Foxconn ဟု လူသိများတဲ့ Apple ၏ ယုံကြည်ရတဲ့ iPhone များ ထုတ်လုပ်ပေးသည့် Hon Hai Technology Group ဟာ လျှပ်စစ် စွမ်းအင်သုံး ကား ထုတ်ရေး လောကထဲသို့ ဝင်ရောက်လာပြီ ဖြစ်ပြီး မျိုးဆက်သစ် မော်တော်ယာဉ် ထုတ်လုပ်သူ ဖြစ်လာရန် ရည်မှန်းထားပါတယ်။
ကုမ္ပဏီ တည်ထောင်သူဖြစ်တဲ့ Terry Gou ၏ မွေးနေ့တွင် ပြုလုပ်သည့် တိုက်ရိုက်ထုတ်လွှင့်ပွဲတခုမှာ Foxconn ဟာ လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကား အပါအဝင် လျှပ်စစ် စွမ်းအင်သုံး ကားအမျိုးအစား ၃ မျိုးကို ထုတ်ဖော် ပြသခဲ့ပါတယ်။
သတင်း ထုတ်ပြန်မှုများအရ Hon Hai Group ဟာ ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်တဲ့ Yulon Motors နှင့် ပြီးခဲ့သည့် နှစ်က ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ့အချိန်မှ စပြီး Foxtron ဟု အမည်ပေး ထားသည့် ဖက်စပ် လုပ်ငန်းမှ ၎င်း၏ ထောက်ပံ့ရေး ကွင်းဆက်နှင့် ဖြန့်ဖြူးရေး ကွန်ယက် အ တွက် လုပ်ဆောင်ခဲ့ပြီး ယခုအခါ ၁၄၈ မိုင်အထိ ဆက်တိုက် မောင်းနှင်နိုင်မည့် ဘတ်စ်ကားနှင့် မိုင် ၄၀၀ လောက်အထိ မောင်းနှင်နိုင်မယ့် SUV နှင့် ဆီဒင် ကားများကို ပြသလိုက်ပါပြီ။
SUV
SUV သို့မဟုတ် Model C ဟာ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို အနည်းဆုံး ဖြစ်အောင် နှင့် ထိုင်ခုံနေရာများကို ပိုမို ရရှိနိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

လူ ၇ ယောက်အထိ လိုက်ပါစီးနင်းနိုင်မယ့် ၁၅ ပေ အရှည်ရှိ ဒီကားဟာ တနာရီ ၆၂ မိုင် အမြန်နှုန်း ကို ၃.၈ စက္ကန့်အတွင်း အရှိန်တင်နိုင်ပါတယ်။
ကုမ္ပဏီ၏ အဆိုအရ ဒီ SUV ကားဟာ ရုပ်ကြွင်းလောင်စာသုံး ကားများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် ပိုမို မြင့်မားမယ်လို့ သိရပါတယ်။
ကား၏ အတွင်းပိုင်းတွင် Tesla ကုမ္ပဏီမှ အသုံးပြုသည့် open-source လျှပ်စစ်နည်းပညာကို အသုံးပြုထားပြီး ယာဉ် အစိတ်အပိုင်းများကို အတတ်နိုင်ဆုံး အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
Sedan
Model E ကတော့ ဇိမ်ခံ ဆီဒင်ကားတစီးဖြစ်ပြီး အီတလီဒီဇိုင်း ကုမ္ပဏီ တခုဖြစ်တဲ့ Pininfariana နှင့် ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အလယ်အလတ်မှ high-end ဝယ်ယူသူများအတွက် ဒီဇိုင်းဆွဲထားတဲ့ ဒီ လျှပ်စစ် စွမ်းအင်သုံးကားဟာ မြင်းကောင်ရေ ၇၅၀ အထိ ထုတ် ပေး နိုင်ကာ တနာရီ ၆၂ မိုင် အမြန်နှုန်းကို ၂.၈ စက္ကန့်အတွင်း ရောက်ရှိအောင် အရှိန်တင် နိုင်ပါတယ်။
Model C ကဲ့သို့ ဒီ Model E ဆီဒင်ကားဟာ တခါ အားသွင်းရုံနှင့် အများဆုံး ၄၆၆ မိုင်အထိ ဆက်တိုက် မောင်းနှင်နိုင်ပါတယ်။
Bus
Model T လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားဟာ စတိုင်ကျသည့် မြို့ပြပုံစံ ဒီဇိုင်းတခု ဖြစ်ရုံသာမက ၎င်း၏ တောင့်တင်းတဲ့ ဒီဇိုင်းဟာ ဖယ်ဒရယ် သယ်ယူပို့ဆောင်ရေး အာဏာပိုင်ရုံး FTA ၏ စံနှုန်းများနှင့် ကိုက်ညီတယ်လို့ သိရပါတယ်။
ဒီ ဘတ်စ်ကားတွင် တပ်ဆင်ထားတဲ့ ဘတ္တရီဟာ ၂၀၄ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပြီး ဘတ်စ်ကားဟာ တနာရီလျှင် ၇၅ မိုင် (၁၂၀ ကီ လိုမီတာ) အမြန်နှုန်းဖြင့် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒီဘတ်စ်ကားဟာ ဟာ အားတခါ သွင်းရုံနှင့် အများဆုံး ၁၄၈ မိုင်အထိ ဆက်တိုက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Yulon Group ၏ CMC နှင့် Luxgen အမှတ်တံဆိပ်များဟာ Foxtron ဖက်စပ် ကုမ္ပဏီ အတိုင်း ပထမဆုံး လက်ခံကျင့်ဆုံးမည့် အမှတ် တံ ဆိပ်များ ဖြစ်လာမှာပါ။
လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဒီ ဖက်စပ် ကုမ္ပဏီဟာ စမတ် ကားဦးခန်းနှင့် စမတ် ယာဉ်မောင်းစနစ်တို့ အတွက် ပိုမို ပြည်စုံတဲ့ ဆော့ဖ်ဝဲလ်များ ကို ဖန်တီးဖို့ ရှိနေပါတယ်။
လျှပ်စစ်စွမ်းအင်သုံး ကားများကို အကြီးမားဆုံးနှင့် ဈေးအကြီးဆုံး စမတ် အီလက်ထရောနစ် ပစ္စည်းများလို့ ခေါ်ဆိုတဲ့ Foxconn ဟာ ၎င်း ၏ semiconductor များ ထုတ်လုပ်သည့် နေရာတွင် ကျွမ်းကျင်မှုများမှ ထိုင်ဝမ်ဒေါ်လာ ၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ) လောက် ရှိမယ့် အခွင့်အလမ်းအဖြစ် ပြောင်းလဲ ပေးခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။