တင့်ကားပေါ်တွင် တပ်ဖို့ ကြိုးစားဖူးသည့် A-10 ၏ GAU-8 စက်အမြောက်ကြီး အကြောင်း

Article Military

နာမည်ကြီး A-10 Thunderbolt II ခေါ် Warthog လေယာဉ်များကို တင့်ဖျက် လေယာဉ် အဖြစ် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

လေယာဉ်တွင် အဓိကအားဖြင့် GAU-8 လို့ သိကြတဲ့ ၃၀ မီလီမီတာ ရှိတဲ့ ဆုံလည် စက်အမြောက်ကို တပ်ဆင်ထားပြီး စွန့်ပစ် သက်တမ်းကုန် ယူရေနီယမ်များကို အသုံးပြုထားတဲ့ ကျည်များကို အသုံးပြုတာ ဖြစ်ပါတယ်။

ဆိုဗီယက် တင့်ကား များနှင့် သံချပ်ကာ စစ်သည်တင် ယာဉ်များကို သတ္တု စက္ကူများ ကဲ့သို့ အပေါက်များ ဖောက်နိုင်အောင် ဆိုဒါပုလင်းလောက်ရှိတဲ့ စွန့်ပစ် ယူရေနီယမ် ကျည်များကို အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။

A-10 လေယာဉ်မှ အဓိက လက်နက်ဖြစ်တဲ့ ဒီ တင့်ဖျက် စက်အမြောက်၏ စွမ်းဆောင်ရည်ကို ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲအတွင်း မြင်တွေ့ခဲ့ရတဲ့ အမေရိကန် ကြည်းတပ်ဟာ ၎င်းတွင်လည်း အဆိုပါ စက်အမြောက်ကို ရရှိရန် စဉ်းစားခဲ့ပါတယ်။

၁၉၇၀ ခုနှစ်များ နောက်ပိုင်းမှာ အမေရိကန် ကြည်းတပ်ဟာ ၎င်းတို့၏ သက်တမ်းကြာလာပြီဖြစ်တဲ့ ယာဉ်တင် အမြောက်များနှင့် လေယာဉ်ပစ် စက်အမြောက်များနေရာတွင် ပိုမို သစ်လွင်ကာ ထိရောက်တဲ့ လက်နက်များနှင့် အစားထိုးဖို့ ရှာဖွေခဲ့ပါတယ်။

လေကြောင်းရန် ကာကွယ်ရေး အမြောက်သစ် ရှာဖွေမှု ရလဒ်ဟာ ကြည်းတပ်၏ အဲဒီ့အချိန်က နောက်ဆုံးပေါ်ဖြစ်သည့် M1 Abrams ပင်မတိုက်ပွဲဝင် တင့်ကားနှင့် M2 Bradley ခြေလျင်တိုက်ခိုက်ရေး သံချပ်ကာယာဉ်များနှင့် တွဲဖက်ဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လေကြောင်းရန် ကာကွယ်ရေး အမည်အောက်ရှိ ပြိုင်ပွဲ တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ့ DIVAD အစီအစဉ်၏ ပန်းတိုင်မှာ လေ ကြောင်းကာကွယ်ရေးအတွက် ယာဉ်တင် စက်အမြောက်တခုကို ဒီဇိုင်းဆွဲ၊ တည်ဆောက်ပြီး စစ်မြေပြင် ပို့နိုင်ဖို့ ဖြစ်ပါတယ်။

အဲဒီ့စနစ်ဟာ အနိမ့်ပျံလေယာဉ်များကို စက်အမြောက် တပ်ဆင်ထားသည့် ဆုံလည်မှ တဆင့် ဆက်တိုက် ပစ်ခတ်ကာ ရှင်းလင်း နိုင်ရမှာ ဖြစ်ပါတယ်။

စနစ်တွင် အဖွဲ့ငယ် တခုပါဝင်ပြီး ပစ်မှတ်ကို မပစ်ခတ်မီ ခြေရာကောက်နိုင်ရန် ရေဒါခြေရာခံစနစ် ပါဝင်မှာ ဖြစ်ပါတယ်။

GAU-8/A နှင့် Volkswagen Beetle ကားတို့ အရွယ်အစားယှဉ်ပြထားစဉ် (U.S. Air Force photo)

သဘောတရားအရ DIVAD ယာဉ်ဟာ မည်သည့် နေရာကို မဆို သွားနိုင်ပြီး ပုန်းကွယ်ကာ ရန်သူ့လေယာဉ်များ ပေါ်အလာကို စောင့်ပြီး သုတ်သင်နိုင်မှာ ဖြစ်ပါတယ်။

၁၉၈၈ မှ ၁၉၈၉ ထုတ် Janes လက်နက်စနစ်များ စာအုပ်အရ General Electric ဟာ GAU-8 Avenger အား အမေရိကန်၏ အနာဂါတ် လေကြောင်းပစ်ကူ လေယာဉ် A-10 Warthog အတွက် ၁၉၇၀ ခုနှစ်များမှာ ဒီဇိုင်းဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

