A-10 Warthog ၏ ပြိုင်စံရှားလက်နက်ဖြစ်တဲ့ AN/GAU-8 Avenger စက်အမြောက်

Military

30mm ရှိတဲ့ AN/GAU-8 Avenger ကို မြေပြင်အနီးကပ်ပစ်ကူနှင့် တင့်ကားများကို ဖျက်ဆီးရန် အတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

GAU-8 ကို ယခင်ကအမေရိကန်လေတပ်မှာအသုံးပြုခဲ့တဲ့ တစ်မိနစ်ကို ကျည် ၃၉၀၀ အထိပစ်ခတ်နိုင်တဲ့ 20mm M61 Vulcan ဒီဇိုင်းလိုပဲ ပြောင်းဝ ၇ ခုနှင့် ဒီဇိုင်းဆွဲထားပါတယ်။

GAU-8 Avenger တော့ 30 mm ရှိတဲ့ လျှပ်စစ်နည်းနဲ့ပြုလုပ်ထားတဲ့ PGU-13/B High Explosive Incendiary HEIကျည် (ဒီကျည်ဟာ HE ကျည်များလိုအလုပ်လုပ်တဲ့အပြင် လောင်ကျွမ်းမှုပါဖြစ်စေပါတယ်) နှင့်

PGU-14/B armor Piercing Incendiary API သံချပ်ကာဖောက်လောင်ကျွမ်းကျည် နှစ်မျိုးကို ပေါင်းစပ် ပစ်ခတ်နိုင်အောင်ထုတ်လုပ်ထားတာပါ။

HEI ကျည်မှ သံချပ်ကာအပျော့စားရှိတဲ့ ယာဉ်များကိုဖျက်ဆီးနိုင်ပြီး API ကျည်ကတော့ အကြီးစားတင့်ကားများကိုပါ အပေါက်တွေဖောက်ပစ်နိုင်တာပါ။

ဒီ ကျည်အမျိုးအစား နှစ်မျိုးလုံးကို သက်တမ်းကုန် ယူရေနီယံ ပေါင်ဝက်စီလောက် ထည့်သွင်း ပြုလုပ်ထားတာပါ။

အမြင့် မီတာ ၁၂၀၀ (ပေ ၄၀၀၀) ကနေ ၂ စက္ကန့်အတွင်း ကို GAU-8 Avenger ကနေ ယူရေနီယံ ၆၅ ပေါင်လောက် ပါတဲ့ ကျည်ပေါင်း ၁၀၀ လောက်ကို ပစ်ခတ်နိုင်ပြီး ပစ်မှတ်ရဲ့ ပေ ၂၀ ဝန်းကျင်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်အထိကို ထိမှန်နိုင်မှာဖြစ်ပါတယ်။

GAU-8 Avenger ကို အမေရိကန်လေတပ်ရဲ့ အနီးကပ်ပစ်ကူလေယာဉ် A-1o Thunderbolt II အတွက်သီးသန့်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် တခြားလေယာဉ်များမှာ မြင်ရမှာမဟုတ်ပါဘူး။

၁၉၇၀ နိုဝင်ဘာလမှာ အမေရိကန်လေတပ်က မြေပြင်ပစ်ကူလေယာဉ်အတွက် 30 mm ကျည်သုံးစက်အမြှောက် လိုအပ် ချက်ကို တင်ပြခဲ့ပြီး ၁၉၇၁ ခုနှစ် ဇွန်လ မှာတော့ General Electric နှင့် Philco Ford ကုမ္ပဏီများဟာ GAU-8 ထုတ်လုပ်ရေးအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီ GAU-8 ထုတ်လုပ်ရေးနှင့်အတူ သံချပ်ကာဖောက် လောင်ကျွမ်းကျည်၊ ပေါက်ကွဲပြင်းလောင်ကျွမ်းကျည်၊ ပေါက်ကွဲပြင်း အား အသင့်အတင့်ရှိ သံချပ်ကာဖောက်ကျည်နှင့် လေ့ကျင့်ရေးကျည် ဆိုပြီး ကျည် ၄ မျိုးကိုပါ ထုတ်လုပ်စေခဲ့ပါတယ်။

GAU-8 ကို ပထမဆုံး လေယာဉ်ပေါ်မှာ တင်ဆောင် ပျံသန်းမှုကို ၁၉၇၄ ဖေဖော်ဝါရီ ၂၆ မှာ စတင်ခဲ့ပြီး ၁၉၇၄ ဇွန်လ ၁၉ ရက်မှာတော့ လေယာဉ်ပေါ်ကနေ ပထမဆုံး ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။

ပျံသန်း လေ့ကျင့်မှု အကြိမ် ၆၀ အတွင်းမှာ GAU-8 ဖြင့် ကျည်ပေါင်း ၃၉,၀၀၀ ကျော် အသုံးပြု စမ်းသပ်ခဲ့ပါတယ်။

GAU-8 ကို အမြင့်ပေ ၁၀၀ မှ ၂၅၀၀၀ အတွင်း၊ အမြန်နှုန်း ၁၃၅ နော်တီကယ်မိုင်မှ ၄၁၅ နောတီကယ်မိုင်းအတွင်း နှင့် လေ ယာဉ်၏ ဦးခေါင်းကို နှိမ့်ပြီးပစ်ခတ်ခြင်း ဦးခေါင်းထောင်ပစ်ခတ်ခြင်း၊ ဦးခေါင်းဘယ်ညာယိမ်း နှင့် လေယာဉ် တပတ်လည် ပြီး ပစ်ခတ်ခြင်း အစရှိသဖြင့် ပျံသန်းမှု ပုံစံမျိုးစုံဖြင့် စမ်းသပ်ခဲ့ပါတယ်။

အစောပိုင်းစမ်းသပ်မှုတွေအောင်မြင်စွာပြီးဆုံးခဲ့ပြီး ပထမဆုံး စမ်းသပ်မစ်ရှင်ဟာလဲ အဆင်ပြေခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှသာ GAU-8 မှာ ပြသနာအနည်းငယ်ရှိခဲ့ပါတယ်။

စမ်းသပ်မှုတွေအရ GAU-8 အတွင်းမှ ကျည်အကြွင်းအကျန် ပြသနာနှင့် စက်အမြောက်မှ ဂတ်စ်များ အင်ဂျင်ကို သက် ရောက်တဲ့ ပြသနာတွေကိုတွေ့ရှိခဲ့ပြီး

အဆိုပါ ပြသနာ ၂မျိုးလုံးကိုဖြေရှင်းပြီးနောက် ပထမဆုံး A-10 လေယာဉ်အမှတ် ၁၆ မှာ တရားဝင် စတင် တပ်ဆင်ပြီး GAU-8 Avenger ရဲ့ နာမည်ကျော် ဇာတ်လမ်းတွေကို စတင်ခဲ့ပါတော့တယ်။

GAU-8 တပ်ဆင်ထားတဲ့ A-10 အနီးကပ်ပစ်ကူ လေယာဉ်ဟာ ကျည်ဆံ ၁၃၅၀ ကို သယ်ဆောင် စစ်ဆင်နိုင်ပြီး ရန်သူ့ ပင်မတိုက်ပွဲဝင် တင်ကားတစ်စီးကို မီတာ ၆၅၀၀ အကွာကနေ မလှုပ်ရှားနိုင်ဘဲ ရပ်တန့်သွားအောင် တိုက်ခိုက်နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *