သမုဒ္ဒရာကြီးများဟာ ဆန်းကြယ်ပြီး ကုန်းမြေပေါ်ထက် အသွင်သဏ္ဍာန် ပိုမို စုံလင်သည့် သက်ရှိ အများအပြား ရှိရာ နေရာဖြစ်ကာ ကျွန် တော် တို့အတွက် အသစ်အဆန်းတွေ တခုမဟုတ် တခု ပေးစွမ်းနေဆဲ ဖြစ်ပါတယ်။
ရေအောက်ရှိ နက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြမ်းပြင်မှာတော့ လုံးဝ ကွဲပြားတဲ့ ကမ္ဘာတခုရှိပြီး ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိတဲ့ ရေနေ သတ္တဝါများ ပိုမို ကျက်စားလေ့ ရှိပါတယ်။
Monterey Bay Aquarium Research Institute (MBARI) မှ ပြသခဲ့တဲ့ ရုပ်သံတွင် အလွန်ရှားပါးတဲ့ ရေနက်ပိုင်းတွင် နေထိုင်တတ်သည့် barreleye fish လို့ခေါ်တဲ့ ငါးမျိုးစိတ်ကို ပြသနိုင်ခဲ့ပါတယ်။

Barreleye ကို ရှာဖွေတွေ့ရှိခဲ့ခြင်း
barreleye fish သို့မဟုတ် သိပ္ပံအမည် Macropinna microstoma လို့ခေါ်တဲ့ ငါးတွေဟာ ရေအောက်အနက် ပေ ထောင်ချီတဲ့ နေရာတွေမှာ နေထိုင်ကြတာ ဖြစ်လို့ အလွန့် အလွန်ကို မြင်ရဖို့ ခဲယဉ်းပါတယ်။
အဲဒီ့အတွက်ကြောင့် လေ့လာရေး အဖွဲ့ဟာ အဆိုပါ ဖောက်ထွင်းမြင်ရတဲ့ ခေါင်းနှင့် စူထွက်နေတဲ့ အစိမ်းရောင် မျက်လုံးရှိတဲ့ အဆိုပါငါးကို ရိုက်ကူးနိုင်ခဲ့တဲ့အတွက် အလွန်ကို စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ကြပါတယ်။
သုတေသီများဟာ အဲဒီ့ တွေ့ရခဲတဲ့ ငါးအကြောင်းကို သိပ်မသိကြပေမယ့် ၎င်းဟာ zooplankton နှင့် jellyfish ကဲ့သို့ အကောင်ငယ်များကို မလှုပ်မယှက်ဘဲစောင့်ကာ ဖမ်းယူစားသုံးတတ်မယ်လို့ မှတ်ချက်ချပါတယ်။
အဲဒီ့ငါးတွေဟာ ၎င်းတို့၏ ကြီးမားတဲ့ မျက်လုံးအစုံကို အသုံးပြုကာ ၎င်းတို့ အပေါ်မှာရှိတဲ့ သားကောင်ရဲ့ အရိပ်ကို တွေ့ရှိနိုင်ပြီး အစိမ်းရောင်ရှိတဲ့ မျက်လုံးဟာ သမုဒ္ဒရာမျက်နှာပြင်မှ အလင်းပြန်လာတဲ့ နေရောင်ကို ဖယ်ထုတ်ပေးပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် Monterey ပင်လယ်အော် အတွင်းမှာ တွေ့ရှိခဲ့တဲ့ ဒီငါးကို အဝေးထိန်း ယာဉ် ROV ကို အသုံးပြုကာ အကြိမ်ပေါင်း ၅,၆၀၀ လောက် ရေအောက်သို့ ငုပ်ရှိုးလေ့လာခဲ့စဉ်အတွင်းမှာ ၉ ကြိမ်သာ တွေ့ဖူးခဲ့တာပါ။

MBARI အဖွဲ့အဆိုအရ barreleye ငါးဟာ Bering ပင်လယ်၊ ဂျပန် ပင်လယ် နှင့် Baja ကယ်လီဖိုးနီးယား ကျွန်းဆွယ် တဝိုက်မှာ နေထိုင်တတ်တယ်လို့ သိရပါတယ်။
လုံးဝမဲမှောင်နေတဲ့ သမုဒ္ဒရာအောက်ခြေအထက် ပေ ၂,၀၀၀ မှ ၂,၆၀၀ နှင့် ရေအောက် အနက် ၆၅၀ မှ ၃,၃၀၀ ပေ (၂၀၀ မှ ၁ ထောင် မီတာ) ကြားမှာရှိတဲ့ သမုဒ္ဒရာ ဆည်းဆာဇုန်လို့ သတ်မှတ်ထားတဲ့ နေရာအတွင်းမှာ နေထိုင်ကြပါတယ်။
အဆိုပါ ရုပ်သံကို ရိုက်ကူးစဉ်မှာ MBARI ရဲ့ ROV ယာဉ်ဟာ ပစိဖိတ် ကမ်းရိုးတန်းရှိ အနက်ရှိုင်းဆုံး ရေအောက်ချောက်ကြီးများထဲမှ တခုဖြစ်သည့် Monterey Submarine Canyon ၏ အနက် ၂,၁၃၂ ပေ (၆၅၀ မီတာ) လောက်တွင် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ငါးကို ပထမဆုံးတွေ့လိုက်ရတဲ့ အချိန်မှာ ၎င်းဟာ သေးငယ်ပေမယ့် barreleye ငါး မှန်း ကျွန်တော်တို့ သိနေခဲ့ပါတယ်။ ဒါဟာ မှားစရာမရှိပါဘူးလို့ အဖွဲ့ကဆိုပါတယ်။

အဖွဲ့ဟာ ၎င်းတို့ ကံကောင်းထောက်မစွာနှင့် ငါးကို ရှင်းလင်းပြတ်သားစွာ ဗီဒီယို ရိုက်ယူ နိုင်ခဲ့ပြီးနောက် အလွန်ကို ပျော်ရွှင်ကျေနပ်ခဲ့ကြပါတယ်။
ဒီလို ရှားပါးတဲ့ မြင်ကွင်းကို ရိုက်ယူနိုင်ခဲ့တဲ့အတွက် “ဒါဟာ တသက်မှာ တကြိမ်လောက်သာ ကြုံတွေ့ရနိုင်တယ်ဆိုတာ အားလုံး သိပြီးသားပါ” လို့ MBARI မှ Thomas Knowles ကို Live Science မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။