General Electic တွင် အဆိုပါ GAU-8 ကို လျှင်မြန်စွာ ရွေ့လျားနိုင်ပြီး ပစ်မှတ်များကို ပစ်ခတ်နိုင်ရန် တင့်ကားဆုံလည်များတွင် တပ်ဆင်ဖို့ အကြံအစည် ရှိခဲ့ပါတယ်။

စီမံကိန်း လိုအပ်ချက်အရ ရွေ့လျားနိုင်ရန် M48 Patton ပင်မတိုက်ပွဲဝင် တင့်ကား၏ ကိုယ်ထည်တွင် တပ်ဆင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလက်နက်ဟာ တမိနစ်လျှင် ကျည် ၃၉၀၀ တောင့်နှုန်းဖြင့် အကွာအဝေး ပေ ၄ ထောင်ကို ပစ်ခတ်နိုင်ရမှာ ဖြစ်ပြီး Avenger ဟာ ၎င်း၏ ရေဒါ မြင်ကွင်းအတွင်း မည်သည့်လေယာဉ်ကိုမဆို ခြိမ်းခြောက်နိုင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် General Electrics ၏ အဆိုပါ လေကြောင်းကာကွယ်ရေး ဆုံလည်စနစ်ဟာ DIVAD စီမံကိန်းကာလအတွင်း တိုးတက်မှု မရှိခဲ့ပါဘူး။

M48 Patton နှင့် GAU-8 စနစ် ဂရပ်ဖစ် ပုံ

အဲဒီ့အစား Ford နှင့် General Dynamics ကုမ္ပဏီများဟာ ရှေ့ပြေးပုံစံ ထုတ်လုပ်မှုအတွက် ကန်ထရိုက်များ ပေးအပ်ခြင်းခံရပြီး နောက်ဆုံးမှာ Ford က အနိုင်ရရှိခဲ့ပါတယ်။

M247 Sergeant York လို့ လူသိများတဲ့ Ford ၏ လေကြောင်းကာကွယ်ရေး စနစ်ဟာ GAU-8 Avenger ထက် ပိုမို သမားရိုကျသည့် ပုံစံဖြင့်၊ သိသိသာသာ ပိုမို ပေါ့ပါးပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။

သို့ပေမယ့် ဒီ လေကြောင်းကာကွယ်ရေးစနစ်ဟာ စွမ်းဆောင်ရည် ညံ့ဖျင်းပြီး ကြည်းတပ်နှင့် မိခင် ကုမ္ပဏီတို့ကို အရှက်များစွာ ရစေခဲ့ပါတယ်။

DIVAD စီမံကိန်းဟာ မကြာမီမှာပဲ မအောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး စီမံကိန်းနှင့် Sergeant York လေကာ ရှေ့ပြေးပုံစံတွင် ဒေါ်လာ သန်းချီပြီး ရင်းနှီးမြှပ်နှံမှုကို ရပ်တန့်ခဲ့ပါတယ်။

M247 ဟာ ပစ်မှတ် ဒရုန်းများကို နီးကပ်သည့်နေရာမှာ ပျံဝဲနေသည့်တိုင် ၎င်း၏ ရေဒါဖြင့် လုံလောက်စွာ ခြေရာခံနိုင်ခြင်း မရှိသည်ကို တွေ့ရပါတယ်။

M247 Sergeant York

၁၉၈၅ ခုနှစ်မှာတော့ ကာကွယ်ရေး ဝန်ကြီး Caspar Weinberger ဟာ ဒီမအောင်မြင်တဲ့ စီမံကိန်းကို ဖျက်သိမ်းပြီး ဒုံးကျည်များကသာ လေကြောင်းကာကွယ်ရေး၏ အနာဂတ်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

A-10 များတွင် အသုံးပြုသည့် GAU-8 Avenger စက်အမြောက်ဟာ ယနေ့ ကမ္ဘာတဝှမ်းရှိ ခေတ်သစ် စစ်သင်္ဘောများတွင် တွေ့ရသည့် CIWS စနစ်နှင့် အတော်လေး ဆင်တူပါတယ်။

CIWS များဟာ ရေတပ်သင်္ဘောများဆီသို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်များကို အနီးကပ် ချေမှုန်းကာ သင်္ဘောနှင့် ဝေးရာတွင် ပေါက်ကွဲစေဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

တကယ်လို့ အမေရိကန် ကြည်းတပ်ကသာ Ford ကို မရွေးဘဲ ၃၀ မီလီမီတာ GAU-8 Avenger စက်အမြောက်ကြီးကို တင့်ကားပေါ်တင်မည့် General Electric ၏ စိတ်ကူးကို ရွေးချယ်လိုက်ပါက အတော်ကို အလုပ်ဖြစ်နိုင်ဖွယ် ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.