ကျွန်တော်တို့ ကမ္ဘာကြီးဟာ စကြဝဠာ ထဲမှာ တခုထဲသော သက်ရှိတွေရှိတဲ့ ဂြိုဟ်တခု မဟုတ်တာတော့ သေချာပါတယ်။
အဲဒီ့အတွက်လည်း မှန်းဆမှု၊ တွက်ချက်မှု နှင့် သီအိုရီများစွာ ရှိပြီး မကြာသေးမီကပင် သုတေသီများက စကြဝဠာ တနေရာရာတွင် လူနှင့်တူသည့် ဂြိုဟ်သားများတောင် ရှိနိုင်တယ်ဆိုတာ ရှင်းပြခဲ့သေးပါတယ်။
ဒီအကြောင်းကို “လူသားများကဲ့သို့ စကြဝဠာအတွင်းတွင် အခြား လူသားများ ရှိနိုင်တယ်လို့ ဆိုတဲ့ သုတေသီများ၏ သီအိုရီ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သေးပါတယ်။
အခုကတော့ လူသားများ နေထိုင်နိုင်တဲ့ ဂြိုဟ်အကြောင်း မဟုတ်ပေမယ့် ကမ္ဘာကဲ့သို လေထုအလွှာများ ပါဝင်တဲ့ ဂြိုဟ်တလုံး အကြောင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့လေထုဟာ မတူညီတဲ့ အလွှာ ၅ လွှာဖြင့် ဖွဲ့စည်းထားတယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။
အခြားတဘက်မှာတော့ နေအဖွဲ့အစည်း အပြင်မှ exoplanet များ လေ့လာရာမှာ ကမ္ဘာကြီးမှာကဲ့သို့ ၅ လွှာလို့ မသတ်မှတ်တော့ဘဲ အလွှာတခုအနေဖြင့် တသမတ်ထဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မကြာသေးမီက Lund တက္ကသိုလ်မှ သုတေသီများ ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ WASP-189b လို့ခေါ်တဲ့ ဂြိုဟ်တလုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထူးခြားတာကတော့ အဲဒီ့ ဂြိုဟ်တွင် ကမ္ဘာ ကဲ့သို့ပင် အလွှာပေါင်းများစွာ ပါဝင်တဲ့ လေထုကို ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။
WASP-189b
ဒီဂြိုဟ်ကို ၂၀၂၀ ခုနှစ်က CHEOPS ဂြိုဟ်တုဖြင့် ပထမဆုံး တွေ့ရှိ လေ့လာခဲ့တာ ဖြစ်ပြီး ၎င်းဟာ ကမ္ဘာမှ အလင်းနှစ် ၃၂၂ နှစ် အကွာအဝေးမှာ တည်ရှိတာ ဖြစ်ပါတယ်။
WASP-189b ဟာ ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ၎င်းလှည့်ပတ်နေသည့် နေထက် အဆပေါင်း ၂၀ လောက် ပိုမို နီးကပ်စွာ လှည့် ပတ်နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ၎င်းဟာ အလွန်ပူပြင်းတဲ့ ဂြိုဟ်တခု ဖြစ်ကာ နေ့အချိန်တွင် ၃,၂၀၀ ဒီဂရီ ဆဲစီးယပ်လောက်အထိ ရှိတဲ့အတွက် တွေ့ရှိသမျှထဲမှာ အနေအထား အပြင်းထန်ဆုံး Extreme exoplanet တခု အဖြစ် သတ်မှတ်ထားပါတယ်။
မကြာသေးမီက Nature Astronomy ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုအရ အဆိုပါ ဂြိုဟ်ဟာ အလွှာမျိုးစုံပါဝင်ပြီး ၎င်းတွင် နေမှ အလင်းရောင်များကို စုပ်ယူနိုင်တဲ့ ဓာတ်ငွေ့များ ပါဝင်ကြောင်း တွေ့ရှိခဲ့တာပါ။
ဓာတ်ငွေ့များထဲတွင် သံ၊ တိုင်တေနီယမ်၊ ခရိုမီယမ်၊ မဂ္ဂနီဆီယမ်၊ ဗနေဒီယမ် နှင့် မဂ္ဂနိစ် ကဲ့သို့ သတ္တု အငွေ့များ ပါဝင်ပေမယ့် လုပ်ဆောင်ပုံကတော့ ကမ္ဘာ့ အိုဇုန်းလွှာနှင့် ဆင်တူနေပါတယ်။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကမ္ဘာပေါ်မှာ တွေ့ရခဲသည့် တိုက်တေနီယမ် အောက်ဆိုက်ဒ်များကို အဆိုပါ လေထုထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်တေနီယမ် အောက်ဆိုက်ဒ်ဟာ ခရမ်းလွန် ရောင်ခြည်ကဲ့သို့ လှိုင်းတို ဓာတ်ရောင်ခြည် ဖြာထွက်ခြင်း များကို စုပ်ယူနိုင်ပါတယ်။

လေ့လာမှုအရ ဒီဂြိုဟ်၏ လေထုဟာ ဓာတုဗေဒအရ အလွှာများဟာ တသားထဲ ဖြစ်မနေဘဲ မတူညီတဲ့ ဓာတုပစ္စည်းတွေအကြား မတူညီတဲ့ သက်ရောက်မှုတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီလို သိရှိ နိုင်ဖို့ သုတေသီများဟာ တိကျနှုန်း မြင့်မားတဲ့ High Accuracy Radial Velocity Planet Searcher (HARPS) ဂြိုဟ်များ ရှာဖွေသည့် စနစ်ဖြင့် ၂၀၁၉ ခုနှစ်က တွေ့ရှိခဲ့တာပါ။
ဒီလို တွေ့ရှိမှုကြောင့် သုတေသီများဟာ အနာဂါတ်မှာ ဝေးကွာလှတဲ့ နေအဖွဲ့အစည်း အပြင်မှ ဂြိုဟ်များ၏ လေထုအတွင်း ရှိ ဓာတုဖွဲ့စည်းပုံများကို ပိုမို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။