ဒေါင်လိုက် အတက်အဆင်း ပြုလုပ် ပျံသန်းနိုင်မယ့် eVTOL လေယာဉ်တွေကို ထုတ်လုပ်ဖို့ လုပ်ဆောင်သည့် ဂျပန်ကုမ္ပဏီ တခုဖြစ်တဲ့ SkyDrive ဟာ Suzuki နှင့် ပူးပေါင်းတော့မယ်လို့ ကြေငြာခဲ့ပါတယ်။
၎င်းတို့ဟာ နှစ်ယောက်စီး အသေးစား လျှပ်စစ်စွမ်းအင်သုံးကားပျံ များကို အတူတကွ ထုတ်လုပ်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ် အိုဆာကာ ကမ္ဘာ့ ကားပြပွဲတွင် ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်။
SkyDrive ဟာ ဂျပန်နိုင်ငံတွင် ဒေါင်လိုက်အတက်အဆင်း ပြုလုပ် ပျံသန်းနိုင်တဲ့ eVTOL များ ထုတ်လုပ်ရာမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်လာဖွယ်ရှိပါတယ်။
၎င်း၏ မိခင် ကုမ္ပဏီဖြစ်တဲ့ Cartivator ကို Toyota ၏ ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ဖြင့် စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ် Nobuo Kishi ဟာ Mitsubishi လေယာဉ် ကော်ပိုရေးရှင်း၌ ထိပ်ပိုင်းနေရာတွင် အလုပ်လုပ်ခဲ့ဖူးပါတယ်။
အခုတော့ Suzuki ဟာ Skydrive နှင့်အတူ ပူးပေါင်းလာခဲ့ပြီး စီးပွားရေးနှင့် နည်းပညာ ကဏ္ဍများကို ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အဆိုပါပူးပေါင်း ဆောက်ရွက်မှုများတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ ထုတ်လုပ်ရေးများနှင့် နိုင်ငံခြား ဈေးကွက် ထိုးဖောက်ရေးများလည်း ပါဝင်ပါတယ်။
မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ATV လမ်းကြမ်းသုံးကားများ၊ အင်ဂျင်လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် Suzuki ဟာ ထင်ထားသည်ထက် ပိုကြီးသည့် ကုမ္ပဏီတခုဖြစ်ပြီး အစီးရေ ၃ သန်းလောက် တင်ပို့နိုင်ပြီး ၂၀၂၀ ခုနှစ်က ဝင်ငွေ ဒေါ်လာ ၂၉ ဘီလီယံလောက် ရှိပါတယ်။

ကားဈေးကွက်မှာပင် Suzuki ဟာ ကမ္ဘာ့အဆင့် ၁၁ အဖြစ် ၂၀၁၇ က ရပ်တည်နေခဲ့ပြီး ၂၀၁၄ မှာတော့ အဆင့် ၁၄ ရှိနေခဲ့ပါတယ်။
Suzuki ဟာ ၎င်း၏ လျှပ်စစ်စွမ်းအင်သုံး ကားတွေကို ၂၀၂၅ ခုနှစ်လောက်မှာတောင် ထုတ်လုပ်နိုင်ဖို့တော့ မလွယ်ကူနိုင်လောက်သေးပေမယ့် မကြာသေးမီက အိန္ဒိယမှာတော့ သဘောတူညီမှု တခု ရရှိခဲ့ပါတယ်။
ဒီအကြောင်းကို “ဆူဇူကီး လျှပ်စစ်စွမ်းအင်သုံး ကားတွေ တောင်အာရှတွင် ပိုမို တွေ့ရတော့မည့် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
SkyDrive နှင့် ကားပျံ ကဏ္ဍ
SkyDrive ဟာ ၎င်း၏ တယောက်မောင်း သေးငယ်သည့် multicopter အယူအဆ ဒီဇိုင်းကို ပျံသန်းပြပြီး ဖြစ်ပြီး Suzuki နှင့် ဘယ်လို လေယာဉ်မျိုးကို တွဲဖက် ထုတ်လုပ်မယ်ဆိုတာ မသိရသေးပါဘူး။

ယခုဆောင်းပါးတွင် ဖော်ပြထားသည့် ပုံတော်တော်များများကတော့ SkyDrive ၏ SD-XX အယူအဆ မော်ဒယ်များ ဖြစ်ပြီး ၂ ယောက်မောင်း လေယာဉ်များ ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်များတွင် ပန်ကာ ၈ ခု တပ်ဆင်ထားပြီး မောင်းနှင်ခန်းကို မှန်ဖြင့် ဖုံးအုပ်ထားကာ အလေးချိန် ၅၀၀ ကီလို ဂရမ်လောက်အထိ တင်ဆောင်နိုင်ပါတယ်။
အမြင့်ဆုံး မီတာ ၅၀၀ လောက်အထိ ပျံတက်နိုင်ကာ အမြန်နှုန်း တနာရီလျှင် ၆၂ မိုင်နှုန်းလောက်ဖြင့် မိနစ် ၂၀ မှ ၃၀ လောက်အထိ မရပ်မနား ပျံသန်းနိုင်ပါတယ်။
မြေပြင်တွင်လည်း ဘီး ၃ လုံးဖြင့် တနာရီလျှင် ၃၇ မိုင်နှုန်း အမြင့်ဆုံးဖြင့် မောင်းနှင်နိုင်ကြာ ၁၂ မိုင်မှ ၁၈ မိုင် အကွာအဝေးလောက်အထိ သွားနိုင်အောင် လုပ်ဆောင်နေသဖြင့် ကားပျံလို့ ခေါ်ဆိုနိုင်ပါတယ်။

ဒီလို ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး မြေပြင်ရော ဝေဟင်ပါ သွားလာနိုင်မယ့် ကားပျံကို ဖန်တီးတာဟာ ကုန်ကျစရိတ်တော့ အ တော်လေး ကြီးမားမှာပါ။
အောင်မြင်လာရင်လည်း စီးပွားဖြစ် တက္ကစီ ကားပျံများ ဖြစ်လာမယ့်အစား ကိုယ်ပိုင် ကားပျံများ ဖြစ်လာနိုင်ဖွယ် ရှိနေပါ တယ်။
လာမယ့် သုံးနှစ်အတွင်းမှာ SkyDrive နှင့် Suzuki ဟာ တကယ်ပဲ ကားပျံတွေ အဆင်သင့် ဖြစ်အောင် ဖန်တီးနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။