သိပ္ပံ ပညာရှင်များဟာ လူ့နှလုံး ကြွက်သားဆဲလ်များဖြင့် ပြုလုပ်ထားတဲ့ ငါး အတု တစ်ကောင်ကို ဖန်တီးလိုက်ပြီး ၎င်းဟာ ကိုယ်တိုင် ကူးခတ်နိုင်ပါတယ်။
ဒါဟာ လူ့နှလုံးကြွက်သား၏ ဆဲလ်များကို ဓာတ်ခွဲခန်းထဲတွင် တရက်တာ တည်ဆောက်ပြီး ဖန်တီးခဲ့တဲ့ ပထမဆုံး စမ်းသပ်မှု ဖြစ်တယ်လို့ Science ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ လေ့လာမှုက ဆိုပါတယ်။
ပြင်ပ ကျွမ်းကျင်သူတွေကတော့ ဒီနည်းပညာဟာ လက်တွေ့ ဆေးခန်းတွေကို ရောက်လာဖို့တော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။
ဒီ သိပ္ပံပညာရှင် အဖွဲ့ဟာ ယခင်ကလည်း ထူးထူး ဆန်းဆန်း သက်ရှိတွေကို ဆဲလ်များနှင့် ဖန်တီးခဲ့ကြဖူး ပါတယ်။
ယခု လေ့လာမှုမတိုင်ခင် နောက်ဆုံး ပြုလုပ်ခဲ့တာကတော့ ကြွက်ရဲ့ နှလုံးဆဲလ်များကို အသုံးပြုပြီး ငါးလိပ်ကျောက် ပုံစံ စက် ရုပ်တခု ဖန်တီးခဲ့တာပါ။

ဒီစီမံကိန်းများဟာ ပျော်စရာကောင်းပြီး အတော်လေးမိုက်တဲ့အပြင် နှလုံးကြွက်သားများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စက်ပိုင်းဆိုင် ရာ ဆက်နွယ်သည့် လုပ်ငန်းစဉ်များကို ထူးခြားစွာ ထိုးထွင်း သိစေနိုင်တယ်လို့
Emory တက္ကသိုလ်၊ Georgie Tech နှင့် ယခု စာတမ်းကို ပြုစုသူ ဖြစ်တဲ့ လက်ထောက် ပါမောက္ခ Sung-Jin Park က ပြောပြပါတယ်။
Park ကဲ့သို့ ဇီဝအင်ဂျင်နီယာများဟာ လူ့တစ်ရှူး အတုများကို ပြုလုပ်ကာ ၎င်းတို့ကို သဘာဝ နှလုံးတစ်ရှူးများထက် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ဒီဇိုင်းဆွဲလိုကြတယ် လို့ သိရပါတယ်။
ဆိုလိုတာကတော့ အဲဒီလို တစ်ရှူးများကို အသုံးပြုပြီး လူများဟာ ၎င်းတို့၏ နှလုံးများကို ပြန်လည်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ဒီစာတမ်းကို တွဲဖက်ပြုစုသူ John A. Paulson အင်ဂျင်နီယာနှင့် အသုံးချ သိပ္ပံကျောင်းမှ ဇီဝအင်ဂျင်နီယာတယောက် ဖြစ်တဲ့ Kit Parker က “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပုံမမှန်ဖြင့် မွေးဖွားလာတဲ့ ကလေးတွေရဲ့ နှလုံးကို အစားထိုးပေးနိုင်ဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နှလုံးကို လေ့လာဖို့ တည်ဆောက်ခဲ့သည့် ငါး
နှလုံးနှင့် ဦးနှောက်ဟာ တခုနှင့် တခု သီးခြားနီးပါး လုပ်ဆောင်ချက်များ ရှိပြီး နှလုံးဟာ ကြွက်သားများကို electrical signal များဖြင့် ကျုံ့ကာ လှုပ်ရှားစေပါတယ်။
ယခု သိပ္ပံပညာရှင်များဟာ သဘာဝနှလုံး ဖွဲ့စည်းပုံကို ပုံတူပြုလုပ်ဖို့ထက် အဲဒီ့ထက် ပိုကောင်းတဲ့ အင်ဂျင်နီယာ နည်းပညာကို ပိုမို စိတ်ဝင်စားတာ ဖြစ်တယ်လို့ Park က ဆိုပါတယ်။
လေ့လာမှုတွင် ၎င်းတို့ဟာ ကြွက်သား ဆဲလ် ပရိုတင်းများကို အသုံးပြုပြီး ကျုံ့နိုင်စွမ်း ရှိမရှိ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

သဘောတရားကတော့ တဖက်မှာရှိတဲ့ ကြွက်သားများက ကျုံ့လိုက်ပါက တခြား တဖက်တွင် အဆွဲခံရသည့် နည်းဖြင့် လှုပ်ရှားမှုများ ပြုလုပ်စေတာပါ။
ငါးအတု ဖန်တီးရာတွင်လည်း အလားတူပင် အမြှီးတဖက်က ကျုံ့ပါက တခြားတဖက်ကဆွဲထားခြင်းဖြင့် ရေထဲတွင် ကူးခတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမြှီးဟာ ရက်အနည်းငယ် ကြာအပြီးမှာ လှုပ်ရှားမှု အားပျော့လာပေမယ့် ပုံမှန် electrical signal များထွက်လာအောင် အလိုအလျောက် pacing node တခု တပ်ဆင်ပေးသည့်အခါမှာတော့ ပြင်ပ အကူအညီမလိုဘဲ ရက် ၁၀၀ လောက်အထိ လှုပ်ရှားနိုင်စွမ်း ရှိတာကို တွေ့ရပါတယ်။
ဒါဟာ ကိုယ့်တိုင်ခုန်နိုင်တဲ့ နှလုံးတခုကို ပြုလုပ်နိုင်ဖို့အတွက် ကြီးမားတဲ့ အောင်မြင်မှု၏ လမ်းစတခုပဲ ဖြစ်ပါတယ်။
ခုန်နေတဲ့ နှလုံးတု ဖြစ်လာဖို့က အဝေးကြီး လိုပါသေးတယ်
လေ့လာမှုတွင် ပါဝင်ခြင်း မရှိတဲ့ လန်ဒန် Imperial College မှ နှလုံးပြန်လည်သန်စွမ်းမှုဆိုင်ရာ ပါမောက္ခ Michael Schneider ကတော့ ဒါဟာ နည်းပညာပိုင်း သပ်သပ်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းက ဒီနည်းပညာဟာ ဆေးရုံတွေကို ရောက်လာဖို့ ဆိုတာ အဝေးကြီးလိုပါသေးတယ်လို့ ဆိုပါတယ်။
Schneider ကတော့ ဒီနည်းပညာထက်စာရင် မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ ဝက်နှလုံးများကို အသုံးပြုခြင်းက ပိုမို ကောင်း မွန်မယ်လို့ ယုံကြည်နေတာပါ။
သုတေသနအဖွဲ့မှ Park ကလည်း ၎င်းတို့၏ နည်းပညာဟာ ယခုမှ ကနဦးသာရှိသေးကြောင်း ဝန်ခံထားပြီး နောက်ထက် ဆယ်စုနှစ် တခုလောက်ကြာမြင့် နိုင်ဦးမယ်လို့ ပြောပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။