ပြင်သစ်မှ အမေရိကန်လုပ် MQ-9 မောင်းသူမဲ့လေယာဉ်များ ထပ်မံမှာယူ

News

မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ General Atomics Aeronautical Systems Inc (GA-ASI) မှ MQ-9 Reaper Block 5 မောင်းသူမဲ့လေယာဉ်များကို ပြင်သစ်နိုင်ငံမှ ထပ်မံ ဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဝယ်ယူမှုကို အမေရိကန် ကာကွယ်ရေးဌာန (Department of Defense DoD) မှ ဇူလိုင်လ ၁ ရက်နေ့မှာ နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ရောင်းချမှု မှာ ကြေငြာခဲ့တာပါ။

အမေရိကန် ဒေါ်လာ ၇၉.၄၂ သန်း တန်ဖိုးရှိတဲ့ ပြင်သစ်ရဲ့ ဝယ်ယူမှုဟာ ဇွန်လ ၂၈ ရက်နေ့က MQ-9 Block 5 များ ဝယ်ယူ ပြီး ၂ ရက်အကြာမှာ ၎င်း တန်ဖိုးအတိုင်း နောက်ထပ် ထပ်မံ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

ဒီစာချုပ် ၂ ခုစလုံးဟာ ၂၀၂၄ မတ်လ ၂၉ ရက်နေ့ အထိ အသက်ဝင်မှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံတွင် လက်ရှိ MQ-9 Reaper Block 1 ၆ စီး နှင့် Block 5 ၆ စီးတို့ တာဝန် ထမ်းဆောင်လျှက်ရှိပြီး ယခု မှာယူမှုအပြီးမှာ ပြင်သစ်တွင် နောက်ထပ် MQ-9 မောင်းသူမဲ့လေယာဉ် ၁၂ စီးပါဝင်သည့် အုပ်တစ်အုပ် ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ဒီ Block 5 မောင်းသူမဲ့လေယာဉ်တွေမှာ GBU-12 Paveway တိကျလမ်းညွှန်စနစ်သုံး ဗုံးများ နှင့် ဝေဟင်မှ မြေပြင်ပစ် AGM-114 Hellfire ဒုံးကျည်များကို တင်ဆောင်စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီလက်ထရောနစ် ထောက်လှမ်းရေးစနစ်များကိုလည်း ချိတ်ဆွဲပြီး ထောက်လှမ်းရေး တာဝန်များကို ထမ်းဆောင်နိုင်မှာပါ။

အမေရိကန် ကာကွယ်ရေးဌာနမှ GA-ASI ကို MQ-9 များ အနာဂါတ် ပြည်တွင်းနှင့် နိုင်ငံတကာ ထုတ်လုပ်မှု အတွက် အမေရိကန် ဒေါ်လာ ၇.၄ ဘီလီယံ ပေးအပ်ပြီးနောက် ၉ လအကြာတွင် ပြင်သစ်မှ ဒီ Block 5 မောင်းသူမဲ့လေယာဉ်တွေကို ထပ်မံ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပေးအပ်မှုကို အမေရိကန် လေတပ်၏ သက်တမ်းစီမံခန့်ခွဲမှု စင်တာ (Air Force Life Cycle Management) မှ စက်တင်ဘာလ ၂၀၂၀ ခုနှစ် တွင်

“MQ-9 Reaper များကို စစ်မြေပြင်တွင် ပိုမို လျှင်မြန်စွာ ချထားနိုင်ရန်နှင့် လေယာဉ်အတွက် လုပ်ငန်း လည်ပတ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန်”

ဆိုသည့် Agile Reaper Enterprise Solution (ARES) အစီအစဉ်အရ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အမေရိကန်တွင် MQ-9 Reaper ပေါင်း ၂၇၅ စင်းလောက် တာဝန် ထမ်းဆောင်နေပြီး ပြင်သစ်၊ နယ်သာလန်၊ စပိန်နှင့် အင်္ဂလန် နိုင်ငံများကလည်း အသုံးပြုနေကြပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *