ဗုဒ္ဓဝင်နှင့်ရှေးဟောင်း နိပါတ် ပုံပြင်များ၌ ကြားဖူးသော ဂင်္ဂါမြစ် အကြောင်း

Knowledge

ဗုဒ္ဓဝင် နှင့် ရှေးဟောင်း နိပါတ် ပုံပြင်များ၌ ကျွန်ုပ်တို့ကြားဖူးနေသော ဂင်္ဂါမြစ်ဟာဆို ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း (၁၀,၄၀၀) ကျော်မြင့်မား သော ဟိမဝန္တာ တောင်တန်းများရှိ ရေခဲဂူကြီးတစ်ခုအတွင်းမှ စတင်မြစ်ဖျားခံပြီး တောတောင် အထပ်ထပ်ကို ကျော်လွန်ကာ အိန္ဒိယပြည်၏ ကျယ်ပြန့်သော လွင်ပြင်ကြီးများကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစ်စင်းပဲဖြစ်ပါတယ်။

မြစ်လက်တက်များ ပေါင်းစပ်စီးဝင်ခြင်းမပြုမီ ဂင်္ဂါမြစ်ကြောင်းမှာ ရေအလွန်တိမ်၍ သင်္ဘောကြီးများ ဆန်တက်သွားလာခြင်း မပြုနိုင်ပါဘူး။ နုန်းမြေ လွင်ပြင်တလျှောက် စီးဆင်းခဲ့ရသဖြင့် မြစ်ကြောင်းမှာ အလွန်ကွေ့ကောက်ပြီးလျှင် မြစ်ရေမှာ ကြည်လင်ခြင်းမရှိသလို ရေစီးလည်း အလွန်နှေးပါတယ်။ဂင်္ဂါမြစ် လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ ယမုံနာမြစ် လက်တက်ကြီး စီးဝင်နေပြီး ထို မြစ်နှစ်သွယ်အကြားရှိ ဒိုအပ်မြေ ခေါ် စပ်ကြားလွင်ပြင်ဟာ ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် မြေဩဇာ အကောင်းဆုံး ဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတစ်ခုလဲ ဖြစ်ပါတယ်။

ဂင်္ဂါမြစ်ကမ်းတွင် ဗာရာဏသီမြို့၊ ပါတလိပုတ် ဟု အမည်တွင်ခဲ့သော ပတ္တနာမြို့နှင့် ကွန်ပိုမြို့ကြီးများရှိပါတယ် ။ ဂင်္ဂါမြစ် အတွင်းသို့ ဂုမ္မတီ၊ ဂေါ့ဂရာ၊ ဂန်ဒတ် မြစ်လက်တက်များ စီးဝင်ကြပါတယ်။ လွင်ပြင်ကြီး တလျှောက် အရှေ့တောင်ယွန်းယွန်းသို့ တဖြည်းဖြည်း စီးဆင်းခဲ့ရာ ကာလကတ္တားမြို့မှ အထက်မိုင် (၂၀၀) ခန့်ဝေးသည့် နေရာတွင် မြစ်ညှာ မှ နုန်းမြေများစွာ သယ်ယူခဲ့သော ဗြဟ္မပုတ္တရမြစ် နှင့် ပေါင်းဆုံပါတယ်။ ထိုအခါ ကျယ်ပြန့်သောမြစ်ဝ ကျွန်းပေါ် ဒေသများ ဖြစ်ထွန်းစေလျက် ဘင်္ဂလား ပင်လယ်အော်ထဲသို့ မြစ်ကြောင်း များစွာ ခွဲပြီးလျှင် စီးဝင်လေပါတယ် ။ ဟူဂလီမြစ်ရေမှာ ရေကြောင်း အလွန်နက်သဖြင့် ပင်လယ်မှ မိုင် (၈၀) ဝေးသော ကာလကတ္တားမြို့ တိုင်အောင် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်နိုင်ပါတယ်။မြစ်ဝကျွန်းပေါ် ဒေသများတွင် ရွှံ့ညွန် လတာပြင်ကြီးများ နှင့် ကိုင်းတောကြီးများ ရှိခြင်းကြောင့် သားရဲ တိရစ္ဆာန်များ၊ ကျားများနှင့် မိကျောင်းများ အထူး ပေါများတယ်လို့ဆိုပါတယ်။

အယူဝါဒရေးအားဖြင့် ဂင်္ဂါမြစ်သည် ဟိန္ဒူလူမျိုးများအတွက် အထွတ်အမြတ် ထားသော မြစ်ဖြစ်ပါတယ်။ ဂင်္ဂါမြစ်ရေကို ချိုးခြင်းဖြင့် မကောင်းမှုမှ စင်ကြယ်စေသည်ဟု ယူဆကြသည့်အပြင် ဟိန္ဒူလူမျိုးများ ကွယ်လွန်လျှင် ၎င်းတို့၏ အရိုးပြာကို ဂင်္ဂါမြစ်ထဲသို့ စွန့်ပစ်နိုင်ပါက ကောင်းမွန်ရာသို့ ဧကန် ရောက်နိုင်မည်ဟု ယုံကြည်ကြပါတယ်။ဂင်္ဂါမြစ် နှင့် လက်တက်များသည် မိုးတွင်း၌ ပတ်ဝန်းကျင်ဒေသများကို ရေလွှမ်းမိုးလျက် နုန်းမြေများကို တင်စေသဖြင့် ထိုအရပ်များ၌ မြေဩဇာ အလွန်ထက်သန် ကောင်းမွန်ပြီးလျှင် သန်းပေါင်းများစွာသော လူတို့၏ နေထိုင်စားသောက်မှုကို လွယ်ကူစေပါတယ် ။ ဆန်စပါး၊ ဂျုံ၊ ဝါဂွမ်း၊ ဟင်းခတ် အမွှေး အကြိုင် ၊ ဂုန်လျှော်များ ကောင်းစွာဖြစ်ထွန်းတယ်လို့ဆိုပါတယ်။

ဂင်္ဂါ မြစ်သည် မိုင်ပေါင်း (၁၅၅၇) မိုင်ရှည်လျား၍ မြစ်ဝမှ မိုင် (၇၀၀) ကျော်ဝေးသော ကွန်ပိုမြို့အထိ သင်္ဘောများ ဆန်တက်သွားလာနိုင်ပြီး အိန္ဒိ ယပြည် လွင်ပြင်ကြီး၏ ဗဟိုရေကြောင်း လမ်းမကြီးဖြစ်ပါတယ်။

ကိုးကား-စွယ်စုံကျမ်း

Content Protection by DMCA.com

Leave a Reply

Your email address will not be published.