လူ၏ အခြေအနေကို စောင့်ကြည့်နိုင်မည့် အလိုအလျှောက် ယာဉ်မောင်းစနစ်၏ ဥာဏ်ရည်တု

Innovation Tech

အလိုအလျှောက် မောင်းနှင်ပေးမည့် ကားများဟာ လုံခြုံစိတ်ချရမှုနှင့် စမတ်ကျတဲ့ ရွေ့လျားမှုများကို မြှင့်တင်နိုင်ခြင်းအားဖြင့် အနာဂါတ် သယ်ယူပို့ဆောင်ရေး စနစ်များကို ပုံဖော်နေပါတယ်။

သို့ပေမယ့် လက်ရှိ ပထမဆုံး ထုတ်လုပ်ထားတဲ့ အလိုအလျှောက် မောင်းနှင်သည့် စနစ်များမှာ ယာဉ်မောင်း၏ လက်ဖြင့် မကြာခဏ ထိန်း ချုပ်မှုကို လိုအပ်ကောင်း လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

အခုတော့ ဂျာမဏီနိုင်ငံ Fraunhofer Institute for Optronics, System Technologies, and Image Exploitation ကျောင်းမှ သုတေသီများမှ AI ဥာဏ်ရည်တု တခုကို တီထွင်လိုက်ပြီး ၎င်းဟာ ယာဉ်မောင်းဘာလုပ်နေလဲ ဆိုတာကို စောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။

ဥာဏ်ရည်တု စနစ်ဟာ ကင်မရာ အချက်အလက်များကို အချိန်နှင့် တပြေးညီ သုံးသပ်နေပြီး ယာဉ်မောင်းဟာ ကလေးများနှင့် ကစားနေလား၊ ဖုန်းပြောနေလား သို့မဟုတ် ကားပေါ်ရှိ တခြားသူ၏ ဖုန်းကို ကြည့်နေသလား ဆိုတာကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ ကားအတွင်း တပ်ဆင်ထားသည့် ကင်မရာများကို အသုံးပြုပြီး အလုပ်လုပ်နိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

စနစ်ဟာ သာမန်ကင်မရာနှင့် အနီအောက်ရောက်ခြည်သုံး ကင်မရာ နှစ်မျိုးလုံးဖြင့် အလုပ်လုပ်နိုင်ပြီး အမှောင်ထဲတွင် မြင်နိုင်ကာ အရာဝတ္ထုများနှင့် ကင်မရာကြား အကွာအဝေးကို သိရှိနိုင်ရန် 3D ကင်မရာများနှင့်ပါ အလုပ်လုပ်နိုင်ပါတယ်။

အရာဝတ္ထုများနှင့် လူများကို ခွဲခြားနိုင်ပြီး Laptop အသုံးပြုနေသည်ကို သိရှိနေသည့်အပြင် ပြီးနိုင်မည့်အချိန်ပါ တွက်ချက်ပေးနေပုံ

တပ်ဆင်ထားသည့် ကွန်ပျူတာမှတဆင့် ကင်မရာမှ အချက်အလက်များကို အချိန်နှင့် တပြေးညီ သုံးသပ်ပြီး ယာဉ်မောင်းနဲ့ အနေအထား၊ ကားပေါ်ရှိ တခြားသူများ၏ အနေအထားများကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ယာဉ်မောင်းမှ ထိန်းချုပ်ဖို့ လိုအပ်လာပါက စနစ်မှ သတိပေးမှာ ဖြစ်ပြီး ယာဉ်မောင်း အဆင်သင့် ဖြစ်နေ မဖြစ်နေ ဆိုတာကိုပါ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ ယာဉ်မောင်းဟာ အဆင်သင့် ဖြစ်မနေပါက စနစ်ဟာ လက်ရှိ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး လမ်းကို ပြန်အာရုံစိုက်ဖို့ အချိန် ဘယ်လောက်ကြာကြာ လိုမလဲဆိုတာကို တွက်ချက်ပေးပါတယ်။

ဒါ့ကြောင့် ဥာဏ်ရည်တုဟာ ယာဉ်မောင်း၏ အဆင်သင့် ဖြစ်နိုင်သည့် အခြေအနေကို အပြည့်အဝေ စောင့်ဆိုင်းနေပြီး အဆင်သင့် ဖြစ်မှသာ အလိုအလျှောက် မောင်းနှင်စနစ်ကို ပိတ်စေမှာ ဖြစ်ပါတယ်။

ဥာဏ်ရည်တု စနစ်ဟာ ယာဉ်မောင်းသူ သို့မဟုတ် ခရီးသည်၏ ပုံရိပ်များကို ဒစ်ဂျစ်တယ် အရိုးစုပုံစံ ပုံဖော်ပြီး လှုပ်ရှားမှု များနှင့် နောက် ဆက် တွဲ အရာဝတ္ထုခွဲခြားခြင်းများကို လုပ်ဆောင်တာ ဖြစ်ပါတယ်။

ယာဉ်မောင်းသူအား စောင့်ကြည့်သည့် စနစ်ဟာ အလိုအလျှောက် မောင်းနှင်စနစ်ပါဝင်သည့် ကားများ (အပြည့်အဝ အလိုအလျှောက် ဖြစ်စေ၊ တစိတ်တပိုင်း အလိုအလျှောက် ဖြစ်စေ)တွင် မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါတယ်။

Fraunhofer IOSB နည်းပညာကို အသုံးပြုခြင်းအားဖြင့် မော်တော်ယာဉ် ထုတ်လုပ်သူများဟာ ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အလိုအလျှောက် မောင်းနှင်မှုနှင့် ပတ်သက်ပြီး လက်တွေ့ကျသည့် အမြင်များကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဟန် အနေအထားခွဲခြားနိုင်ခြင်းနှင့် လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ခြင်းတို့ တွဲဖက် အသုံးပြုတဲ့အခါမှာ အဆိုပါ စနစ်ဟာ ယာဉ်မောင်း ညွှန်ပြသည့် ကားပါကင် နေရာကိုတောင် ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *