကြီးတန်း ပြတိုက်မှူးဖြစ်တဲ့ Michael Neufeld က Inverse သို့ ပြောပြခဲ့ပါတယ်။
ကင်မရာကို အထူးပြုလုပ်ထားသည့် သံမဏိအိမ်အတွင်းတွင် ထည့်သွင်းထားသည့်အတွက် အမြင့်မှ ပြုတ်ကျသည့် ဒဏ်ကို အထူး ခံနိုင် ရည်ရှိပါတယ်။

ဒီလို လုပ်ဆောင်နိုင်မှုဟာ သိပ္ပံပညာရှင်များကိုလည်း အလွန် ပီတိဖြစ်စေတယ်လို့ အဲဒီ့အချိန်က ဖလင်များကို ပေးပို့ပေးခဲ့တဲ့ Fred Rulli က Air & Space နှင့် ၂၀၀၆ ခုနှစ်က အင်တာဗျူးတခုမှာ ပြောပြခဲ့ပါတယ်။
သိသိ သာသာ အမြန်နှုန်းဖြင့် ကင်မရာဟာ ပြုတ်ကျ လာခဲ့ပေမယ့် ကင်မရာ၏ မှန်ဘီလူး တခုသာ ပျောက်ဆုံး ခဲ့တယ် လို့ အမျိုးသား လေ ကြောင်း နှင့် အာကာသ ပြတိုက်၏ ပြတိုက်မှူး Emeritus David DeVorkin က Inverse သို့ ပြောပြပါတယ်။
သိပ္ပံပညာရှင်များဟာ ဒီလို ဓာတ်ပုံအသစ်အဆန်းကို မျက်နှာပြင်ပေါ်မှာ စတင်မြင်ခဲ့တဲ့အချိန် ရူးသွပ်မတတ် ဖြစ်ခဲ့ရတယ်လို့ Air & Space အဆိုအရ သိရပါတယ်။
ဟုတ်ပါတယ်။ ဒီလို ဝမ်းသာ ပီတိ ဖြစ်မှုဟာ အကြောင်းအရင်းရှိပါတယ်။
အဲဒီ့အချိန်က ဂျာမန်လုပ် ဒုံးကျည်များနှင့် အလုပ် လုပ်နိုင်မယ့် လေထီးတွေ အမေရိကန် စစ်တပ်တွင် မရှိသေးတဲ့ အတွက် ဒုံးကျည်တွင် ထည့်သွင်းထားသည့် ကင်မရာဟာ မြေပြင်သို့ လုံလုံခြုံခြုံ ပြန်လည် ရောက်ရှိလာနိုင်မလားဆိုတာ မသေချာခဲ့ပါဘူး။

“အစောပိုင်း V-2 များတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာများကို အဓိကအားဖြင့် သံချပ်ကာအိမ်များတွင် ထည့်သွင်းထားပြီး တနာရီလျှင် မိုင် ၁၀၀ နှုန်း အရှိန်ဖြင့် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာသည့် ဒဏ်ကို ခံနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ” လို့ Neufeld မှ Inverse သို့ ပြောပြခဲ့ပါတယ်။
သူတို့အတွက် ကံကောင်းတာက တနာရီလျှင် ၃၄၀ မိုင်နှုန်းဖြင့် ပြန်လည်ကျဆင်းလာတာတောင် သံချပ်ကာ အိမ်များဟာ အလုပ်လုပ်ခဲ့ပြီး ယခုလို ဆန်းကြယ်တဲ့ သမိုင်းတခု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
Photo Source: White Sands Missile Range Applied Physics Laboratory/Wikimedia Commons
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။