အလင်းရဲ့ 99.95% အထိ စုပ်ယူနိုင်သော ငါးမျိုးစိတ်များ

Nature Science

ဒီဂြိုလ်သားနဲ့တူတဲ့ သတ္တဝါတွေဟာ ပင်လယ်နက်ထဲမှာတောင် မမြင်တွေ့နိုင်သလောက်ကို ရှားပါးပါတယ်။

အဏ္ဏဝါဇီဝဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ၎င်းတို့ရဲ့အရေပြားကိုထိတဲ့ အလင်းရောင်ရဲ့ ၉၉ ရာခိုင်နှုန်းကျော်ကို စုပ်ယူနိုင်သော အလွန်မဲနက်တဲ့ ငါးမျိုးစိတ် ၁၆ မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို အခြား ပင်လယ် ရေနက်ပိုင်းတွေ မှာတောင် မမြင်​တွေ့နိုင်လောက်အောင် ရှားပါးပါတယ်။

Current Biology တွင် သုတေသီတွေဟာ ၎င်းတို့ရဲ့ တွေ့ရှိချက်များကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ထုတ်ဝေခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် Monterey ပင်လယ်အော်အနီး မီတာ ၂၀၀ ကျော်နက်တဲ့ ပိုက်ကွန်ကို ချပြီးနောက် အဆိုပါမျိုးစိတ်များကို ဖမ်းယူရရှိတယ် ဟုဆိုပါတယ်။

ထိုပင်လယ်အနက်ပိုင်းမှာတောင်မှ နေရောင်ခြည်ဟာ ဖြာကျနေပါတယ်။ ဒါဟာ ပင်လယ်ရေနက်ပိုင်းမျိုးစိတ်များစွာကို ဇီဝဖြာထွက်မှုမှတစ်ဆင့် မှောင်မဲတဲ့ ရေနက်ပိုင်းကို ထွန်းလင်းပေးနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

သို့ပေမဲ့ ပင်လယ်နက်ပိုင်းမှာနေတဲ့ ငါးတွေဟာ အဆိုပါ ဇီဝအလင်းဖြာထွက်မှုကို မကြိုက်ဖူးဆိုရင်ကော။

ဒါ့ကြောင့် ဇီဝအလင်းဖြာထွက်မှုကို ဆန့်ကျင်ဖို့ အချို့သော မျိုးစိတ်တွေဟာ အလင်းရောင်ကို စုပ်ယူရာတွင် အထူးကောင်း မွန်တဲ့ အနက်ရောင် အရေပြားကို ပြောင်းလဲ လာကြပါတယ်။

Photo: Courtesy of Karen Osborn/Smithsonian

တစ်ချို့​သောငှက်တွေ ၊ ပင့်ကူတွေ နှင့် လိပ်ပြာတွေ အပါအဝင် အခြားမျိုးစိတ်အနည်းငယ်သာ ဒီထူးဆန်းတဲ့ စရိုက်လက္ခဏာကို ပိုင်ဆိုင်ကြောင်း သိရှိထားကြတာပါ။

သုတေသီတွေဟာ ရေနက်ပိုင်း မျိုးစိတ်များကို ပထမဆုံး မြင်တွေ့တဲ့အခါ ၎င်းတို့ရဲ့ အရေပြားဟာ အလွ န်မဲနက် နေတာကို ချက်ချင်း သတိမထားမိကြပါဘူး။

စာတမ်းအသစ်တွင် တွဲဖက် ရေးသားသူ အဏ္ဏဝါဇီဝဗေဒပညာရှင် Karen Osborn က သူရိုက်ခဲ့တဲ့ ငါးပုံများနှင့် ပတ်သက်ပြီး ထူးဆန်းတဲ့ အရာတစ်ခုကို သတိပြုမိခဲ့ပါတယ်။

“အရင်က ရေနက်ပိုင်းငါးတွေရဲ့ ပုံတွေကို ရိုက်ဖို့ ကြိုးစားခဲ့ဖူးပြီး အသေးစိတ်ကို မမြင်နိုင်တော့တဲ့အထိ တကယ်ကြောက်စရာကောင်းတဲ့ ပုံတွေကလွဲလို့ ဘာမှ မရခဲ့ဘူး” ဟု Osborn က Wired သို့ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ အဆိုပါ ငါးတွေဆီကို သိပ္ပံ စမ်းသပ်မှုမှာသုံးတဲ့ မီးအလင်းတန်း နှစ်ခုကို ထွန်းလင်းပေးပြီး စမ်းသပ်ခဲ့ရာ အဲဒီအလင်းရောင်အားလုံး ပျောက်ကွယ်သွားဟာ ဘယ်လိုဖြစ်တာလဲ ဆိုပြီး ထူးဆန်းနေတယ် ဟုဆိုပါတယ်။

