တာဝန် ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်လာတဲ့ USS Gerald R. Ford လေယာဉ်တင်သင်္ဘောကြီး အကြောင်း

Knowledge Military

Ford အတန်းအစား လေယာဉ်တင် သင်္ဘောများဟာ သက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောကြီးများကို အစားထိုးသွားဖို့ တည်ဆောက်နေတာပါ။

၁၄ နှစ်လောက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များနှင့် နှောင့်နှေးမှုများ အပြီးမှာတော့ ကမ္ဘာ့ကုန်ကျစရိတ် အများဆုံးနှင့် ပြဿနာ မကြာခဏဖြစ်တတ်တဲ့ မျိုးဆက်သစ် လေယာဉ်တင်သင်္ဘောကြီး USS Gerald R. Ford (CVN-78) ဟာ တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်လာပါပြီ။

အဆိုပါ လေယာဉ်တင်သင်္ဘောအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃.၃ ဘီလီယံလောက် ကုန်ကျခဲ့ပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းက အမေရိကန် ရေတပ်မှ ခွင့်ပြုပေးခဲ့ပါတယ်။

အစောပိုင်းက ၂၀၁၇ လောက်မှာ စတင် တာဝန် ထမ်းဆောင်နိုင်မယ့်လို့ မျှော်လင့်ခဲ့ကြတာပါ။

ပုံမှန် လေယာဉ်တင်သင်္ဘောများဟာ တည်ဆောက်ချိန် ၅ နှစ်လောက်သာ လိုအပ်သည့်အတွက် လေယာဉ်တင်သင်္ဘောသစ်ကို တည်ဆောက်ချိန် ၈ နှစ်လောက်မှာ ပြီးဆုံးမယ်လို့ တွက်ဆခဲ့ပုံရပါတယ်။

Full Ship Shock Trials (FSST)

သို့ပေမဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခက်အခဲများ နှင့် လုံခြုံစိတ်ချရမှုအတွက် အဆင်သင့် မဖြစ်နိုင်သေးသည့် အတွက် နောက်ထပ် ၅ နှစ်လောက် ကြာမြင့်ခဲ့ပြန်ပါတယ်။

ဒါဟာလည်း နည်းပညာသစ်များကို ထည့်သွင်းထားသည့်အတွက် စမ်းသပ်မှုများ လုံလုံလောက်လောက် လုပ်ရန် လိုအပ်ခြင်းနှင့် ကပ်ရောဂါ ကာလဖြတ်သန်းခြင်းတို့နှင့်လည်း သက်ဆိုင်ပါတယ်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ Full Ship Shock Trials (FSST) လို့ခေါ်တဲ့ တုန်ခါမှု ဒဏ် ခံနိုင်ရည်စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒီအကြောင်းကို “Ford အတန်းအစား လေယာဉ်တင် သင်္ဘောကြီး၏ တုန်ခါမှု ခံနိုင်ရည်အတွက် တတိယမြောက် ဖောက်ခွဲ စမ်းသပ်မှု အောင်မြင်” ခေါင်းစဉ်နှင့် ဖော်ပြပေးခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ Planned Incremental Availability လို့ခေါ်တဲ့ ၆ လကြာ ရေလုံလွန်းကျင်းတွင် ပြင်ဆင်မှုများ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

အရှိန်ဖြင့် ကွေ့ကာ စမ်းသပ်မှု ပြုလုပ်နေစဉ်

ထိုကာလအတွင်း စမ်းသပ်မှုမှ ဖြစ်ပေါ်နိုင်တဲ့ ထိခိုက်မှုများကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့တာပါ။

ထို့နောက် လေယာဉ်တင်သင်္ဘောအား အသုံးပြုဖို့ အဆင်သင့်ရှိမှု အား စမ်းသပ်သည့် Post Shakedown Availability (P SA) စမ်းသပ်မှုတွင် လိုအပ်ချက်များနှင့် ကိုက်ညီတာကို တွေ့ရှိခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လေယာဉ်တင်သင်္ဘောဟာ တာဝန်ထမ်းဆောင်နိုင်ပြီ ဖြစ်ပြီး ရေတပ်သို့ အရောက်မှာ နောက်ထပ် post-delivery test and trials (PDT&T) လို့ခေါ်တဲ့ စမ်းသပ်မှုတွေ ထပ်မံ ပြုလုပ်ဦးမှာပါ။

ဒီစမ်းသပ် လေ့ကျင့်မှုများကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေသည့်တိုင် ပြီးဆုံးအောင် ဆက်လက် ဆောင်ရွက်သွားမယ်လို့ USNI News အရသိရ ပါတယ်။

၂၀၂၁ ခုနှစ်က Full Ship Shock Trials (FSST) စမ်းသပ်မှု နောက်တွင် PDT&T စမ်းသပ်မှုဟာ ၁၀ လ အတွင်း ပြီးစီးလိမ့်မယ်လို့ ခန်မှန်းထားပါတယ်။

Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောကြီးများကို အစားထိုးဖို့ တည်ဆောက်နေတဲ့ Ford အတန်းအစား လေယာဉ်တင် သင်္ဘောများတွင် အဆင့်မြင့် Dual-Band ရေဒါများ၊

လျှပ်စစ် သံလိုက်စွမ်းအင်သုံး လေယာဉ် ပစ်လွှတ်စနစ်များ၊ လက်နက်များ အတင်အချ ပြုလုပ်နိုင်သည့် ဓာတ်လှေကားသစ်များ၊ ဆင်းသက်လာသည့် လေယာဉ်များအား ပြန်လည် ဖမ်းယူသည့် စနစ်သစ်များအပါအဝင် နည်းပညာသစ် အမြောက်အများ ထည့်သွင်းထားပါတယ်။

ကံမကောင်းတာက နည်းပညာသစ်များ အသုံးပြုထားသည့် ပစ္စည်းတော်တော်များများက နည်းပညာပိုင်းဆိုင်ရာ ပြဿနာ ကြီးကြီးမားမားတွေ ရှိခဲ့တာပါ။

အထူးသဖြင့် လေယာဉ် ပစ်လွှတ်စနစ် အသစ်၊ သင်္ဘော အင်ဂျင် နှင့်အတူ လေယာဉ်အတွက် ဗုံးများ၊ ဒုံးကျည်များကို အတင် အချလုပ်ပေးသည့် ဓာတ်လှေကား advanced weapons elevators (AWE) တို့တွင် ပြဿနာများ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် အဲဒီ့ ပြဿနာတွေကို အလုံးစုံ ဖြေရှင်းနိုင်ဖို့အတွက် နောက်ထပ် အချိန် ၅ နှစ်လောက် ပေးခဲ့ရပါတယ်။

Congressional Research Service အဆိုအရ USS Ford တွင် F/A-18E Super Hornets နှင့် F-35 တိုက်လေယာဉ် ၄၀ မှ ၅၀ ခန့်၊ EA-18G Growler အီလက်ထရွန်းနစ် စစ်ပွဲသုံးတိုက်လေယာဉ် ၅ စင်း၊

MH-60 Seahawk ရဟတ်ယာဉ် ၁၉ စင်း၊ E-2D Hawkeye ဝေဟင် ကြိုတင်သတိပေး လေယာဉ် ၄ စင်း နှင့် MV-22B Osprey ကုန်သယ်လေယာဉ် ၂ စင်းတို့ တင်ဆောင်နိုင်မှာပါ။

သင်္ဘောတည်ဆောက်မှုတွင် ကုန်ကျခဲ့သည့် ဒေါ်လာ ၁၃.၃ ဘီလီယံတွင် သင်္ဘောအတွက် အကာအကွယ်များ နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မပါဝင်သေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.