အဏုကြည့် မှန်ဘီလူးအောက်မှာ ငါးအရေခွံ နမူနာများကို စစ်ဆေးပြီးနောက် ငါးအရေခွံတွင် မယ်လနိုဆုန်း လို့ခေါ်တဲ့ organelles အလွှာတစ်ခုပါရှိတာကိုတွေ့ရှိခဲ့ရပြီး ၎င်းမှာ လူရဲ့အရေပြားနှင့် ဆံပင်ကို အရောင်ပေးတဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ မယ်လနင် ပါ၀င်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆိုပါ မယ်လနိုဆုန်းအလွှာဟာ ၎င်းတို့ကို ထိမှန်တဲ့ အလင်းအများစုကို စုပ်ယူနိုင်ပါတယ်။

Photo: Courtesy of Karen Osborn/Smithsonian

“ဒါပေမယ့် အလွှာရဲ့ ဘေးဘက်ကို ပြန့်ကျဲနေတဲ့ အလင်းကို မစုပ်ယူနိုင်ဘဲ ၎င်းနဲ့ နီးကပ်စွာရှိနေတဲ့ အလင်းကိုသာ စုပ်ယူပါတယ်” ဟု Osborn က Wired သို့ ပြောကြားခဲ့ပါတယ်။

“ဒါကြောင့် သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ နဲ့ အမဲလိုက်ဖို့ လုပ်ဆောင်ခဲ့တာက ရောင်ခြယ် အမှုန်အမွှားတွေနဲ့ အလင်းထောင်ချောက်ကို တည်ဆောက်ကာ အလွန်ထိရောက်ပြီး အလွန်သေးငယ်တဲ့ အရေပြားကို ဖန်တီးခဲ့တာဖြစ်တယ်” ဟု Osborn ကဆိုပါတယ်။

ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရေနက်မျိုးစိတ်များဖြစ်တဲ့ crested bigscale ၊ fangtooth နှင့် Pacific blackdragon များလို သူတို့အားလုံးဟာ ပင်လယ်နက်ပိုင်းမှာ နေထိုင် ဖြစ်ပေါ်လာတာပါ။

သို့သော်လည်း စိတ်ဝင်စားစရာကောင်းတာက မိမိကိုယ်ကို ကာကွယ်ဖို့ နဲ့ အမဲလိုက်ဖို့ ဒီထူးထူးခြားခြား ပျောက်ကွယ်နိုင်တဲ့ လှည့်ကွက်တွေဟာ ဘိုးဘေးမျိုးစိတ်တွေကနေ တိုက်ရိုက်ပြောင်းလဲလာတာ မဟုတ်ပါဘူး။

ဒါ့ကြောင့် မတူညီတဲ့ မျိုးစိတ်တွေဟာ မတူညီတဲ့ ရည်ရွယ်ချက်များအတွက် ၎င်းတို့ရဲ့ အလွန်မဲနက်တဲ့ အ​ရောင်ကို အသုံးပြုကြပါတယ်။

ဥပမာ အလွန်မဲနက်တဲ့ အရောင်ရှိတဲ့ threadfin dragonfish တွေဟာ အရွယ်မရောက်ခင် အကာအကွယ်ပေးနိုင်ဖို့ အနက်ရောင် အရောင်များ ရှိ​ကြပါတယ်။

Photo: Courtesy of David Csepp, NMFS/AKFSC/ABL

သားကောင်များကို အမဲလိုက်ဖို့ ဇီဝအလင်းဖြာထွက်မှုတွေကို အသုံးပြုတဲ့ oneirodes မျိုးစိတ်တွေရဲ့ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အလင်းရောင်ပြန်ဟက်မှုတွေကို ရှောင်ရှားဖို့ တခြားမျိုးစိတ်တွေဟာ အနက်ရောင်အရေပြားကို ဆင့်ကဲပြောင်းလဲလာကြတာကိုလည်း တွေ့ရပါတယ်။

C. acclinidens ကဲ့သို့သော မျိုးစိတ်တွေကလည်း ၎င်းတို့စားခဲ့တဲ့ ဇီဝအလင်းရောင်ငါးများရဲ့ အလင်းရောင်ကို ဖုံးကွယ်ဖို့အတွက် ၎င်းတို့ရဲ့ အသည်းတစ်ဝိုက်မှာဆိုရင် အလွန်မဲနက်တဲ့အရေပြားများ ရှိပါတယ်။

အသစ်ဖော်ပြထားတဲ့ ဒီမျိုးစိတ်တွေဟာ ကယ်လီဖိုးနီးယားကမ်းရိုးတန်းတွင် ရှာဖွေတွေ့ရှိခဲ့သော မျိုးနွယ်များသာဖြစ်ကြပြီး နက်ရှိုင်းတဲ့ သမုဒ္ဒရာထဲမှာ ကူးခတ်​နေတဲ့ နောက်ထပ်များစွာသော အလွန်မဲနက်တဲ့အ​ရေ​ပြားရှိတဲ့ ငါးများစွာလည်း ရှိနေနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 8/11/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *